နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူူး
ကမ္ဘာ့ဘဏ်၏ ချေးငွေအစီအစဉ်ဖြင့် မြန်မာနိုင်ငံအရှေ့ပိုင်း ပဋိပက္ခသည်ဒေသများတွင် အကောင်အထည်ဖော် သွားမည့် ငြိမ်းချမ်းရေးနှင့် သယာဝပြောရေး လူထုစီမံကိန်း (Peaceful and Prosperous Communities Project-PPCP)ကို ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့အစည်းပေါင်း ၅ဝ က လက်မှတ်ထိုး ကန့်ကွက်လိုက်ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN)က ပြောသည်။
နေပြည်တော် ဗဟိုအစိုးရနှင့် ကမ္ဘာ့ဘဏ်အကြား ဆွေးနွေးညှိနှိုင်းခဲ့သည့် အမေရိကန်ဒေါ်လာ သန်း၂၅ဝ သုံးစွဲကာ အကောင်အထည်ဖော်မည့် ၎င်းစီမံကိန်းသည် ပဋိပက္ခကိုသာ ပိုမိုဆိုးရွားစေလိမ့်မည်ဟု KPSN ကဆိုသည်။
KPSN ပြောခွင့်ရ နော်ဝါးခူရှီးက “ကျမတို့ မြင်တာက လက်ရှိ အခြေအနေအရ လက်နက်ကိုင် ပဋိပက္ခကလည်း ရှိနေတုန်း၊ မြန်မာအစိုုးရကလည်း ဒီမိုကရေစီအစိုးရ ပြည့်ပြည့်ဝဝ မရှိသေးဘူး။ ဗဟိုအစိုးရရဲ့ အုပ်ချပ်မှု ယန္တရားကို တိုင်းရင်းသား ဒေသတွေမှာ လာပြီးတိုးချဲ့ချင်တဲ့ ရည်ရွယ်ချက်အပြင် ပဋိပက္ခလည်း ပိုတိုးလာမှာ ဖြစ်သလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း များလာမယ်” ဟု ယနေ့(နိုဝင်ဘာ ၂၅ရက်)တွင် ကေအိုင်စီသို့ ပြောသည်။
ဖွံ့ဖြိုးရေး စီမံကိန်းများကို ဒေသခံတိုင်းရင်းသားများအနေဖြင့် လိုချင်သော်လည်း လက်ရှိတည်ငြိမ်မှုအပေါ် အာမ ခံချက်ပေးနိုင်သည့် နိုင်ငံရေး ပြဿနာဖြေရှင်းမှု မရှိသေးသည့်အတွက် အကောင်အထည်ဖော်သင့်သည့် အချိန် မဟုတ်ဟုလည်း နော်ဝါးခူရှီးက ဆက်ပြောသည်။
ကမ္ဘာ့ဘဏ်ကမူ အဆိုပါစီမံကိန်းသည် မြန်မာပြည်၏ ပဋိပက္ခခံစားနေရသည့် ဒေသရှိ လူအဖွဲ့အစည်းများ အတွက် စီးပွားရေးအခွင့် အလမ်းများနှင့် ဝန်ဆောင်မှု အရည်အသွေးများကို မြှင့်တင်ပေးရန် ရည်ရွယ် သည်ဟု ကမ္ဘာ့ဘဏ်က ပြောဆိုထားသည်။
သို့သော် ကမ္ဘာ့ဘဏ်က စီမံကိန်းနှင့် ပတ်သက်၍ အစိုးရနှင့်သာ ညှိနှိုင်းခဲ့သလို အကောင်အထည်ဖော်ရာတွင် အစိုးရ စိုက်ပျိုးရေး၊ မွေးမြေူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများကသာ လုပ် ဆောင်မည် ဖြစ်သည့်အတွက် တိုင်းရင်းသားနယ်မြေများသို့ အုပ်ချုပ်ရေး တိုးချဲ့ခြင်းသာ ဖြစ်စေသည်ဟု KPSN က ထောက်ပြပြောဆိုသည်။
ထို့အပြင် ငြိမ်ချမ်းရေးနှင့် သာယာဝပြောရေး လူထုစီမံကိန်းတွင် သုံးစွဲမည့် ဒေါ်လာ ၂၂၅ သန်းကို ကမ္ဘာ့ဘဏ် သို့ ပြည်ဆပ်ရမည်ဖြစ်သည်။ စီမံကိုန်းကို ၂၀၁၈ ခုနှစ်တွင် နေပြည်တော်၌ ” မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုး တိုးတက် ရေးအစီအစဉ်” မူဘောင်အတွင်း အစပျိုးရေးဆွဲခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ပဋိပက္ခဖြစ်ရခြင်း အကြောင်း အရင်းများတွင် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျခြင်းသည် အဓိကပါဝင်သည်ဟု မူဘောင်တွင် ဖော်ပြထားသည်။
