Home သတင်း ဖားအံအုန်းတပင် လက်ပစ်ဗုံးပေါက်ပြီး သေဆုံးသူမှာ လက်နက်ကိုင်အဖွဲ့နှင့် ဆက်စပ်မှု ရှိမရှိ ဆက်လက်စုံ စမ်းနေ

ဖားအံအုန်းတပင် လက်ပစ်ဗုံးပေါက်ပြီး သေဆုံးသူမှာ လက်နက်ကိုင်အဖွဲ့နှင့် ဆက်စပ်မှု ရှိမရှိ ဆက်လက်စုံ စမ်းနေ

4658

မတ်လ ၂၅ ရက်၊ ၂၀၂၀ ပြည့်နှစ်။ စောရှား

ကရင်ပြည်နယ်၊ ဖားအံမြို့အရှေ့ဖက်ခြမ်းရှိ အုန်းတပင်ရွာ၌ ယမန်နေ့(မတ် ၂၄)က လက်ပစ်ဗုံးပေါက်ကွဲပြီး သေဆုံးသွားခဲ့သည့် ဦးဥာဏ်မြင်ဆိုသူမှာ လက်နက်ကိုင်အဖွဲ့အစည်းနှင့် ဆက်စပ်မှုရှိ မရှိ ဆက်လက်စုံစမ်း စိစစ်နေဆဲဟု ကရင်ပြည်နယ် ရဲမှူးကြီးအောင်မြတ်မိုးက ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့က လက်ပစ်ဗုံးစနက်တံပြုတ်ပြီး ပေါက်ကွဲမှုဖြစ်စဉ်တွင် ဦးဥာဏ်မြင့်မှာ ချက်ချင်းသေဆုံးပြီး ဘေးနားရှိ သူ၏သမီး နန်းမြင့်မြင့်ဌေးကလည်း ဆေးရုံသို့ရောက်ရှိစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“စိစစ်ဆဲပါ။ လက်ပစ်ဗုံးဖောက်ခွဲတဲ့လူကလည်း ချက်ချင်းသေတယ်။ ဘေးက သူ့သမီးကလည်း ဆေးရုံမှာ သေသွားတယ်။ အနီးစပ်ဆုံးမြင်တွေ့တဲ့သူကလည်း မရှိဘူး။ ကိုက် ၁၅၀ လောက်မှာရှိတဲ့ သူ့ဇနီးကလည်း အသံ ကြားမှ သိတယ်ဆိုတော့။ ကျနော်တို့ လိုက်လံရှာဖွေမေးမြန်းနေပါတယ်။”ဟု ရဲမှူးကြီးအောင်မြတ်မိုးက မတ်လ ၂၅ ရက်(ယနေ့)တွင် ပြောသည်။

ဦးဥာဏ်မြင့်သည် မိန်းမနှင့်ကွဲနေသည်မှာ ၅ နှစ်ခန့်ရှိခဲ့ပြီး လွန်ခဲ့သော ရက်ပိုင်းကမှ ထိုင်းနိုင်ငံမှ အုန်းတပင်ရွာ သို့ ပြန်လည်ရောက်ရှိခဲ့ကာ အသောက်အစားရှိသလို မိသားစုဝင်များကိုလည်း အမြဲလိုလိုရန်ရှာတတ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်ပွားခဲ့သည့် အိမ်ဘေး၌ အနီးစပ်ဆုံးရှိနေခဲ့သော စောခိုလာက “ သစ်စက်ပေါ်မှာ အိပ်နေတုန်း ဝုန်းကနဲ အသံကြားတာနဲ့ လန့်ပြီး ခုန်ချလိုက်တယ်။ နောက်မှ အိမ်ပေါ် တက်ကြည့်တော့ ဗုံးပေါက်ကွဲပြီး သားအဖ နှစ်ယောက်လှဲနေတာတွေ့တယ်။ အဖေဖြစ်သူ အကြောင်းလည်း သေချာမသိတော့ လက်နက်ကိုင်အဖွဲ့နဲ့ ဆက် စပ်မှု ရှိမရှိကတော့ ပြောမတတ်ပါဘူး။” ဟုပြောသည်။

သေဆုံးသွားခဲ့သူ အသက် ၂၄ နှစ်အရွယ် အကြီးဆုံးသမီး နန်းမြင့်မြင့်ဌေးမှာ အထက်တန်းပြ ဆရာမအဖြစ် ဖားအံမြို့နယ် နောင်ပလိန်ကျောင်း၌ တာဝန်ထမ်းဆောင်နေသူဖြစ်ကာ အေးအေးဆေးဆေးနေ တတ်သူဖြစ် ကြောင်းလည်း စောခိုလာက ဆက်ပြောသည်။

ဦးဥာဏ်မြင့်တွင်ရှိနေခဲ့သော လက်ပစ်ဗုံးမှာ ထိုင်းနိုင်ငံမှ ပြန်လာကတည်းက ပါလာသည်ဟု ယူဆနေကြပြီး အုန်းတပင်ရွာဇာတိမဟုတ်သော သူ့အကြောင်းကို အသေအချာမသိရှိကြောင်း အုန်းတပင်ရွာသားများက ပြောသည်။