Home ဆောင်းပါး ကရင်စာပေကိုမည်သို့ သင်ကြားပေးမည်နည်း

ကရင်စာပေကိုမည်သို့ သင်ကြားပေးမည်နည်း

1663

ကရင်စာပေကိုမည်သို့ သင်ကြားပေးမည်နည်း

စရှူခလိန်

လူတိုင်းသည် မိမိလုပ်ဆောင်ရမည့် လုပ်ငန်း များကို ကျွမ်းကျင်စွာ တတ်မြောက်ကြရပါမည်။ မိမိလုပ်သည့်လုပ်ငန်းများ၌ ကျွမ်းကျင်မှုမရှိပါလျှင် ယင်းလုပ်ငန်းသည် တိုးတက်လာစရာ အကြောင်း မရှိချေ။ တိုးတက်လာစရာ အကြောင်းမရှိသောအခါ အောင်မြင်သည့်လုပ်ငန်း မဖြစ်လာတော့သည်မှာ သေချာသည်။ အောင်မြင်မှုမရှိပါလျှင် မျှော်မှန်း ထားသည့် ပန်းတိုင်နှင့် ဝေးပါလိမ့်မည်။

မည်သည့်လုပ်ငန်းမဆို လုပ်ငန်းရှင်များသည် လုပ်ငန်းကျွမ်းကျင်သည့် ဝန်ထမ်းများကိုသာ အလို ရှိကြသည်။ တချို့ဆိုပါလျှင် လုပ်ငန်းအတွေ့အကြုံ ရှိသူ၊ လုပ်ငန်းသက်တမ်း(လုပ်သက်)ရှိသည့်သူ တို့ ကိုသာ လိုချင်ကြသည်။ အကြောင်းမှာ မိမိတို့ လုပ် ငန်းများ၌ အောင်မြင်မှု၊ တိုးတက်မှုကို ရရှိစေလို ခြင်းကြောင့်ပင်ဖြစ်သည်။ လုပ်ငန်းကျွမ်းကျင်မှု မရှိ သောဝန်ထမ်းကို လုပ်ငန်းရှင်တို့သည် မလိုချင်ကြ ပေ။ သို့တွက်ကြောင့် အလုပ်ရုံများ၌ လုပ်ငန်းကျွမ်း ကျင်သော ဝန်ထမ်းများစွာ ပေါ်ပေါက်ဖို့(ရရှိဖို့)လို အပ်နေသည်။

လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းများရရှိရန် အစိုးရက ဝန်ထမ်းပြန်လည် လေ့ကျင့်ရေးများကို ဖွင့်လှစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများကို ခေါ်ယူကာ မိမိလုပ်ဆောင်သည့် အလုပ်ရုံများ၌ မည်သို့မည်ပုံ လုပ်ငန်းများကို လုပ်ဆောင်ရမည်။ အခက်အခဲနှင့် ကြုံလာလျှင် မည်သို့ကိုင်တွယ် ဖြေရှင်းရမည်။ စသည့် လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်တတ်မြောက် ထားရမည့် အတတ်ပညာ လုပ်ဆောင်စရာများကို သင်တန်းတစ်ခု အနေဖြင့်ပြန်လည်လေ့ကျင့်သင်ပြပေး၍ (လေ့ကျင့်ရေးသင်တန်းကျောင်း)ပြုစု ပျိုးထောင်လျက် ရှိသည်ကိုတွေ့ရမည်ဖြစ်သည်။

