Home သတင်း ကရင်ပြည်နယ်တွင် ၆ နှစ်အတွင်း လူဦး‌ရေ တစ်သိန်း‌ကျော် တိုးလာ

ကရင်ပြည်နယ်တွင် ၆ နှစ်အတွင်း လူဦး‌ရေ တစ်သိန်း‌ကျော် တိုးလာ

3951

ဧပြီ ၂ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်တွင် ၂၀၁၄ ခုနှစ်၊ ဧပြီ မှ ၂၀၂ဝ ပြည့်နှစ် ဧပြီ ၁ ရက်‌နေ့ထိ ‌ခြောက်နှစ်အတွင်း လူဦး‌ရေ ၁၁၀,၀၀ဝ ‌ကျော်တိုးလာသည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်‌ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနက ဧပြီ ၁ ရက်‌နေ့တွင် ထုတ်ပြန်လိုက်သည်။

၂၀၁၄ သန်း‌ခေါင်စာရင်းအရ ကရင်ပြည်နယ်တွင် ကျား ၇၃၉,၁၂၇ ဦး၊ မ ၇၆၅,၁၉၉ ဦး စုစု‌ပေါင်းလူဦး‌ရေ ၁,၅၀၄,၃၂၆ ဦး ရှိသည်ဟု ထုတ်ပြန်ထားသည်။ အဆိုပါ လူဦး‌ရေ စာရင်းကို အ‌ခြေခံတွက်ချက်မှုများအရ ယခု ၂၀၂ဝ ဧပြီ ၁ ရက်‌နေ့တွင် ကျား ၇၉၀,၀၀ဝ ‌ကျော်၊ မ ၈၂၀,၀၀ဝ ‌ကျော် စုစု‌ပေါင်းလူဦး‌ရေ ၁,၆၁၀,၀၀ဝ ‌ကျော် ရှိသည်ဟု ပြည်သူ့အင်းအားဦးစီးဌာနက ‌ပြောသည်။

သို့‌သော် ၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ် သန်း‌ခေါင်စာရင်း‌ကောက်ယူရာတွင် ကရင်ပြည်နယ်အတွင်းရှိ ‌ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်‌မြေအချို့ မပါဝင်သည့်အတွက် ယခုထုတ်ပြန်သည့် လူဦး‌ရေစာရင်းသည် အတိအကျမဟုတ်ဘဲ အနီးစပ်ဆုံး စာရင်းသာဖြစ်နိုင်‌ကြောင်း သိရသည်။

ကရင်ပြည်နယ်၏ လူဦး‌ရေ စာရင်းသည် နှစ်စဉ် တစ်‌သောင်းနီးပါးတိုးမည်ဖြစ်ပြီး လာမည့် ၂၀၂၁ ခုနှစ်တွင် ၁,၆၂၆,၆၅၆ ဦးရှိမည်ဖြစ်သလို ၂၀၃၁ ခုနှစ်တွင် စုစု‌ပေါင်း လူဦး‌ရေ ၁,၇၂၃,၃၆၈ ဦးရှိမည်ဟု ပြည်သူ့အင်အား ဦးစီးဌာနက ခန့်မှန်းထားသည်။

ယခု ဧပြီ ၁ ရက်‌နေ့တွင် မြန်မာနိုင်ငံ၏ စုစု‌ပေါင်းလူဦး‌ရေမှာ ၅၄,၅၇၆,၀၇၈ သန်းရှိပြီး ရန်ကုန်တိုင်း‌ဒေသကြီး တွင် ၈ ဒသမ ၃၉ (၈.၃၉ )သန်းဖြင့် လူဦး‌ရေးအများဆုံးရှိကာ မန္တ‌လေးတိုင်း‌ဒေသကြီးတွင် ၆ ဒသမ ၅၄ (၆.၅၄) သန်း၊ ရှမ်းပြည်နယ်တွင် ၆ ဒသမ ၄၃ သန်းနှင့် ဧရာဝတီတိုင်း‌ဒေသကြီးတွင် ၆ ဒသမ ၂၇ (၆.၂၇) သန်းဖြင့် အများဆုံး‌နေထိုင်ကြသည်။

လူဦး‌ရေးအနည်းဆုံးမှာ ကယားပြည်နယ်တွင် ၃၃၀,၀၀ဝ ဦး‌ကျော်နှင့် ချင်းပြည်နယ်တွင် ၅၂၀,၀၀ဝ ဦး‌ကျော် ဖြစ်‌ကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။