စအယ်ဆူးခလိမ်(မြစ်ဝကျွန်းပေါ်)
ယခုနှစ် သလေး ထိုင်ခုတ်ဖို ပြာသိုလဆန်း (၁)ရက်နေ့မှာ ကျရောက်တဲ့ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးအနောက်စုကျေးရွာမှာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးကဦးဆောင်ပြီး တိုင်းဒေသကြီးအဆင့် ကျင်းပခဲ့ပါတယ်။ စာရေးသူက ဖိတ်ကြားခံရတဲ့ ပရိဿတ်တစ်ဦးအနေနဲ့ တက်ရောက်ခဲ့ပါတယ်။ ဒီလို ကရင့်နှစ်သစ်တစ်ခုရဲ့ နေ့သစ်မနက်ခင်းမှာ ကရင်အမျိုးသားတစ်ယောက်အနေနဲ့ တက်ရောက်ခွင့်ရတာ ဝမ်းမြောက်ဝမ်းသာဖြစ်ရသလို ကရင်မိဘပြည်သူ အပေါင်းနှင့် တကွ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်အပါအဝင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများအားလုံး၊ စစ်တိုင်းမှူး၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဌာနဆိုင်ရာဝန်ထမ်းများပါမကျန် စုံညီစွာ တက်ရောက်အားပေးတဲ့အထိ ကြီးမားစည်ကားတဲ့ပွဲတော်ကြီး ဖြစ်နေလေတော့၊ ဒီလိုပွဲမျိုးကိုကျင်းပနိုင်ခဲ့တဲ့အတွက် ချီးမွှမ်းဂုဏ်ယူစရာဖြစ်ပါတယ်။
စာရေးသူအတွက် တခြားပိုပြီးကျေနပ်ဝမ်းမြောက်စရာကောင်းတာက နှစ်သစ်ကူး ကျင်းပတဲ့ ပတ်ဝန်းကျင်အနှံ့မှာ အမှိုက်ပုံးလေးတွေကို စနစ်တကျ အစီအရီလုပ်ပေးထားတာပဲဖြစ်ပါတယ်။ ဒါတင်မက အမှိုက်ပုံးရဲ့အပေါ်မှာ အမှိုက်ပုံးဆိုုတဲ့ စားလုံးကြီးတွေနဲ့ သိသာထင်ရှားစွာရေးထားတာကိုကလည်း သဘာဝ ပတ်ဝန်းကျင်သမားတစ်ယောက်အနေနဲ့ စာရေးသူ အလွန်သဘောကျခဲ့ရပါတယ်။
အမှိုက်ဆိုတာက အမှိုက်ပုံမရောက်မီ စွန့်ပစ်ပစ္စည်းဖြစ်ပြီး အမှိုက်ပုံ(သို့မဟုတ်)အမှိုက်ပုံးထဲသို့ ရောက်သောအခါ ”အမှိုက်”ဖြစ်သွားရောလို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေပြောနေတာကိုတော့ စာရေးသူ မကြာခဏ ကြားရပါတယ်။ ဒါပေမဲ့စာရေးသူအနေနဲ့ပြောရရင်အမှိုက်ဆိုတာ သူ့မူရင်းအတိုင်း အမှိုက်လို့ပဲ ခေါ်ခေါ်၊ စွန့်ပစ်ပစ္စည်းလို့ပဲခေါ်ခေါ် အဓိပ္ပါယ်က အတူတူပါပဲ။ အကြောင်းကတော့ စကားလုံးအသုံး အနှုန်းတွေထက် အမှိုက်ပြဿနာကို ပိုအလေးထားသင့်တယ်ထင်လို့ပါ။ ပြီးတော့ ဒီအမှိုက်တွေဟာ စာရေးသူတို့ လူသားတွေကပဲ မလိုအပ်တော့လို့ စွန့်ပစ်လိုက်တဲ့ အညစ်အကြေး တွေအပါအဝင် လူ့အသုံးအဆောင် ပစ္စည်းအဟောင်းအပျက်တွေဖြစ်နေလို့ပါပဲ။ ဒါကြောင့် လူတိုင်းက အမှိုက်နဲ့ ကင်းတယ်ဆိုတာမရှိကြပါဘူး။ လူတိုင်းက ဝတ်ရ၊ နေရ၊ စားရ၊ သောက်ရ၊ သုံးစွဲကြရ။ ပြီးတော့ နောက်ဆုံး မလိုအပ်တော့တဲ့အခါ၊ မသုံးစွဲချင်တော့တဲ့အခါ စွန့်ပစ်လိုက်ကြရတာပါပဲ။