ထို့တူ မိမိတို့ကရင်လူမျိုးတွင်လည်း ကရင်စာပေ သင်ပြသော ဆရာ/မများကို ကရင်စာပေ သင် ကြားရာတွင် ကျောင်းသူ/သားများကို မည်သို့ချည်း ကပ်သင်ရမည်။ နားလည်ပြီးစိတ်ဝင်စားမှုရှိရန် မည်သို့သင်ပြပေးလျှင် ကောင်းမည်။ ကရင်စာပေကို ကျွမ်းကျင်စွာသင်ကြားပေးနိုင်ရန် စာပေသင် ကြားသူကိုယ်တိုင် မိမိစာပေကို ကျွမ်းကျင်စွာ တတ်မြောက်ထားရမည်။ တန်ဖိုးထားရမည်။ အစရှိသော လိုအပ်သည့် သင်ကြားမှုလုပ်ငန်းဆိုင်ရာ အတတ်ပညာများကို မဖြစ်မနေ တတ်မြောက်ထား ရပါလိမ့်မည်။ ဖြစ်နိုင်လျှင် ပြန်လည်လေ့ကျင့်ရေး သင်တန်းကျောင်းလိုမျိုး ဖွင့်လှစ်ပြီး ပြုလုပ်ပေးသင့် သည်။

ယခုကဲ့သို့ ရေးလိုက်ခြင်းဖြင့် ကရင်စာပေမတတ် ဘဲ ဘယ်သူမှကရင်စာပေကို မသင်ပေးဘူး။ တတ် လို့သာလျှင် သင်ပေးခြင်းဖြစ်သည်ဟု ပြောကြလိမ့် မည်။ မှန်ပေသည်။ ကရင်စာပေမတတ်ဘဲ သင်ကြား ပေးမည်မဟုတ်ပေ။ ကရင်စာပေတတ်မြောက်လို့သာ သင်ကြားပေးကြပါသည်။ သို့သော် ကရင်စာပေတတ် ပြီး သင်ကြားမှုမှာ နည်းစနစ်မမှန်မှုများ ရှိနေ ခြင်းကြောင့် ရေးသားရခြင်းဖြစ်ပါသည်။

ကရင်စာပေကို သင်ပြပေးရာတွင် အခြေခံကရင် စာပေ၏ ဗျည်း၊ သရအက္ခရာများကို စနစ်တကျ မှန်ကန်စွာသင်ပေးရပါမည်။ တချို့မှာ ကရင်စာပေကို သင်ပြရာတွင် ကရင်ဝေါဟာရများကို ကရင်စာပေဖြင့် မရေးဘဲ ကရင်အသံထွက်ကို ဗမာစာနှင့်သာ ရေး သားပေးပြီး သင်ပြပေးလျက်ရှိပါသည်။ အသံထွက် ရေးပေးရုံဖြင့် အလုပ်မဖြစ်ပေ။ လိုအပ်ရင် အသံ ထွက်ရေးပေးရပါမည်။ သို့သော် ကရင်အက္ခရာကို ရေးပေးပါမှ ကရင်အက္ခရာ၊ ကရင်စာဆိုသည်မှာ သိရှိနားလည်ပါလိမ့်မည်။ ကရင်အက္ခရာဖြစ်သော ဗျည်း၊သရများကို အဓိကအခြေခံအားဖြင့် ကြေညက် အောင် ရရှိသင်ပြပေးပြီးလျှင် ရှေ့တက်ပြီး ဗျည်း၊ သရ တွဲစပ်ပုံများကို ဆက်သင်သွားရပါမည်။

