Home သတင်း COVID-19 ကူးစက်ခံရသူနေထိုင်သည့် တိုက်ကို ဝင်ထွက်သွားလာမှု ကန့်သတ်

COVID-19 ကူးစက်ခံရသူနေထိုင်သည့် တိုက်ကို ဝင်ထွက်သွားလာမှု ကန့်သတ်

466

မတ် ၂၇ ရက်၊ ၂၀၂၀ ပြည့်နှစ်။ ကေအိုင်စီ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ ၁၀၁ လမ်းရှိ COVID-19 ကူးစက်ခံရသူ အတည်ပြု လူနာနေထိုင်သည့် အမှတ် (၁၁၈) ရှစ်ထပ်တိုက်အိမ်ကို မတ် ၂၇ နေ့နံနက် ပိုင်းတွင် သက်ဆိုင်ရာက ဝင်ထွက် သွားလာခွင့်ကန့်သတ်လိုက်ပြီးဖြစ်သည်ဟု လမ်းအတွင်းနေထိုင်သူ တစ်ဦးက ပြောသည်။

အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံရသူ အသက် ၆၉ နှစ်အရွယ် အမျိုးသားသည် သြစတြေးလျနိုင်ငံတွင် တစ်လခန့် ကင်ဆာရောဂါ သွားရောက်ကုသခဲ့ပြီး မြန်မာနိုင်ငံသို့ အပြန်တွင် စင်ကာပူနိုင်ငံ၌ ၄ ရက်ခန့် နေထိုင်ခဲ့ကြောင်း၊ မတ် ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လာပြီး၊ မတ် ၁၈ ရက်နေ့တွင် လည် ချောင်းနာ၊ ဖျားနာ၊ ချောင်းဆိုးခြင်း ရောဂါ လက္ခဏာခံစားခဲ့ရသဖြင့် မတ် ၂၅ ရက်နေ့တွင် ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် ကုသမှုခံယူခဲ့ပြီး ဓါတ်ခွဲ စစ်ဆေးရာ COVID-19 ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ် ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိ ၁၀၁ လမ်းအတွင်းသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ စည်ပင်သာယာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး လိုအပ်သည့် ကာကွယ်ရေးလုပ်ငန်း များကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အတူ လုပ်ဆောင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၇ ရက်နေ့နံနက်အထိ ဓာတ်ခွဲစစ်ဆေးမှုအဖြေအရ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့သူ ငါးဦး ရှိသွားပြီဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။