Home သတင်း မငြိမ်းချမ်းသည့် အကြောင်းရင်းသိမှ ပဋိပက္ခဖြေရှင်းနိုင်မည်ဟု KNU ပြော

မငြိမ်းချမ်းသည့် အကြောင်းရင်းသိမှ ပဋိပက္ခဖြေရှင်းနိုင်မည်ဟု KNU ပြော

539

ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၀ ခုနှစ်။ စောရှား

မငြိမ်းချမ်းမှုများ ဖြစ်တည်လာရသော အဓိကအကြောင်းအရင်းကို သိရှိမှသာ ဖြေရှင်းရမည့် ဖြေရှင်းပုံကို သိရှိနိုင်မည်ဟု KNU-ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက ပြောဆို လိုက်သည်။

ဖေဖော်ဝါရီ ၁၆ ရက်(ယမန်နေ့)က ကရင်ပြည်နယ်၊ ဖားအံတက္ကသိုလ်၌ ပြုလုပ်သော ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ ဖြေရှင်းခြင်းဆိုင်ရာ ဆွေးနွေးပွဲတွင် တက်ရောက်အမှာစကားပြောကြားရာတွင်၎င်းက အခုလို ထည့်သွင်း ပြောဆို လိုက်ခြင်းလည်း ဖြစ်သည်။

ပဒိုစောလှထွန်းက “မြန်မာနိုင်ငံရဲ့ ရှိနေတဲ့ မငြိမ်းချမ်းမှုတွေကို ငြိမ်းချမ်းအောင်လုပ်ဆောင်တဲ့နေရာမှာ ရင်ဆိုင် ဖြေရှင်းရမယ့် ပဋိပက္ခပေါင်းများစွာရှိနေပါတယ်။ ဖြစ်ပေါ်လာတဲ့အကြောင်းရင်းကိုသိပြီး တွေ့ဆုံညှိနှိုင်း အဖြေ ရှာဆွေးနွေးမှသာ အောင်မြင်မှာဖြစ်တယ်။”ဟု ပြောသည်။

ဒီမိုကရေစီစနစ်ဆိတ်သုဉ်းမှုနှင့် နှစ်ပေါင်း ၆၀ ကျော်အုပ်စိုးလာခဲ့သော စစ်အာဏာရှင်စနစ်ကြောင့် တိုင်းရင်း သားအခွင့်အရေးဆုံးရှုံးမှုများသည် မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခအပါအဝင် ပြည်တွင်း ပဋိပက္ခများ ဖြစ် တည်လာရသည့် အဓိက အခြေခံအကြောင်းအရင်းပင်ဖြစ်ကြောင်း ပဒိုစောလှထွန်းက ဖြည့်စွက် ပြောသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)မှ ကြီးမှူးပြီး ‘ငြိမ်းချမ်းရေးနှင့်လူငယ်များ’ အစီအစဉ်မှ ပြုလုပ်သော ယမန်နေ့ဆွေးနွေးပွဲတွင် လူငယ်များ၏အခန်းကဏ္ဍ၊ ငြိမ်းချမ်းရေးကြိုးပမ်းမှုခရီးစဉ်နှင့် လုပ်ငန်းစဉ်နောက်ဆုံး အခြေအနေများကို ဆွေးနွေးဝိုင်းဖြင့်ပြုလုပ်ခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်၏ အား နည်းချက်၊ အားသာချက်အား သုံးသပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲသို့ KNUမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း၊ ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီဝင်များ၊ ဖားအံတက္ကသိုလ်၊ Learning Centerများ နှင့် ဖားအံပညာရေးကောလိပ်မှ ဆရာ/မ၊ ကျောင်းသား/သူများ စုစုပေါင်း ၁၀၀ ဦးကျော် တက်ရောက်ခဲ့သည်။

တနသာင်္ရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မိချောင်းသိုက်ရွာမှ ဖားအံမြို့၊ ဇွဲကပင်မြေ(Learning Center)၌ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသူတစ်ဦးက “လက်နက်ကိုင်တိုင်းရင်းသားတွေလိုချင်တာက ဘယ်လိုငြိမ်းချမ်းရေးမျိုးလဲ၊ အစိုးရက ဘယ်လိုငြိမ်းချမ်းရေးမျိုးကို ပေးတာလဲ။ သူတို့ နှစ်ခုရဲ့ သဘောထားနဲ့ နားလည်မှုမတူဘူးဆိုရင်တော့ ငြိမ်းချမ်းရေးက ရလာမှာမဟုတ်ဘူး။ တိုင်းရင်းသားလိုချင်တဲ့ point(အချက်)နဲ့ အစိုးရပေးနိုင်တဲ့ point တူညီမှ ငြိမ်းချမ်းရေးရလာမယ်လို့ ထင်တယ်။”ဟုပြောသည်။

KNUမှ တာဝန်ရှိသူများအနေဖြင့် ဖားအံတက္ကသိုလ်၌ ပြုလုပ်သော ပွဲများသို့ တက်ရောက်လာခြင်းမှာ ယခု ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ပဒိုစောလှထွန်းထံမှ သိရသည်။