ကရင်စာပေသည် သင်ယူရလွယ်ကူသော စာပေ တစ်ခု ဖြစ်ပါသည်။ စာပေသင်ယူသူသည် ကရင် စကားကို တတ်မြောက်ထားခြင်း မရှိပါလျှင် ကရင် စာပေသင်ယူရာတွင် အခက်အခဲတော့ တွေ့ရနိုင် ပါသည်။ မည်သည့်ဘာသာစကား၏ စာပေကိုမဆို (သင်ယူသူက) စကားတတ်ထားလျှင် သင်ရသည်မှာ လွယ်ကူမှုရှိပါသည်။ စကားမတတ်ပါက သင်ပေး ရသည်မှာ နည်းနည်းတော့ခက်မည်။ သို့သော် အင်္ဂ လိပ်စာကို မည်သို့သင်ပေးသနည်း။ လေ့လာသင့်ပေ သည်။ နေ့စဉ်နှင့်အမျှ တိုင်းရင်းသားများသည် မိမိတို့၏ မိခင်ဘာသာစကားနှင့် ဗမာစကားသာလျှင် ပြောဆိုလေ့ရှိကြပါသည်။ ကျောင်းစနေ (စတက်)သည့်အခါမှသာ အင်္ဂလိပ်စာနှင့် စတင်ထိတွေ့ပြီး အင်္ဂလိပ်စာကို သင်ယူကြရလေသည်။ အင်္ဂလိပ်စာကို သင်ကြားရာတွင် ‘အင်္ဂလိပ်စကား’ ကို စတင် သင် ကြားခြင်းမဟုတ်ဘဲ ‘အင်္ဂလိပ်စာပေ’ ကိုသာ စတင် သင်ကြားကြပါသည်။ ကျောင်းသားကလေးများ သည် မူလအင်္ဂလိပ်စကားကို ပြောဆိုတတ်မြောက် ထားခြင်းမရှိချေ။

အင်္ဂလိပ်စကားကို တတ်မြောက်ထားခြင်း မရှိပါ ဘဲ အင်္ဂလိပ်စာပေကို တဆင့်ပြီးတဆင့် သင်ကြားရင်း အင်္ဂလိပ်စာထဲတွင်ပါဝင်သော ကတ္တား၊ ကြိယာ၊ ကံ၊ ဆက်စပ်ပုဒ် စသည့်စည်းကမ်းများကို တဖြည်းဖြည်း နားလည်လာလေသည်။ ကျက်မှတ်သင့်သည့် စကားလုံး ဝေါဟာရနှင့် စည်းကမ်းများကို ကျက်မှတ် ရပါသည်။ ကျက်မှတ်ထားသင့်သည်များကို အလွတ်ရရှိထားသဖြင့် အင်္ဂလိပ်စာထဲရှိ ဝါကျ၊ အနက်၊ အဓိပ္ပာယ်များကို နားလည်လာပါသည်။ သို့သော် အင်္ဂလိပ်စကားကိုတော့ ကောင်းစွာ ပြော နိုင်ခြင်း ရှိမည်မဟုတ်ပေ။ ပညာÓဏ်ထက်မြက် သူများမှာတော့ အင်္ဂလိပ်စကား အပြောအဆိုကို အင်္ဂလိပ်စာပေ သင်ကြားရင်းဖြင့်လည်းကောင်း၊ မိမိ ပတ်ဝန်းကျင်ကို နည်းနာယူ၍သော်လည်းကောင်း၊ (စကားပြောသင်တန်း တက်စရာမလိုဘဲ) ‘အင်္ဂ လိပ်စကား’ ကို ပြောဆိုတတ်မည်ဖြစ်သည်။ ကျွမ်း ကျင်စွာ မပြောနိုင်သည့်တိုင် သင့်တော်ရုံ ပြောဆို တတ်သူများ ဖြစ်လာပါလိမ့်မည်။ အင်္ဂလိပ်စာပေ လည်း တတ်မြောက်ပေလိမ့်မည်။

ကရင်စာပေကို သင်ပြရာ၌ အထက်ပါ အင်္ဂလိပ် စာပေ သင်ပြပေးသောနည်းလမ်းကဲ့သို့ သင်ပြပေး သင့်သည်ဟု ယူဆမိပါသည်။ ထိုနည်းလမ်းကို သင် ကြားပေးခြင်းဖြင့် ကရင်စကားလည်းတတ်မည်။ ကရင်စာပေလည်း တတ်မည်။ တချို့လည်း ယင်းကဲ့ သို့ပင် သင်ပြပေးနေလျက် ရှိမည်ဟု ယုံကြည်ပါ သည်။