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဆိုတာကလည်း ကျေးရွာအဆင့်နဲ့လုပ်ရင်တောင် လူဦးရေက ရာနဲ့ချီပြီးတက်ကြတာလေ။ မှတ်မှတ်ရရပါပဲ။ စာရေးသူတို့ငယ်စဉ်က ဧရာဝတီတိုင်းထဲက မြို့နယ်တစ်မြို့နယ်ရဲ့ ရွာကြီးတစ်ရွာမှာ မြို့နယ်အဆင့်ကရင်အမျိုးသားနှစ်သစ်ကူးကျင်းပခဲ့တာ လူဦးရေက သိန်းနဲ့ချီပြီး တက်ရောက်ကြတာပါ။ သေချာတာတစ်ခုကတော့ အဲလိုလူများများရှိလေ အမှိုက်များများစုပုံနေလေလေပါပဲ။ အဲဒီနှစ်မှာ စာရေးသူတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကြီးကို ဆင်နွှဲခဲ့ကြတာပေါ့။ တစ်နေ့တာ ဆင်နွှဲပြီးတာနဲ့ နှစ်သစ်ကူးက ပြီးသွားတယ်။ပွဲပြီးမီးသေဆိုသလိုပဲ ဘာဆိုဘာမှမကျန်တော့ပါဘူး။ လူတွေကလည်း ကြက်ပျောက်ငှက်ပျောက်ဆိုသလို တစ်ယောက်မှမရှိကြတော့ဘူး။ ကျန်နေခဲ့တာက တစ်ခုပဲရှိတယ်။ အဲဒါကတော့ ကရင်နှစ်သစ်ကူးဆိုင်းဘုတ်နဲ့ တခြားနှစ်သစ်သကေင်္တတွေကြားထဲက ဗရပွဖြစ် နေတဲ့စက္ကူ၊ ပလပ်စတစ်စတဲ့ အမှိုက်သရိုက်တွေပါပဲ။ အချိန်အတော်ကြာတဲ့အထိ ဘယ်သူကမှ အဲဒီအမှိုက်တွေကို မရှင်းလင်းဘဲ အဲဒီအတိုင်းပဲ ရှိနေခဲ့တာပါ။ မြင်မကောင်းရှုမကောင်းလောက်အောင် အမှိုက်နဲ့ အညစ်အကြေးတွေက ပလူပျံနေတာပါပဲ။ အနံ့အသက်တွေက တထောင်းထောင်း၊ ခြင်တွေ၊ယင်တွေက တလောင်းလောင်းနဲ့ပေါ့။
အခုတော့ အဲဒီဒေသရဲ့ကရင်အမျိုးသားနှစ်သစ်ကူးနေ့ရဲ့ ပတ်ဝန်းကျင်အခြေအနေတွေက တစ်မျိုးပြောင်းခဲ့ပါပြီ။ပြောင်းလဲချိန်တန်လို့နဲ့တူတယ်၊ ကရင်အမျိုးသားတွေလည်း အမှိုက်သိမ်းစနစ်တွေကို စနစ်တကျလုပ်လာတာတွေ့ရတယ်။ အများသုံးသန့်စင်ခန်းတွေ ဆောက်လုပ်ပေးထားကြတယ်။ အများသုံး သန့်စင်ခန်းဆိုတဲ့ဆိုင်းဘုတ်နဲ့ လမ်းညွှန်တွေလည်း အများမြင်သာအောင် ထောင်ထားပေးလာကြတယ်။ ယခု တိုင်းဒေသကြီးအဆင့်ပွဲမှာ အမှိုက်ပုံးတွေလည်း ထားပေးထားရုံမက အမှိုက်ပုံးဆိုတဲ့ဆိုင်းဘုတ်ပါတပ် ထားပေးလိုက်လေတော့ တက်ရောက်လာတဲ့ ကရင်ညီအစ်ကိုမောင်နှမတွေက ဒီအမှိုက်ပုံးမှာပဲ အမှိုက်ပစ်ကြရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့တာဝန် တစ်ခါတည်း ပါသွားတာပေါ့။
