Home သတင်း ‌ရေမည်းသည့်ကိစ္စ‌ဖြေရှင်းရန်အတွက် ‌ဒေသခံများ ‌ကော်မတီတစ်ရပ်ဖွဲ့စည်း

‌ရေမည်းသည့်ကိစ္စ‌ဖြေရှင်းရန်အတွက် ‌ဒေသခံများ ‌ကော်မတီတစ်ရပ်ဖွဲ့စည်း

1756
တစ်ရွာလျှင် တစ်‌ယောက်နှုန်းပါဝင်ဖွဲ့စည်းထားသည့်အပြင် လူထုအ‌ရေး ၊ သဘာဝပတ်ဝန်းကျင်အ‌ရေး ‌ဆောင်ရွက်သည့် အဖွဲ့အစည်းအချို့ကိုလည်း ‌ကော်မတီထဲတွင် ထည့်သွင်းဖွဲ့စည်းထား (Photo_KIC)

ဒီဇင်ဘာလ ၆ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် ဖားအံမြို့နယ် သံလွင်အ‌နောက်ဘက်ခြမ်းတွင်ရှိသည့် ‌ကျေးရွာများတွင်ဖြစ်‌ပေါ်ခဲ့သည့် ‌ရေမည်းကိစ္စ‌နောက်ဆက်တွဲပြဿနာများအား ‌ဖြေရှင်း‌ဆောင်ရွက်နိုင်‌ရေးရည်ရွယ်ပြီး ‌ဒေသခံများစု‌ပေါင်း၍ ဒီဇင်ဘာလ ၅ရက်(ယမန်‌နေ့) မရင်းကုန်းရွာတွင် ‌ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ပြီးဖြစ်သည်။

အဆိုပါ‌ကော်မတီကို “မြိုင်‌တောင်တစ်ခွင် ‌ရေမည်းပြဿနာ‌ဖြေရှင်း‌ရေး‌ကော်မတီ” အမည်နှင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ‌ရေမည်းပြဿနာအ‌ရေးအပါအဝင် မြိုင်က‌လေး ဘိလပ်‌မြေစက်ရုံတွင် ‌ကျောက်မီး‌သွေး ‌လောင်စာ လည်ပတ်သည့် ကိစ္စနှင့်ပတ်သက်၍ ရပ်တန့်‌ရေးအတွက် ‌ဆောင်ရွက်ရန် ဖွဲ့စည်းခြင်းဖြစ်‌ကြောင်းလည်း ‌ကော်မတီဝင်တစ်ဦးဖြစ်သူ ရွာကြီးရွာမှ ‌စော‌ကျော်လှိုင်က ယခုလို‌ပြောဆိုသည်။

“ ကျ‌နော်တို့က ခံစားရတဲ့ ‌ရေမည်းပြဿနာကို အခုက ဘယ်သူမှ‌ဖြေရှင်း‌ဆောင်ရွက်မ‌ပေးနိုင်ကြ‌တော့ဘူး။ ဒီ‌ရေမည်းတာဟာ ‌ကျောက်မီး‌သွေး‌ကြောင့်ဆိုတာ ဘယ်သူမှ ထုတ်‌ဖော်မ‌ပြောရဲကြဘူး။ ဒီကိစ္စကို ကျ‌နော်တို့ဆန္ဒပြစရာရှိရင်လည်း ဖြစ်ဖြစ်၊ နိုင်ငံ‌တော်သမ္မထံ၊ သက်ဆိုင်ရာအဘက်ဘက်တာဝန်ရှိသူထံ စာတင်ဖို့ ဒီ‌ကော်မတီကဦး‌ဆောင်လုပ်မယ်။ ကျ‌နော်တို့ လူထု‌တွေငြိမ်‌နေလို့မရ‌တော့လို့ ဒီ‌ကော်မတီကိုစု‌ပေါင်း ဖွဲ့လိုက်တာဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလဆန်းပိုင်းတွင် ၎င်း‌ဒေသတွင်းရှိ အင်းအိုင်များ၊ ‌ရေတွင်းများတွင် အ‌ကြောင်းအရင်း ‌သေချာစွာမသိရှိရပဲ ‌ရေမည်းမှုများဖြစ်‌ပေါ်ခဲ့ပြီး‌နောက် ၁လ‌ကျော်ကြာမြင့်သည့်အချိန်အထိ တိကျ၊ မှန်ကန်ပြီး ယုံကြည်မှုအပြည့်အဝ‌ပေးနိုင်သည့်အ‌ဖြေများ မရရှိ‌သေးဟုဆိုကာ ‌ဒေသခံများက ပြည်နယ်အစိုးရအား ‌ဝေဖန်‌ပြောဆိုမှုများလည်း ရှိ‌နေသည်။