ယင်းနည်းလမ်းကိုမှ မနှစ်သက်လျှင် နောက်တစ် နည်း ရှိပါသေးသည်။ ဦးစွာပထမ ကရင်စကားကို သင်ပေးရပါလိမ့်မည်။ ကရင်စကားသင်ပေးလို့ အတော်အတန် တတ်မြောက်ပြီးမှ ကရင်စာပေကို သင်ပေးပါလျှင် (စကားရော၊စာပေပါ)လွယ်ကူစွာ တတ်မြောက်နိုင်ပါသည်။ ဤနည်းလမ်းသည် ပင်ကိုယ်က မိမိ၏မိခင်ဘာသာစကားကို တတ် မြောက်ထားသည်ဖြစ်၍ စာပေကို သင်ပေးလိုက်သည် နှင့် သင်ရလွယ်ကူသလို တတ်မြောက်မှုလည်း မြန် ဆန်ပေလိမ့်မည်။ ယင်းသင်ပြမှု နည်းလမ်းနှစ်မျိုး အပြင် အခြားသောနည်းလမ်းများလည်း ရှိပေလိမ့် မည်။ မည်သည့်နည်းဖြင့် သင်ပေးသည်ဖြစ်စေ စနစ်မှန်ဖို့နှင့် အဓိက ခလေးများ ကရင်စကား နှင့်စာပေ တတ်မြောက်ဖို့က အရေးကြီးလှပေ သည်။

ထို့ပြင် ကရင်ဘာသာ(စကား၊စာပေ)ကို သင်ပြ သော ဆရာ/မများသည် ဖြစ်နိုင်လျှင် စာသင်ခန်း ထဲ ဝင်လိုက်သည်နှင့် ကရင်စကားပြောဖြင့် ကျောင်း သားများကို နှုတ်ဆက်ရပါမည်။ ထို့နောက် စာ မသင်ခင် ကျောင်းသားများကို ကရင်စကားပြောဖြင့် ကျောင်းထဲရှိ တွေ့မြင်ရသော တံခါး(တရန်)၊ တံ မြက်စည်း(နိုဝေ့)၊ သောက်ရေခွက်(ထီးရှူ)စသည် တို့ကိုလည်းကောင်း၊ ကျောင်းသားကိုယ်ပေါ်တွင် ခေါင်း(ခွီ)၊ ဆံပင်(ခိုသွီ)၊ မျက်ခုံး(မေ့ထောင့်)၊ မျက် စိ(မေ့သာ)၊ မျက်တောင်(မေ့ထောင့်)၊ မျက်စိမွေး (မေ့ဆောင်)၊ အတွင်းမျက်စိလုံး(မေ့သာခလူ)၊ နှာ ခေါင်း (နာဖူ)၊ နားရွက်(နတ်)၊ နားရွက်မွေး(နတ် ဆောင်)၊ နားရွက်ပေါက်(နတ်ဖောင်း) စသော လက် တန်း စကားပြောကို ငါးမိနစ်လောက် မေးဖြေလျက် လိုက်ပြီးပြောခိုင်းခြင်းဖြင့်လည်း မြန်မြန်တတ် မြောက်လာနိုင်ပါသည်။

ယခုလိုနွေရာသီ ကျောင်းပိတ်ချိန်တွင်လည်း အနယ်နယ်အရပ်ရပ်ရှိ ကရင်တိုင်းရင်းသားတို့သည် ကရင်စကား၊စာပေနှင့် ယဉ်ကျေးမှုဒုံးအကများကို သင်တန်းဖွင့်ပြီး သင်ပေးကြပေလိမ့်မည်။ မိမိတို့၏ စကား၊စာပေများကို မျိုးချစ်စိတ်ကို အခြေခံလျက် သင်ပြရန်လိုအပ်ပေသည်။ မျိုးချစ်စိတ်ကို အခြေ မခံပါက အလုပ်မဖြစ်ပေ။