နှစ်သစ်ကူးနေ့တွေမှာတွေ့ရလေ့ရှိတဲ့အမှိုက်တွေက အိမ်ထောင်စုသုံးပစ္စည်းတွေနဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေပါပဲ။ ဒီအမှိုက်တွေဟာ ချေဖျက်ရလွယ်တယ်။ ကြေမွပျက်စီးလွယ်ပါတယ်။ Biodegradable ဖြစ်လွယ်တယ်ပေါ့။ စက်ရုံကထွက်တဲ့ Industrial waste တွေလို ကြေပျက်ပျက်စီးဖို့ခက်ခဲပြီး ဓာတုပစ္စည်းတွေနဲ့ ဘေးဥပဒ်အကြီးကြီးတွေဖြစ်စေတာမျိုးတော့မဟုတ်ပါဘူး။ ပြီးတော့ လူတိုင်းက ဒီအမှိုက်တွေကို တစ်ပိုင်တစ်နိုင်အနေနဲ့တောင် လွယ်လွယ်ကူကူနဲ့ လုပ်ဆောင်ပေးလို့ရပါတယ်။ အရေးကြီးတာက အမှိုက်ကိုစနစ်တကျစွန့်ပစ်နိုင်အောင် အမှိုက်ခြင်းသို့မဟုတ် အမှိုက်ပုံးတွေကို စီစဉ်ပေးထားဖို့နဲ့ အမှိုက်ပစ်တဲ့လူကလည်းအမှိုက်ခြင်းထဲမှာ စနစ်တကျ စွန်ပစ်ဖို့ပါ။
တကယ်တော့ အမှိုက်အားလုံးနီးပါးဟာ အဓိကကတော့ လူတွေဆီကလာတဲ့အရာတွေပါပဲ။ ပတ်ဝန်းကျင်သမားတွေပြောနေကျစကားဖြစ်တဲ့ man- made actionsလို သဘာဝပတ်ဝန်းကျင်ပြဿနာက လူတွေကပဲစတာဆိုရင် ဒီအမှိုက်တွေကိုပစ်ကြတာ လူတွေပါပဲ။ အမှိုက်ပုံတွေမှာ တွေ့ရမယ့်ပစ္စည်းတွေက များသောအားဖြင့် စားကြွင်းစားကျန်တွေ၊ အဝတ်အထည်အဟောင်းအစုပ်တွေ၊ စက္ကူတွေ၊ ပလပ်စတစ်တွေ၊ သတ္ထုပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ ဘက်ထရီတွေ၊စားသုံးဆီ၊ ကားအင်ဂျင်သုံးစက်ဆီတွေ၊ ကြွက်သတ်ဆေး၊ စိုက်ပျိုးရေးလုပ်ငန်းသုံးဓါတုပစ္စည်းတွေဖြစ်နေလေတော့ ပြဿနာအရင်းအမြစ်က စာရေးသူတို့ လူသားတွေပါပဲ။ ဒီစွန့်ပစ်အမှိုက်တွေဟာ အမှိုက်ပုံတွေမှာ သူ့ဟာနဲ့သူ တစ်ထီးတစ်နန်းကျနေတာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအမှိုက်ကိစ္စကို အစိုးရအဖွဲ့အစည်းရဲ့အစီအစဉ်နဲ့ စည်ပင်သာယာ သို့မဟုတ် မြူနီစပယ်က တာဝန်ရှိသူတွေကိုယ်တိုင်က Master Plan တွေချပြီးစီမံခန့်ခွဲနေရတာလေ။