သို့သော် ပြည်တွင်းစစ် ဖြစ်ပွားခြင်းသည် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျခြင်းကြောင့် မဟုတ်ဘဲ တန်းတူ ညီမျှ အာဏာ ခွဲဝေကျင့်သုံးမှု မရှိခြင်းကြောင့် အဓိကဖြစ်ပြီး ၎င်းအချက်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပိုမိုဆိုးရွားစွာ ဆက်လက်တည်တံ့ နေစေသည်ဟု KPSNက တုံ့ပြန် ပြောသည်။
စီမံကိန်းသည်ပဋိပက္ခ ခံစားခဲ့ရသည့် မွန်၊ ကရင်၊ ကရင်နီ(ကယား) စသည့် ဒေသများတွင် အခြေခံ အဆောက် အအုံများ စီးပွားရေးဈေးကွက်ဖန်တီးမှုနှင့် ဝန်ဆောင်မှုပေးသည့် အစီအစဉ်များ ပါဝင်သည်။ စီမံကိန်း အကောင် အထည်ဖော်ရန် ဆိုင်ရာ ပြည်နယ်အစိုးရ တာဝန်ရှိသူများ၊ တိုင်းရင်းသား လူမှုအဖွဲ့အစည်း အနည်းငယ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တချို့နှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ပြောခွင့်ရ ဗညားက “ လုပ်ငန်းဖော်ဖို့ ကနဦး ကွင်းဆင်းတဲ့ပုံစံမျိုးနဲ့ ကျနော်နဲ့တော့ လာတွေ့ သွားတယ်။ လွိုင်ကော်မှာပါ။ ဒါပေမဲ့ ကျနော်တို့ တစ်ဖွဲ့ထဲ အဓိက လာတွေ့တာ ဖြစ်ပြီးတော့မှ ကျန်တဲ့ လူမှုအဖွဲ့အစည်း အများစုနဲ့ အထူးသဖြင့် ဖွံ့ဖြိုးရေးလုပ်နေတဲ့ အစုအဖွဲ့တွေ ငြိမ်းချမ်းရေး လုပ်နေတဲ့ အစုအဖွဲ့ တွေနဲ့ တွေ့သွားတာမရှိပါဘူး။ ကျနော့်ကို လာတွေ့သွားတာက ဒုက္ခသည်နေရာပြန်လည်ချထားရေး ကိစ္စနဲ့ ဆက်စပ်ပြီးတော့ လာတွေ့သွားတာပဲ ရှိပါတယ်” ဟုကေအိုင်စီသို့ ပြောသည်။
ထိုသို့တွ့ဆုံရာတွင် အဆိုပါ စီမံကိန်းသည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ဖော်ဆောင်မည့်အပြင် ဒုက္ခသည် ပြန် လည်ထူထောင်ရေး လုပ်ငန်းစဉ် စီမံကိန်းများပါနိုင်ရန်ဆိုသည့် အချက်ကိုသာ ဆွေးနွေးပြီး အဆိုပါ ငွေကြေး ချေးယူမှုပုံစံ၊ ပြန်လည် ပေးဆပ်ရမည့် ပုံစံနှင့် မည်သူမည်ဝါ ကိုင်တွယ်သွားမည်နှင့် CSO အဖွဲ့အစည်းများ၏ ပါဝင်မှုအခန်းကဏ္ဍများကို လုံးဝမသိရှိရဟု ဗညားက ဆက်ပြောသည်။
ထို့အပြင် ပဋိပက္ခပိုမို ဆိုးရွားစေမည့် မည်သည့် စီမံကိန်းများကိုမဆို နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ နောက်ပိုင်း မှသာ လုပ်ဆောင်ရန်နှင့် ဒေသခံလူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုး ရတို့ ဆွေးနွေးမှုများ ပါဝင်ရန်လိုအပ်ပြီး ဖွံ့ဖြိုးရေး စီမံကိန်းများ ရေးဆွဲရာတွင် ဌာနေတိုင်းရင်းသား အခွင့် အရေးကို မဖြစ်မနေ လေးစားရမည်ဟု KPSN ၏ ထုတ်ပြန်ချက်၌ အကြံပြုထားသည်။
စီမံကိန်း ပထမ သုံးနှစ်ကာလတွင် မွန်၊ ကရင်၊ ကရင်နီ(ကယား)ပြည်နယ်၊ ပဲခူးနှင့် တနသင်္ာရီ တိုင်းဒေသကြီး များကို ရွေးချယ်ထားပြီး အကောင်အထည်ဖော်မှု ဒုတိယနှစ် အကုန်တွင် ဆန်းစစ်မှုပြုလုပ်ကာ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် မူတည်၍ ရှမ်း၊ ကချင်ပြည်နယ်နှင့် ဖြစ်နိုင်ချေရှိသည့် ဒေသများတွင် ချဲ့ထွင်မည်ဟု သိရသည်။