အထူးသဖြင့် ကရင်စာပေ သင်ပြသော ဆရာ/မ များသည် ကရင်စကားနှင့် ကရင်စာပေ (နှစ်မျိုး စလုံး)ကို မဖြစ်မနေ တတ်မြောက်ရပါလိမ့်မည်။ ကရင်စာပေသာတတ်ပြီး ကရင်စကားမတတ်ပါက မိမိသင်ပြရမည့် တာဝန်ကျကျေးရွာတွင် မိမိကို ကရင်ခလေးများက ကရင်စကားပြောဆိုလာလျှင် မိမိသည်ကရင်စကားကို မည်သို့ပြန်လည် ပြောဆို နိုင်မည်နည်း။ ကရင်စကား ပြန်မပြောနိုင်ပါက အဆင်ပြေမှု မရှိပေ။ ကျေးရွာကလည်း မိမိကို တစ် မျိုးမျိုး ပြောလာပါလိမ့်မည်။ တစ်မျိုးတော့ အဆင် ပြေနိုင်ပါသည်။ မိမိက ကရင်စာပေသာတတ်ပြီး ကရင်စကားမပြောတတ်သည့် ကျေးရွာသို့တာဝန်ကျ လျှင် ကရင်စာပေကိုသာ သင်ပြပေးရခြင်းကြောင့် အဆင်ပြေလှပါသည်။

သို့သော် ကရင်ကျောင်းသားလေးများက ကရင် စကားကိုလည်း သင်ပေးပါဟု တောင်းဆိုလာလျှင် အခက်တွေ့လိမ့်မည်။ ကရင်ဆရာ/မလုပ်ပြီး ကရင် စကား မတတ်ပါလျှင် မိမိကျောင်းမှာရော၊ ကျေးရွာ ဒေသမှာရော မိမိကိုပြောစရာတွေများစွာနှင့် ရင် ဆိုင်ရပါလိမ့်မည်။ ထို့ကြောင့် ကရင်ဆရာ/မ တစ် ယောက်သည် မဖြစ်မနေ ကရင်စကားနှင့်စာပေကို တတ်ကိုတတ်မြောက် ရပါလိမ့်မည်။ စင်စစ် အစိုးရ ဝန်ထမ်းတစ်ယောက်သည် ဝန်ထမ်းတစ်ယောက်၏ ရှိသင့်ရှိထိုက်သော အရည်အချင်းများ ရှိကိုရှိရပါ မည်။

မိမိတို့ကရင်လူမျိုးသည် ယခုလို အစိုးရကျောင်း များ၌ ကရင်စာပေသင်ကြားခွင့်ရခြင်းမှာ များစွာ ဝမ်းမြောက်ရပါသည်။ မိမိအတွက်အလုပ်တစ်ခု ဖြစ် မြောက်သည်ဟု ခံယူချက်မျိုးမထားရှိဘဲ မျိုးချစ်စိတ် ကို အခြေခံလျက် မိမိတို့အရည်အချင်းကို လေ့လာ ဖြည့်ဆီးရင်း စေတနာ၊ ဝါသနာ၊ အနစ်နာ တည်းဟူ သော နာသုံးနာဖြင့် သင်ပေးရပါလိမ့်မည်။ တစ်ချိန် က မိမိလူမျိုးအတွင်း ကရင်စာပေကို အထင်အမြင် သေးပုံစံဖြင့် ပြောဆိုမှုများပင် ရှိခဲ့ဘူးပါသည်။ “ကရင်စာပေတတ်တော့ ဘာလုပ်လို့ရမှာလဲ၊ ဘယ်မှာ သွားပြီး သုံးမှာလဲ” ဟုပင်ပြောဆိုခဲ့ကြသည်။ သို့ သော် ယနေ့ကရင်စာပေသည် အရာဝင်ပြီး (အသက် မွေးဝမ်းကျောင်း)အလုပ်ကိုပေးနိုင်သည့် အဆင့်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့သည်ကို အားလုံး အသိပင် ဖြစ်သည်။