အမှိုက်ကို စာရေးသူတို့လို အိမ်တွေမှာ၊ နှစ်သစ်ကူးလိုပွဲတွေမှာသာ စွန့်ပစ်ကြတာမဟုတ်ပါဘူး။ စာသင်ကျောင်း၊ ဆေးရုံ၊ ဈေး၊ စတိုးဆိုင်၊ စားသောက်ဆိုင်၊ ဟိုတယ်၊ အစိုးရရုံးဌာန၊ စက်မှုလုပ်ငန်းခွင်၊ အစိုးရရုံးဌာနတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ ကမ်းခြေစတဲ့ နေရာဌာနအမျိုးမျိုးတို့က အမှိုက်ပစ္စည်းပုံသဏ္ဍာန်အမျိုးမျိုးနဲ့စွန့်ပစ်နေကြဆဲဆိုတော့ မြန်မာပြည်မှာ အပေါဆုံးဟာ အမှိုက်လို့ ပြောရမလိုပါပဲ။
ဒီနှစ်သစ်ကူးပွဲမှာ ကရင်ညီအစ်ကိုတွေက မိမိတို့သိထားနားလည်ထားသလောက်ပဲ အမှိုက်သိမ်းစနစ်ကို လုပ်ထားကြတာဆိုတော့ စနစ်တကျကြီးတော့မဟုတ်ဘူးပေါ့။ ဒါပေမဲ့ နောင်လာမယ့် နှစ်သစ်ကူးပွဲတွေမှာဆိုရင် အနည်းဆုံး အမှိုက်စို၊ အမှိုက်ခြောက် ၂မျိုးခွဲပြီး စာနဲ့ရေးထားဖို့၊ ဖြစ်နိုင်ရင် အမှိုက်ပညာပေး ပိုစတာတွေစိုက်ထူပေးထားဖို့၊ လက်ကမ်းစာစောင်တွေပါဖြန့်ပြီး အမှိုက်ပညာပေး လှုပ်ရှားမှုလေးတွေလုပ်သင့်ပါတယ်လို့ တာဝန်ရှိသူတွေကို စာရေးသူ အကြံပေးရပါဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်သစ်ကူးကို လာတဲ့လူတွေဟာ ကရင်အမျိုးသားအများစုဖြစ်ပြီး သူတို့တစ်တွေဟာ ပတ်ဝန်းကျင်ဆိုင်ရာဗဟုသုတနဲ့ အမှိုက်အန္တရာယ်ကို ကောင်းကောင်းမသိကြသေးပါဘူး။ ဒီလိုနှစ်သစ်ကူးလိုပွဲမျိုးမှာ ပညာပေးပွဲလေးလုပ်နိုင်မယ်ဆိုရင်တော့ ကရင်အမျိုးသားတော်တော်များများက Awareness တွေ တော်တော်များများရှိလာနိုင်ကြမှာပါ။လောလောဆယ် ဒီနှစ်အနေနဲ့ကတော့ ဒီနှစ်သစ်ကူးပွဲကိုကြည့်ပြီးစာရေးသူတို့ကရင်တိုင်းရင်းသားတွေဟာ ကရင်အမျိုးသားနှစ်သစ်ကူး တာဝန်ကျေပွန်ယုံမက ပတ်ဝန်းကျင်တာဝန်ပါ ကျေပွန်တဲ့ ပတ်ဝန်းကျင်ကိုချစ်တဲ့လူမျိုးတွေလို့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။
ဝမ်းနည်းစရာကောင်းနေဆဲ ကိစ္စတစ်ခုကတော့ အမှိုက်ဆိုတဲ့အရာတွေကို စာရေးသူတို့ ကရင်အမျိုးသားတွေအပါအဝင် လူအတော်များများက ခပ်ပေါပေါ၊ ခပ်လွယ်လွယ်ကိစ္စလို့ပဲ ထင်ထားနေဆဲပါ။ တကယ်တော့ အမှိုက်ဆိုတာ မြင်ရတွေ့ရတာ အမြင်ပသာဒဆိုးရုံတစ်ခုတည်းမဟုတ်ပါဘူး။ လူတွေနဲ့အနီးဆုံးမှာရှိတဲ့အရာဖြစ်တဲ့အတွက် လူတွေကို တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက် အန္တရာယ်ပြု ခြိမ်းခြောက်နေတဲ့ အသံတိတ်ရန်သူတစ်မျိုးပါ။
