Home သတင်း ၈၂ နှစ်‌မြောက် ကရင်နှစ်သစ်ကူး‌နေ့အခမ်းအနားကို မြစ်ကြီးနားမြို့တွင် ကျင်းပမည်

၈၂ နှစ်‌မြောက် ကရင်နှစ်သစ်ကူး‌နေ့အခမ်းအနားကို မြစ်ကြီးနားမြို့တွင် ကျင်းပမည်

4797


ဒီဇင်ဘာလ ၇ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်နှစ် ၂၇၅၉ ခု၊ ပြာသိုလဆန်း ၁ ရက်၊ ဒီဇင်ဘာလ ၂၆ရက်‌နေ့တွင် ကျ‌ရောက်မည့် ကရင်လူမျိုးတို့၏ ၈၂ နှစ်‌မြောက် နှစ်သစ်ကူး‌နေ့ပွဲ‌တော်အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အဆင့်အ‌နေဖြင့် မြစ်ကြီးနားမြို့တွင် ကျင်းပသွားမည်ဟု ကချင်ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီထံမှ သိရသည်။

အဆိုပါနှစ်သစ်ကူး‌နေ့ပွဲ‌တော်ကို အလံတင်အခမ်းအနားနှင့် ယဉ်‌ကျေးမှုပွဲ‌တော်အပြင် ရိုရားလက်‌ဝှေ့ပွဲများပါ ထည့်သွင်းကျင်းပသွားမည်ဟု ကရင်နှစ်သစ်ကူးကျင်းပ‌ရေးအဖွဲ့ အတွင်း‌ရေးမှူး ‌စောသက်ဦးက ဒီဇင်ဘာလ ၄ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

“ အမျိုးသားအလံတင်အခမ်းအနားကို‌တော့ တပ်ကုန်းမှာ လုပ်မယ်။ နှစ်သစ်ကူးအခမ်းအနားက အထက ၅ မှာ ကျင်းပမယ်။ ပြိုင်ပွဲအဆင့်ဒုံးအက မလုပ်နိုင်‌သေး‌ပေမယ့်လည်း ယဉ်‌ကျေးမှုသရုပ်‌ဖော်ကပြတာမျိုး လုပ်သွားမယ်။ ဒီမှာ‌နေတဲ့ ကရင်‌မောင်နှမညီကိုအားလုံး လူကြီး‌တွေ ရပ်တည်‌ပေးခဲ့တဲ့‌နေ့ကို ဆက်လက်ထိန်းသိမ်းသွားနိုင်‌အောင် ယဉ်‌ကျေးမှုဓ‌လေ့‌တွေ မ‌မေ့‌အောင် လုပ်‌ဆောင်‌ပေးခြင်းဖြစ်ပါတယ်” ဟု ‌စောသက်ဦးက ‌ပြောသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ‌နေထိုင်သည့်ကရင်လူမျိုးများအ‌နေဖြင့် ကရင်နှစ်သစ်ကူး‌နေ့ပွဲ‌တော် အခမ်းအနားကို ၂ ကြိမ်‌မြောက် စု‌ပေါင်းကျင်းပသွားရန် စီစဉ်‌နေခြင်းဖြစ်ပြီး ယခုနှစ်ပွဲ‌တော်ကို ပြည်နယ်အစိုးရကိုလည်း ဖိတ်ကြားသွားမည်ဟု ကျင်းပ‌ရေးတာဝန်ရှိသူများထံမှ သိရသည်။

မြစ်ကြီးနားမြို့‌နေ ‌စောရစ်ချဒ်က “ကျ‌နော်တို့ နှစ်သစ်‌ရောက်‌တော့မှာဆို‌တော့ ဝမ်းသာ‌ပျော်ရွှင်ရပါတယ်။ လုပ်သင့် လုပ်ထိုက်တဲ့အရာတစ်ခုပါ။ ကရင်အမျိုးသား‌တွေအ‌နေနဲ့က ရိုးရာယဉ်‌ကျေးမှု‌တွေ ထိန်းသိမ်း‌စောင့်‌ရှောက်ရမယ့် တာဝန်ရှိကြ တယ်။ ကျ‌နော်တို့ ဆင်းသက်လာတဲ့ သမိုင်းရာဇဝင်‌တွေ စာ‌ပေယဉ်‌ကျေးမှု‌တွေ ထိန်းသိမ်းပြီး စု‌ပေါင်းလုပ်‌ဆောင်သွားမယ်” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့နယ်အပြင် ဗန်း‌မော်မြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် မြို့နယ်အဆင့် ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပသွားမည်ဟု ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီထံမှ သိရသည်။