တကယ်တော့ စကား၊စာပေ တတ်မြောက်ထားပါ လျှင် မည်သည့်မြို့နယ်ဒေသတွင် ကျရောက်ပါစေ ကရင်စာပေသင်ကြားမှု၌ အားလုံးအဆင်ပြေလျက် ရှိပေလိမ့်မည်။ ထို့ပြင် အစည်းအဝေး အခမ်းအနား များ၌ လိုအပ်သည့် အခမ်းအနားအစီအစဉ်များ၊ ဖတ်ကြားမည့် စာတမ်းများကိုလည်း ကရင်ဘာသာလို ဘာသာပြန်ရေးတတ်ရန်လည်း လိုအပ်ပေသည်။ အခြေခံ ကေဂျီတန်းဆိုပါလျှင် မြန်မာကဲ့သို့ ကဗျာ၊ သီချင်းများကိုလည်း ကလေးများအတွက် သီဆို သင်ပြပေးနိုင်ရမည်ဖြစ်သည်ကို အားလုံးအသိပင် ဖြစ်သည်။

စင်စစ် ကရင်စာပေအပါအဝင် တိုင်းရင်းသား စာပေ အားလုံးသည် နှစ်ပေါင်း ၆၀ ကျော် စာသင် ကျောင်းများ၌သင်ကြားမှုမရှိ၊ ပိတ်ပင်ခံထားရသော ကြောင့် ယင်းတိုင်းရင်းသား လူမျိုးကိုယ်တိုင်ပင် မိမိတို့၏စာပေကို တန်ဖိုးထားလေးစားရမှန်း မသိ တော့သလို မိမိလူမျိုးကို ချစ်မြတ်နိုးရမှန်းလည်း မသိကြတော့ပေ။ မျိုးချစ်စိတ်များ၊ ဇာတိသွေး၊ ဇာ တိမာန်များ ဆိုသည်မှာလည်း ခေါင်းပါးလို့လာခဲ့၏။ မိမိတို့၏ မိခင်ဘာသာစကား၊ စာပေများနှင့် ဝေး ကွာလာခဲ့ကြသည်။ တိုင်းရင်းသားတို့၏ စာပေ နှင့် ယဉ်ကျေးမှုသည်လည်း ပျောက်ကွယ်လုမတတ် ဖြစ် ခဲ့ရလေသည်။ ယခုမှ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်း ဆိုင်ရာအားလုံးကို ပြန်လည်ပြုစု ပျိုးထောင်ရုံပင် ရှိသေးသည်။

‘လူမျိုးတစ်မျိုးကို ပျောက်ကွယ်စေချင်လျှင် ယင်းလူမျိုး၏စာပေနှင့် ယဉ်ကျေးမှုကို ဖျက်ဆီး ပိတ်ပင်ထားခြင်းဖြင့် ထိုလူမျိုးပျောက်ကွယ်တော့ ၏’။ သို့တွက်ကြောင့် ယခုလို အခွင့်ကောင်းရလာ သည့်အခါ ကရင်အပါအဝင် မည်သည့်တိုင်းရင်းသား မဆို မိမိတို့၏စကား၊စာပေနှင့် ယဉ်ကျေးမှုကို တန်ဖိုးထား လေးစားရမည်။ ပြန်လည်ဖော်ထုတ် ထိန်းသိမ်းစောင့်ရှောက်ကြရမည်။ မိမိတို့နှင့် မဆိုင် သလို နေလို့မရတော့ပေ။ အားလုံးစုပေါင်းပါဝင်ပြီး လုပ်ဆောင်ကြရမည်။