မြိုင်‌တောင်တစ်ခွင်တွင် လက်ရှိ ‌ရေမည်းလာသည့် ‌ကျေးရွာ ၂၇ရွာအထိရှိ‌နေ‌ကြောင်း‌ဒေသခံများ၏ ‌ပြောဆို ချက်များအရသိရပြီး အဆိုပါပြဿနာများကို ‌ဖြေရှင်းရန်ဖွဲ့စည်းလိုက်သည့် ‌ကော်မတီထဲတွင် တစ်ရွာလျှင် တစ်‌ယောက်နှုန်းပါဝင်ဖွဲ့စည်းထားသည့်အပြင် လူထုအ‌ရေး ၊ သဘာဝပတ်ဝန်းကျင်အ‌ရေး ‌ဆောင်ရွက်သည့် အဖွဲ့အစည်းအချို့ကိုလည်း ‌ကော်မတီထဲတွင် ထည့်သွင်းဖွဲ့စည်းထားသည်ဟု သိရသည်။

‌ကော်မတီထဲတွင် အားဖြည့်ပါဝင်သည့် ဒီမိုက‌ရေစီနှင့် ငြိမ်းချမ်း‌ရေးအမျိုးသမီးများအဖွဲ့ မှ ‌နော်အုန်းလှက “ဒီ‌နေ့က‌ကော်မတီဖွဲ့စည်းလိုက်ပြီးသူတို့နဲ့စစချင်းလာ‌တွေ့‌တော့ ဆန္ဒပြချင်တယ်။ ဒါ‌ပေမယ့် သူတို့က နိုင်ငံ‌ရေးအ‌တွေ့အကြုံသိပ်မရှိဘူး။ သူတို့ကိုအရင် အမြင်ဖွင့်သင်တန်းတို့‌ပေးရမှာရှိတယ်။ ပြီး‌တော့ လုပ်နိုင်တဲ့နည်း စနိုင်တဲ့နည်းလမ်း‌တွေကို စ‌ပေးမှာပါ။ ပြီး‌တော့ နိုင်ငံသားအခွင့်အ‌ရေး‌တွေ သူတို့ရပိုင်ခွင့် ‌တွေစပြီးလုပ်ဖို့ စီစဉ်ထားတာရှိတယ် ။ လုပ်နိုင်တဲ့ဘက်က အန်တီတို့က အဖွဲ့အစည်းနဲ့ အားဖြည့် ပါဝင်‌ပေး တယ်” ဟု‌ကေအိုင်စီသို့‌ပြောသည်။

ထို‌ကော်မတီထဲတွင် ပါဝင်ပံ့ပိုးရန်အတွက် ဒီမိုက‌ရေစီနှင့် ငြိမ်းချမ်း‌ရေးအမျိုးသမီးအဖွဲ့၊ KWU- ကရင်အမျိုးသမီးအစည်းအရုံး၊ ဆရာကြီးသခင်ကိုယ်‌တော်မှှိုင်း(ငြိမ်းချမ်း‌ရေးကွန်ယက်)၊ နိုင်ငံ‌ရေးအင်အားစု ၊ ၈၈ ကရင်မျိုးဆက်‌ကျောင်းသားများလူမှုဘဝတိုးတက်‌ရေးအဖွဲ့၊ MATA အဖွဲ့နှင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာ လှုပ်ရှားမှုကွန်ယက်-KESAN စသည့်အဖွဲ့များလည်းပါဝင်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၁ဝလပိုင်းတွင် ‌ရေမည်းမှုများဖြစ်‌ပေါ်ပြီး‌နောက် အဆိုပါရွာရှိ‌ရေများအား ‌သောက်သုံးရန် အဆင် မ‌ပြေသည့် ‌ဒေသခံများအ‌နေဖြင့် လက်ရှိအချိန်တွင် အလှူရှင်များ သွား‌ရောက်လှူဒါန်းသည့်‌ရေကိုသာ မှီခိုအားထား‌နေဆဲဖြစ်သလို အချို့မှာ အပြင်မှ ‌ရေဝယ်‌သောက်သုံးရသည့် အ‌ခြေအ‌နေဖြစ်‌ပေါ်‌နေ‌ကြောင်း လည်း ‌ဒေသခံများကဆိုသည်။