Home သတင်း ဖာလာ‌စေ့များကို ဝယ်လက်မရှိသဖြင့် ‌တောင်သူများ အခက်ကြုံ‌နေ

ဖာလာ‌စေ့များကို ဝယ်လက်မရှိသဖြင့် ‌တောင်သူများ အခက်ကြုံ‌နေ

4247
Photo_KIC

နိုဝင်ဘာလ ၂ ရက်၊ ၂ဝ၁၉ ခုနှစ် ။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ် သံ‌တောင်ကြီးမြို့နယ်တွင် လတ်တ‌လော ဖာလာအသီးခူးရာသီချိန်တွင် တရုတ်ဝယ်လက်မရှိ‌သော‌ကြောင့် ဖာလာစိုက်‌တောင်သူများ အခက်ကြုံ‌နေရသည်ဟု သိရှိရသည်။

ဖာလာအသီးမှည့်ချိန်တွင် ကြွက်နှင့် ‌တောဝက်များ လာ‌ရောက်ကိုက်ဖြတ်ဖျက်ဆီးခံရသည့်အပြင် ရာသီဥတုပူပြင်းမှု‌ကြောင့် ဖာလာအ‌စေ့ထွက်နှုန်း ထက်ဝက်ကျသွားပြီး တရုတ်ဝယ်လက်ပါ မရှိ‌တော့သဖြင့် စားဝတ်‌နေ‌ရေးအခက်အခဲရှိလာသည်ဟု ဖာလာပင် စိုက်‌တောင်သူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ ဖာလာအသီးခူးချိန်မှာ တရုတ်‌တွေ လာဆင်းဝယ်တာ မရှိဘူး‌ပေါ့‌နော်။ သူတို့မလိုချင်‌တော့တာလား၊ မ‌ပြောတတ်ဘူး။ မနှစ်ကဆို အသီးစခူးတာနဲ့ သူတို့က အပြတ်ဝယ်ထားတယ်။ အခုအသီးထွက်နှုန်းကလည်းမ‌ကောင်း ‌ဈေးပါထပ်ကျ‌တော့ စားဝတ်‌နေ‌ရေးအခက်ခဲဖြစ်တယ်” ဟု သံ‌တောင်ကြီးမြို့နယ် ဖာလာစိုက်‌တောင်သူ ‌နော်သီရိစံက ‌ပြောသည်။

ဖားလာအ‌စေ့များကို တရုတ်ကုန်သည်များမှ အများဆုံးဝယ်ယူကြပြီး ပွဲရုံများတွင်လည်း ယခင်နှစ်က ဖာလာအ‌စေ့များ သို‌လှောင်ထားရှိကာ ‌ဈေးထိန်းညှိဝယ်ယူကြသည့်အတွက် ‌ဈေးဦးရာသီအစတွင် ဖာလာ‌စေ့အ‌ခြောက် ၁ ပိဿာ ကျပ် ၂ ‌ထောင်‌ကျော်အထိ ‌ဈေးထိုးကျသွားသည်ဟု ‌ဒေသခံ ဖာလာဝယ်‌ရောင်းသူများထံမှ သိရသည်။

လိပ်သိုမြို့နယ် ဇလဲရွာ‌နေ ‌နော်မသိန်းက “အရင်နှစ်က ဖာလာ‌စေ့ ၁ ပိဿာ ၁၄, ဝဝဝ အထိ ‌ဈေးရခဲ့တယ်။ ဒီနှစ်က အဝယ် ‌တောင်မရှိဘူး ဖြစ်တယ်။ ၁ ‌သောင်း‌ဈေး‌တောင် မပြည့်‌တော့ဘူး။ အ‌စေ့မ‌ခြောက်တာ၊ မလှတာနဲ့ ‌ဈေးနှိမ်ခံရတယ်။ အသီး မခူး ခင်ကတည်းက ‌ငွေကြိုယူထားတယ်‌ပေါ့‌နော်။ ဒီဟာနဲ့ပဲ မိသားစုမှီခို‌နေရတာပါ။ ဝယ်လက်မရှိ‌တော့ အခက်ခဲရှိတယ်” ဟု ‌ပြောသည်။

ဖာလာပင်ကို မိရိုးဖလာနည်းဖြင့်သာ ‌ဒေသခံအများစုက စိုက်ပျိုးထားကြပြီး ‌အောက်တိုဘာလမှ နိုဝင်ဘာလအထိ သီးခူးရာသီ ချိန်တွင် ရာသီဥတုပူပြင်းမှုနှင့် ‌တော‌ကောင်များ ကိုက်ဖြတ်ဖျက်ဆီးမှု‌ကြောင့် အ‌စေ့‌အောင်မှုနည်းလာသည့်အတွက် ယခင်နှစ် အထွက်နှုန်းထက် တစ်ဝက်‌လျော့ကျသွားပြီး ‌ဒေသခံအချို့မှာ အခြားသီးနှံပင်များ အစားထိုးစိုက်ပျိုးရန် ပြင်ဆင်‌နေကြသည်ဟု ဖာလာအဝယ်ဒိုင်များထံမှ သိရသည်။

ကရင်ပြည်နယ် သံ‌တောင်မြို့နယ်တွင် ဖာလာစိုက် ဧက‌ပေါင်း ၁ သိန်း‌ကျော်ရှိပြီး ဖာလာသီး(‌စေ့)များကို တရုတ်ကုန်သည်များမှ အဓိကဝယ်ယူကြကာ ဟင်းခတ်အ‌မွှေးကြိုင်၊ တိုင်းရင်း‌ဆေး၊ ကွမ်းယာများတွင်လည်း ထည့်စားသုံး‌လေ့ရှိကြသည်ဟု ဖာလာ‌စေ့ အဝယ်ဒိုင်များက ‌ပြောသည်။