ထိုကဲ့သို့ တိုင်းရင်းသားစာပေကို နှစ်ပေါင်းများ စွာ ပိတ်ပင်ခံထားရ၍ ယခုအခါမှ ပြန်လည်ပြီး ဖော် ထုတ်သင်ကြားခွင့် ရလာသောအခါ စကား၊ စာပေ ကျွမ်းကျင်မှု၊ အသင်အပြ နည်းပညာအားနည်းမှု စသော အကြောင်းအမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးနှင့် တွေ့ရမည်မှာသေချာသည်။ ယင်းအခက်အခဲတွေကို သီးခံပြီး ဝိုင်းဝန်းဖြေရှင်းကြခြင်းဖြင့် ပြေလည်မှု ရလာလိမ့်မည် ဖြစ်သည်။

ယနေ့ကမ္ဘာကြီးသည်လည်း ဂလိုဘယ်လိုက်ဇေး ရှင်းအရ ကျေးရွာကြီးတစ်ရွာလို ဖြစ်နေပြီးဖြစ်သည်။မိမိတို့ဧည့်ခန်းထဲတွင် ထိုင်နေရင်းဖြင့် တကမ္ဘာ လုံးကို အသံရောရုပ်ပါ တီဗွီဖန်သားပြင်ကနေ မြင် နေရသည်။ စက္ကန့်အတွင်း မိမိရုံးခန်းထဲတွင် အီး မေလ်စာကို ပို့နိုင်သည်။

ဖတ်ရှုနိုင်သည်။ ကိုရိုနာဗိုင်းရပ်ပိုးရောဂါသည်ပင် ကမ္ဘာ့နိုင်ငံများစွာသို့ ပြန့်ပွားရောက်ရှိကုန်ပြီ။ မိမိဘာသာ အေးဆေးနေလို့ မရတော့ဘဲ အားလုံးချိတ်ဆက်လို့နေသည်။ ကမ္ဘာ ကြီးတွင် ဖြစ်ပေါ်နေသည့် အကောင်းအဆိုး (ဒု စရိုက်မှု)မှန်သမျှကို မြင်နေကြရသည်။ မကောင်း သည့်အရာများကို မယူမိဘို့ ကောင်းသည့်အရာများ ကို ယူမိဘို့လိုပေသည်။ နည်းပညာ၏ တိုးတက်မှု သည် ယနေ့နှင့်နက်ဖန် မတူတော့ပေ။ တစ်နေ့ထက် တစ်နေ့ အသစ်အဆန်းတွေက မြန်ဆန် ထွက်ပေါ် လျက်ရှိသည်။ လောကလူသားများသည် နည်းပညာ ၏ သားကောင်သဖွယ်ဖြစ်နေ၏။ နည်းပညာနောက် ကို မလိုက်နိုင်သော လူမျိုးသည် နောက်ကျကျန်ရစ် လိမ့်မည်။

ထိုနည်းပညာများကြောင့် ပြည်ပယဉ်ကျေးမှု သည်လည်း မိမိနိုင်ငံထဲသို့ အဆက်မပြတ် တိုးဝင် လာလျက်ရှိနေသည်။ တဖြည်းဖြည်း လွှမ်းမိုးလို့လာ သည်။ ယခုလို စာပေနှင့်ယဉ်ကျေးမှုများ တိုးတိုက် မိနေသည့်ခေတ်တွင် မိမိတို့၏စာပေနှင့် ယဉ်ကျေးမှု ကို မထိန်းသိမ်းနိုင်ပါလျှင် အများစာပေနှင့် ယဉ် ကျေးမှုက မိမိစာပေနှင့်ယဉ်ကျေးမှုကို ဝါးမြိုသွားပြီး ပျောက်ကွယ်သွားပါလိမ့်မည်။ ထိုအခါ မိမိလူမျိုး လည်း ပျောက်ကွယ်လာလိမ့်မည်။ ထို့ကြောင့် မိမိ တို့၏လူမျိုး မပျောက်ကွယ်ဘို့ စကားစာပေနှင့် ယဉ် ကျေးမှုကို လေ့လာလိုက်စားရမည်။ ထိန်းသိမ်း စောင့်ရှောက်ရမည် ဖြစ်သည်။

စရှူခလိန် (ထီးတာကလုန်)