Home သတင်း မြဝတီ-ကော့ကရိတ်အာရှလမ်း မြဝတီမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး ခရီးသည်တင်မှန်လုံယာဉ် တစ် စီး မီးလောင်မှုဖြစ်ပွား

မြဝတီ-ကော့ကရိတ်အာရှလမ်း မြဝတီမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး ခရီးသည်တင်မှန်လုံယာဉ် တစ် စီး မီးလောင်မှုဖြစ်ပွား

421

နိုဝင်ဘာလ ၁ ရက်၊ ၂၀၁၉ ခုနှစ်။ နေနော်

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်အာရှလမ်း “မြဝတီမြို့မှ ကြိုဆိုပါ၏”ဆိုင်းဘုတ်နှင့် မိုင်တိုင် အမှတ်(၁၅၈) အနီးတွင် ယနေ့ (နိုဝင်ဘာ ၁ရက်) နံနက်(၉း၃၀) အချိန်ခန့်က ခရီးသည်တင်မှန်လုံ ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကော့ကရိတ်ဘက်မှ မြဝတီဘက်သို့ မောင်းနှင်လာသည့် ယာဉ်အမှတ် 9F/8226 Eagle Bus အမျိုး အစား ခရီးသည် (၂၆)ဦး တင်ဆောင်လာသော ခရီးသည်တင်မှန်လုံယာဉ်မှာ အင်ဂျင်နောက်ခန်းတွင် အပူရှိန်လွန်ကဲပြီး ယာဉ်အနောက်ခြမ်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေ များက ပြောသည်။

အဆိုပါ မော်တော်ယာဉ် မီးလောင်မှုကို အနံနက် (၁၀း၀၅) အချိန်ခန့်တွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့များက ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါ စီးနှင်းလာသည့် ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း သင်္ကန်းညီနောင်နယ်မြေရဲစခန်း၏ မှတ်တမ်းအရ သိရသည်။

ယာဉ်အားစစ်ဆေးမှုမရှိဘဲ ပေါ့လျော့စွာမောင်းနှင်သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ဆိုကာ ယာဉ်မောင်း ကျော်ကျော်လွင်(ခ)စိုးမိုးသန်း(၄၅)နှစ်၊ ပိတောက်လမ်း မင်္ဂလာဒုံမြို့နယ် ရန်ကုန် တိုင်းဒေသကြီးနေသူအား သင်္ကန်းညီနောင်နယ်မြေရဲစခန်းမှ ယာဉ်(ပ)၂၈/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၈၅ ဖြင့် အရေးယူထားကြောင်း သိရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ရက်နေ့ကလည်း မြဝတီ-ကော့ကရိတ် အာရှလမ်း မိုင်တိုင်အမှတ် ၁၅၈- ၁၅၉ ကီလိုမီတာကြား ကွမ်းခြံကွေ့ကုန်းဆင်းတွင် ခရီးသည်တင် မှန်လုံယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ် ပွားခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃၅ဦး ဒဏ်ရာရရှိခဲ့သေးသည်။

၂၀၁၅ ခုနှစ်၊ သြဂုတ် ၃၀ရက်နေ့တွင် တရားဝင် ဖွင့်လှစ်ခဲ့ပြီး လမ်းအရှည်(၂၈)မိုင်ရှိ မြဝတီ-ကော့ကရိတ်အာရှလမ်းမပေါ်တွင် ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပွားလျက်ရှိသော လမ်းကြောင်းတစ်ခုဖြစ်သည်။