တစ်ခါကကရင်တိုင်းရင်းသားကျေးရွာတစ်ရွာကိုရောက်တော့ ရပ်မိရပ်ဖတစ်ဦးနဲ့ စကားလက်ဆုံ ကျခဲ့ဖူးပါတယ်။ ပြောဖြစ်တဲ့အကြောင်းကလည်း အမှိုက်အကြောင်းပါပဲ။ သူက အမှိုက်ခြောက်နဲ့ အမှိုက်စို ၂ခုရှိလေတော့ ဘယ်တစ်ခုက အန္တရာယ်ပိုကြီးသလဲလို့ မေးဖူးပါတယ်။ သူထင်တာက အမှိုက်စိုတစ်ခုတည်းက ပိုညစ်ညမ်း၊ ပိုအနံ့အသက်ဆိုးပြီး ပိုပြီးအန္တရာယ်ကြီးမယ်ထင်တာကိုး။ တကယ်တော့ အမှိုက်စိုကော အမှိုက်ခြောက်ကော နှစ်မျိုးစလုံးက အန္တရာယ်ရှိတာချည်းပါ။
အမှိုက်စိုဟာ ဘက်တီးရီးယား အပါအဝင် ရောဂါပိုးမွှားတွေ အလွယ်တကူပေါက်ဖွားလွယ်တဲ့ နေရာဖြစ်ပါတယ်။ ဒါ့အပြင် အမှိုက်စိုတွေထဲကို အစာလာရောက်ရှာဖွေစားသောက်ကြတဲ့ ကြွက်၊ ခြင်၊ယင်၊ ခွေးလေခွေးလွင့်၊ ကြက်၊ငှက်တွေ စတဲ့ ရောဂါပိုးသယ်ဆောင်သူ germ-carriers တွေကနေ ရောဂါပိုးမွှားတွေ ကူးစက်ပျံ့နှံ့မှုအန္တရာယ်နဲ့ ကြုံတွေ့လာနိုင်ပါတယ်။ အမှန်တကယ်လည်း ရောဂါပိုးမွှားတွေကူးစက်ခံစားနေရ တာတွေက ရှိနေပါတယ်။ အမှိုက်စိုတွေက ထွက်တဲ့အနံ့ဆိုးတွေကလည်း လူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေပါတယ်။ တကယ်ရောဂါပိုးတွေကူးစက်ပျံ့နှံ့ကြပြီဆိုရင် ခံနိုင်ရည်အင်အားနည်းနဲ့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေက ပိုပြီး ထိခိုက်ခံစားကြရမှာဖြစ်ပါတယ်။
အမှိုက်ခြောက်ဆိုတာကလည်း အမှိုက်စိုလိုပဲ အန္တရာယ်ပြု ခြိမ်းခြောက်တာပါပဲ။ တစ်ခါတစ်ခါမှာ ပိုတောင်ဆိုးချင်ဆိုးဦးမှာပါ။ အနီးဆုံးဥပမာပေးရမယ်ဆိုရင်တော့ မီးဘေးအန္တရာယ်ဖြစ်ပါတယ်။ မသမာသူမည်သူမဆို၊ စည်းကမ်းမဲ့ပစ်ထားတဲ့ အမှိုက်ခြောက်တွေအပေါ်ကို ဆေးလိပ်တိုမီး၊ စီးကရက်မီးတွေအမှတ်တမဲ့ ပစ်ချခဲ့မယ်ဆိုရင် အမှိုက်ခြောက်တွေက လောင်စာတွေဆိုတော့ ပေါ့ဆမီးအန္တရာယ်ကြုံတွေ့နိုင်ပြီး အန္တရာယ်နဲ့ ဆုံးရှုံးနစ်နာမှုတွေက အလျော်အစား ကြီးမားနိုင်ပါတယ်။
