Home သတင်း ထိုင်းအစိုးရ အရေးပေါ်စီမံချက်ထုတ်ပြီးနောက် နေရပ်ပြန်မြန်မာလုပ်သားဝင်ရောက်မှု သိသိသာသာလျော့နည်း

ထိုင်းအစိုးရ အရေးပေါ်စီမံချက်ထုတ်ပြီးနောက် နေရပ်ပြန်မြန်မာလုပ်သားဝင်ရောက်မှု သိသိသာသာလျော့နည်း

1233
Photo: Nay Naw

မတ်လ ၂၉ ရက်၊ ၂၀၂၀ ပြည့်နှစ်။ နေနော်

ထိုင်းနိုင်ငံ အစိုးရအဖွဲ့၏ Covid-19 ကူးစက်ပြန့်ပွားမှု ထိန်းချုပ်သည့်အနေဖြင့် ခရီးသွားလာမှုဆိုင်ရာ ကန့်သတ် ချက်များအပါအဝင် မတ်လ ၂၆ ရက်နေ့တွင် စတင်သက်ရောက်သည့် အရေးပေါ်စီမံချက် ထုတ်ပြန်ပြီးသည့် နောက်မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ် (၂)တံတားမှတဆင့် ထိုင်းနိုင်ငံ ဒေသအသီးသီးမှ နေရပ်ပြန်မြန်မာ ရွှေ့ပြောင်းလုပ်သား ပြန်လည်ဝင်ရောက်လာမှုမှာ သိသိသာသာ လျော့နည်းသွားကြောင်း တာဝန်ရှိသူများက ပြောသည်။

ထိုင်း-မြန်မာနယ်ခြား မြဝတီ-မဲဆောက် အမှတ်(၁)ချစ်ကြည်ရေးတံတားကို ပိတ်လိုက်ပြီးနောက် အမှတ်(၂) ချစ် ကြည်ရေးတံတားမှတဆင့် ထိုင်းနိုင်ငံ ဒေသအသီးသီးမှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားဝင်ရောက်လာမှု မှာ မတ်လ ၂၁ ရက်မှစ၍ မတ်လ ၂၆ ရက်နေ့ထိ ၆ ရက်အတွင်း စုစုပေါင်း လူဦးရေ ၃၀,၂၁၃ ဦးထိရှိပြီး တစ်ရက် လျှင် ပျမ်းမျှလူဦးရေ ၅,၀၀၀ ခန့်ထိ ရှိခဲ့သည်။

သို့သော် မတ်လ ၂၇ ရက်နေ့တွင် ၁,၀၇၆ ဦး၊ မတ်လ ၂၈ရက်နေ့တွင် ၁,၆၇၄ ဦးနှင့် ယနေ့ (မတ်လ ၂၉ ရက်) နံနက် ၁၁ နာရီထိ လူဦးရေ ၅၈၀ ဦးသာ ဝင်ရောက်လာပြီး ၈၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားကြောင်း တာဝန် ရှိသူများက ပြောသည်။

မတ်လ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံအစိုးရအဖွဲ့မှ Covid-19 ကြိုတင် ကာကွယ်ရေး အရေးပေါ်စီမံချက် ထွက်ရှိပြီး နောက် ခရိုင်အလိုက် နယ်မြေဖြတ်ကျော်ကန့်သတ်ချက်များအပြင် ထိုင်းနိုင်ငံအတွင်းရှိ ပြေးဆွဲ နေသော မော်ယာဉ်လိုင်းများနှင့်ကားဂိတ်များကို ပိတ်ထား၍ နေရပ်ပြန် မြန်မာလုပ်သားများအနေဖြင့် သွားလာမှုတွင် အခက်အခဲများရှိလာသည်ဟု သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဟိုင်းယိုင်မြို့မှ ပြန်လာသူ အမျိုးသမီးတစ်ဦးက “ထိုင်းမှာက အခုနောက်ပိုင်း ကားလက် မှတ်တွေ ဝယ်လို့ မလွယ်တော့ ပါဘူး။ ကျမ အခုပြန်လာတာက ဒီမဲဆောက်အထိ တိုက်ရိုက်ကားစီးပြီး ပြန်လာ တာမဟုတ်ဘူး။ ကြားမြို့တွေကနေ အဆင့်ဆင့် ကားစီးပြီး လာရတယ်” ဟု ပြောသည်။

Photo: Nay Naw

မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ်(၂)တံတားမှ ဝင်ရောက်လာသော နေရပ်ပြန် မြန်မာလုပ်သားများကို မြန်မာ ဘက်ခြမ်း BCF ဇုန်တွင် အပူချိန်တိုင်းတာခြင်းနှင့်ကျန်းမာရေးအရ စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ ယနေ့ မတ်လ ၂၉ ရက်နေ့တွင်လည်း ကြိုဆိုလက်ခံလျက်နေဆဲဖြစ်သည်။

“နောက်ပိုင်းမှာ ထိုင်းရောက်မြန်မာလုပ်သားတွေကို ပြန်လည်လက်ခံရာမှာ ထိုင်းဘက်ခြမ်းကနေ ကျန်းမာရေး စစ်ဆေးပြီးကြောင်း ထောက်ခံချက်ပါမှသာ လက်ခံသွားမယ်။ အဲ့ဒီအတွက်လည်း ထိုင်းဘက်ခြမ်းက တာဝန်ရှိ သူတွေနဲ့ ညှိနှိုင်းမှုအရ သဘောတူညီမှုရရှိထားပြီး ဖြစ်ပါတယ် ” ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် က ပြောသည်။

ထိုင်းနိုင်ငံတွင် ယနေ့ (မတ်လ ၂၉ ရက်) ထုတ်ပြန်ချက်အရ Covid-19 ကူးစက်သူ ၁,၃၈၈ ဦးတွင် သေဆုံးသူ ၇ ဦးထိရှိလာ၍ နိုင်ငံတွင်းရှိ ခရိုင်ပေါင်း ၇၇ ခရိုင်ရှိသည့်အနက် မြန်မာလုပ်သားအများစုရှိသည့် ခရိုင် ၆ ခုတွင် နယ်မြေဖြတ်ကျော် သွားလာခြင်းများကို ကန့်သပ်ထားသလို စက်ရုံအလုပ်ရုံများ၊ ကုန်တိုက်များနှင့် စားသောက် ဆိုင်တစ်ချို့မှာ ပိတ်ထားခြင်းကြောင့် နောင်အခါ အခက်အခဲဖြစ်မည်ကို စိုးရိမ်၍ မြန်မာပြည်သို့ ပြန်လာခြင်းဖြစ် သည်ဟု နေရပ်ပြန် မြန်မာလုပ်သားများ၏ ပြောကြားမှုအရ သိရသည်။