စာရေးသူက အမှိုက်ပြဿနာ၊ အမှိုက်အန္တရာယ်ချည်းပဲပြောလာတာပါ။ အမှိုက်ကောင်းကျိုး ကောရှိသေးလား။ ဖြေရှင်းချက် Solutions တွေကော မရှိတော့ဘူးလားလို့ မေးစရာရှိလာပါတယ်။ အဖြေက ရှိတယ်လို့ဖြေရမှာပါ။ လူတွေအတော်များများက အမှိုက်ကစ ပြဿဒ်မီးလောင်လို့ အမှိုက်ရဲ့ဆိုးကျိုးကိုပြောဆိုတာရှိသလို ဒီခေတ်မှာတော့ အဲဒီလူတွေကပဲ အမှိုက်ထဲက ရွှေလို့လည်း ပြောနေကြပြန်တယ်။တချို့က အမှိုက်နဲ့ စီးပွားဖြစ်နေကြတယ်။ အကြောင်းကတော့ အမှိုက်ကိုအနိမ့်ဆုံး စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် သဘာဝမြေဩဇာပြုလုပ်အသုံးချတာကနေစပြီး အမှိုက်ကနေ လျှပ်စစ်စွမ်းအင်ထုတ်နိုင်သည်အထိ အသုံးဝင်တာဖြစ်ပါတယ်။ နည်းပညာတွေတိုးတက်လာတဲ့ခေတ်ကြီးမှာ အမှိုက်တွေကို စာရေးသူတို့မသိသေးတဲ့ နည်းပညာတွေနဲ့ အများပြည်သူအတွက် အကျိုးရှိအောင် အသုံးချနေကြပါပြီ။
အမှိုက်ပြဿနာရဲ့ဖြေရှင်းနည်းတွေကတော့ အားလုံးလည်းသိထားကြမယ်ထင်ပါတယ်။ အဂင်္လိပ်လိုတော့ 3R လို့ခေါ်ပါတယ်။Reduce (အမှိုက်ပစ်မှုလျှော့ချခြင်း)၊Reuse (အမှိုက်တွေကို ပြန်အသုံးပြုခြင်းနဲ့ Recycle (ပြန်လည်ပြုပြင်ပြီးအသုံးပြုခြင်း)တွေပါပဲ။နှစ်သစ်ကူးကျင်းပတဲ့ ဝါးဒူးအနောက်စုရွာကလေးလိုပဲ ကိုယ့်ရွာထဲကလူတွေစုပြီး ကိုယ့်အစီအစဉ်လေးတွေနဲ့ အမှိုက်ကို စနစ်တကျ အမှိုက်ပုံးလေးတွေနဲ့ စွန့်ပစ်ကြမယ်ဆိုရင်လည်း ကိုယ့်အရပ်နဲ့ ကို်ယ့်ဇာတ်က လှပါတယ်၊ အကျိုးရှိပါတယ်လို့ ပြောရမှာဖြစ်ပါတယ်။ အဲလိုမျိုးလုပ်နိုင်တဲ့ ကရင်ရွာတွေက လက်ချိုးရေလို့ရမယ်ထင်ပါတယ်။ စာရေးသူနဲ့အတူဒီနှစ်သစ်ကူးပွဲကို ဆင်နွှဲခဲ့ကြတဲ့ ကန်ကြီးထောင့်မြို့နယ်၊ ကုလားကွင်းရွာက ဆယ်ကျော်သက် လူငယ်တွေကတော့ အဲဒီနှစ်သစ်ကူးကအပြန်မှာပဲ “ဖြူစင်မ္တော(ကုလားကွင်း)” ဆိုတဲ့ ပရဟိတအဖွဲ့ကလေးဖွဲ့ပြီး အိမ်တိုင်းအိမ်တိုင်းမဟုတ်တောင် မိမိတို့စိတ်ဓါတ်ရှိသူတွေရဲ့ အိမ်ရှေ့မှာ အမှိုက်ပုံးတွေထောင်နေကြပါပြီ။ တနဂင်္နွေနေ့တိုင်း သန့်ရှင်းရေးအမှိုက်သိမ်းကြမယ်ဆိုပြီး ပြီးခဲ့တဲ့ တနဂင်္နွေနေ့မှာ အမှိုက်တွေကို စုသိမ်းပြီး မီးရှို့စွန့်ပစ်နေကြပါပြီ။
ဒီဆောင်းပါးကိုဖတ်ဖြစ်တဲ့ ကရင်အမျိုးသားစာဖတ်သူတွေကို မေးစရာရှိတယ်။ မိတ်ဆွေတို့ ရွာတွေမှာ နှစ်သစ်ကူးကျင်းပတဲ့အခါ ဒီလိုအမှိုက်ပုံးတွေ လုပ်ထားကြသလား။ ကိုယ့်အိမ်ရှေ့တွေမှာ အမှိုက်ပုံးတစ်ပုံးတစ်လေလောက် လုပ်ထားကြပြီလား။ ကိုယ့်ရွာထဲကလူတွေ စုဝေးတိုင်ပင်ကြပြီး အိမ်တွေအားလုံးရှေ့မှာ အမှိုက်ပုံးတွေ ညီညာစီတန်းပြီးထားဖို့ အစီအစဉ်မရှိသေးဘူးလား။ ဒါက စာဖတ်သူတွေဖာသာ စဉ်းစားပြီးမှ ဆုံးဖြတ်လုပ်ဆောင်ရမယ့်အပိုင်းပါ။ စာရေးသူက ကရင်အမျိုးသားနှစ်သစ်ကူးကျင်းပတဲ့ ကရင်ရွာကလေးက အပြန်မှာရခဲ့တဲ့ သင်ခန်းစာကောင်းလေးကို ပြန်လည်မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။
စာရေးသူရဲ့ အိမ်အပြန်လမ်းဟာ ဝါးဒူးအနောက်စုကျေးရွာရဲ့လမ်းမကြီးတွေပေါ်ဖြတ်ပြီးပြန်ခဲ့ရပါတယ်။ စောစောကပြောခဲ့သလို ပွဲပြီးမီးသေတော့မဟုတ်ပါဘူး။ ကြက်ပျောက်ငှက်ပျောက်လည်းမဟုတ်ပါဘူး။ ပွဲတော်မရှိတော့လို့ တိတ်ဆိတ်နေပေမဲ့ ကိုယ့်ရွာကိုယ့်ဒေသမှာ၊ ကိုယ့်အိမ်ကိုယ့်ယာတွေမှာ ကရင်မိဘပြည်သူတွေဟာ ကိုယ့်အလုပ် ကိုယ့်ဝန်တာတွေနဲ့ ရုန်းကန်လှုပ်ရှားနေကြတာပါ။ သူတို့တစ်တွေကို လက်ပြနှုတ် ဆက်ရင်း ပြန်ခဲ့ရတာက စာရေးသူအတွက် ကျေနပ်စရာတစ်ခုပါ။ လမ်းတစ်လျှောက် ဘေးဘက်ဝဲယာနှစ် ဘက်မှာ အမှိုက်ပုံးတွေကလည်း အိမ်တိုင်းအိမ်တိုင်းရဲ့ရှေ့မှာ အစီအရီသွယ်တန်းနေလို့ပါ။ စာရေးသူကို လိုက်ပို့ပေးတဲ့ မိတ်ဆွေကြီး မန်းဖိုးသာထူးကိုမေးကြည့်လိုက်မိတယ်။ စာရေးသူသိချင်တာက ဒီအမှိုက်ပုံးတွေက ဒီနှစ်သစ်ကူးကျင်းပတဲ့အတောအတွင်းမှသာ လုပ်ထားတာလားဆိုတာသိချင်လို့ပါ။ မဟုတ်ပါဘူး၊ လွန်ခဲ့တဲ့ နှစ်ကတည်းက ကိုယ့်အိမ်ရှေ့အမှိုက်ပုံးထားပြီး အမှိုက်စွန့်ခဲ့တယ်ဆိုတာ သိလိုက်ရပါတယ်။
ရန်ကုန်ကိုပြန်တဲ့လမ်းတစ်လျှောက်မှာ ကားကတရိပ်ရိပ်ပြေးနေပေမဲ့ ကရင်အမျိုးသားနှစ်သစ်ကူး ပွဲတော်ဆိုတဲ့ဆိုင်းဘုတ်နဲ့ နေရာအနှံ့က အမှိုက်ပုံးဆိုတဲ့ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ပုံရိပ်တွေက စာရေးသူ အမြင်အာရုံထဲမှာ ထင်ကျန်ကပ်ငြိပြီး လိုက်ပါလာနေဆဲပါ။ လာမယ့် ကရင်အမျိုးသားနှစ်သစ်ကူးတွေတိုင်းမှာ အမှိုက်ကင်းစင်တဲ့နှစ်သစ်ကူးတွေဖြစ်စေချင်သလို စာရေးသူပေးထားတဲ့ခေါင်းစဉ်အတိုင်း အမှိုက်ကင်းစင်တဲ့ နှစ်သစ်ကူးပတ်ဝန်းကျင်လိုမျိုးကို စနစ်တကျဖန်တီးတည်ဆောက်ရင်း ကိုယ့်အမျိုးသားရေးတာဝန်ကိုယ်စီကျေပြွန်ကြပြီး ကိုယ့်အမျိုးဂုဏ် ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
စအယ်ဆူးခလိမ်(မြစ်ဝကျွန်းပေါ်)