Home သတင်း ကရင်ပြည်နယ်၏ ရွာနှစ်ရွာကို ပဲခူးတိုင်းအတွင်း ထည့်သွင်းလိုက်သည့်ကိစ္စ ပြန်ပြင်ရန် ‌တောင်းဆိုမည်

ကရင်ပြည်နယ်၏ ရွာနှစ်ရွာကို ပဲခူးတိုင်းအတွင်း ထည့်သွင်းလိုက်သည့်ကိစ္စ ပြန်ပြင်ရန် ‌တောင်းဆိုမည်

2209

‌အောက်တိုဘာ ၁၇ရက်၊ ၂၀၁၉ခုနှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ သာမိုး‌တောင် ‌ကျေးရွာအုပ်စု အတွင်းရှိ ကပ်ပါယ်ရွာနှင့် ထမုံ ‌ကျေးရွာ အုပ်စုအတွင်းရှိ ခ‌ပေါင်းပင် ‌ကျေးရွာများကို ပဲခူးတိုင်း‌ဒေသကြီး၊ ‌ရေတာရှည်မြို့နယ်အတွင်း သို့ ထည့်သွင်းသည့်အ‌ပေါ် နဂိုမူလအတိုင်း သံ‌တောင်ကြီးမြို့နယ်အတွင်း ပြန်ပြင်ဆင်ထည့်သွင်းရန် ‌တောင်းဆိုသွားမည်ဟု သံ‌တောင်ကြီးမြို့နယ်၊ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌နော်ခရစ္စထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ကျေးရွာအုပ်စုများသည် ‌ရှေးယခင်ကတည်းမှ လက်ရှိအချိန်ထိ သံ‌တောင်ကြီးမြို့နယ်၏ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ အုပ်ချုပ်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးဆိုင်ရာ စီမံခန့်ခွဲမှု လက်‌အောက်တွင်သာ ရှိသလို ‌ဒေသခံများကလည်း နဂိုမူလအတိုင်း သံ‌တောင်ကြီးမြို့နယ်အတွင်း၌သာ ဆက်ရှိရန်လိုလားသည်ဟု ‌နော်ခရစ္စထွန်းက ‌ပြောသည်။

၎င်းက “ ပြင်ဆင်သတ်မှတ်‌ပေးဖို့ တင်ပြ‌တောင်းဆိုသွားမှာ၊ ‌ရေတာရှည်မြို့နယ်ထဲကို ထည့် သွင်းလိုက်တဲ့ကိစ္စကို ကန့်ကွက်သွားမယ်၊ ပြီး‌တော့ ပြန်ပြင်ဆင်သတ်မှတ်‌ပေးဖို့ ‌တောင်းဆိုရမှာ‌ပေါ့။ သူတို့သ‌ဘောထား‌တွေကို အုပ်ချုပ်‌ရေးကိုလည်း တင်ပြပြီးပြီး၊ ကိုယ့်က သူတို့ကိုယ်စားလှယ်ဖြစ်တဲ့ အတွက် ကိုယ့်ကိုလည်း တင်ပြထားတယ်” ဟု ‌အောက်တိုဘာ ၁၇ ရက်‌နေ့တွင် ‌ပြောသည်။

အဆိုပါ ‌ကျေးရွာနှစ်ရွာသည် သံ‌တောင်ကြီးမြို့နယ်ဧရိယာအတွင်း တည်ရှိ ‌သော်လည်း ပဲခူးတိုင်း‌ဒေသကြီး၊ ပင်‌ချောင်းသစ်‌တောကြိုးဝိုင်းဧရိယာအတွင်း ကျ‌ရောက်‌နေပြီး ၂၀၁၅ ခုနှစ်တွင် သစ်‌တောကြိုးဝိုင်းအဖြစ်မှ ပယ်ဖျက်ခဲ့ပြီး ဖြစ်သည်။ ထို‌နောက် ၂၀၁၈ခုနှစ်၊ ‌အောက်တိုဘာ ၃ ရက်‌နေ့တွင် ထုတ်ပြန်သည့် ပြည်ထဲ‌ရေး ဝန်ကြီးဌာန၊ ပြန်တမ်းတွင် ‌ရေတာရှည်မြို့နယ်ထဲသို့ ရွာနှစ် ရွာကိုထည့်သွင်း ထားခြင်းဖြစ်သည်။

အဆိုပါ ပြန်တမ်းစာသည် သံ‌တောင်ကြီး မြို့နယ်၊ အ‌ထွေ‌ထွေအုပ်ချုပ်‌ရေး ဦးစီးဌာနသို့ တစ်နှစ်အကြာ ၂၀၁၉ ခုနှစ်၊ ‌အောက်တိုဘာ ၅ ရက်‌နေ့မှသာ ‌ရောက်ရှိလာသည်။ ထို့‌ကြောင့် မြို့နယ် အမျိုးသား လွှတ်‌တော် ကိုယ်စားလှယ်က ဦး‌ဆောင်ကာ မြို့နယ်တာဝန်ရှိသူများက ‌အောက်တိုဘာ ၈ ရက်တွင် ‌ဒေသခံများနှင့် သွား‌တွေ့ဆုံပြီး ‌ဒေသခံများ၏ သ‌ဘောထားအတိုင်း ယခုလို ပြင်ဆင်ရန် အုပ်ချုပ် ‌ရေးပိုင်းမှတစ်ဆင့် လုပ်‌ဆောင်သွားမည်ဟု ‌နော်ခရစ္စထွန်းက ‌ပြောသည်။

“‌ရေတာရှည်မြို့နယ်က အဲ့ရွာ‌တွေကို အ‌ခြေခံလူဦး‌ရေစာရင်း ‌ကောက်လို့မရဘူး။ လူဦး‌ရေ စာရင်းလွှဲ‌ပေးပါဆိုတဲ့ စာ‌ရောက်လာမှသိရတာ။ ‌ကောက်လို့ မရဘူးဆိုကတည်းက သူနဲ့ဆက်သွယ်မှုမရှိဘူးဆိုတာ ‌ပေါ်လွင်တယ်‌လေ။ လုပ်ထုံးလုပ်နည်းအရ မှား‌နေတယ်၊ တစ်‌ယောက်မှ မသိဘူးဖြစ်‌နေတယ်” ဟု ၎င်းက ဆက်‌ပြောသည်။

ယခုလို ပဲခူးတိုင်း‌ဒေသကြီး၊ ‌ရေတာရှည်မြို့နယ် အတွင်းသို့ ထည့်သွင်း ထားသည့် သံ‌တောင်ကြီးမြို့နယ်၊ သာမိုး‌တောင် ‌ကျေးရွာအုပ်စု အတွင်းရှိ ကပ်ပါယ်ရွာနှင့် ထမုံ‌ကျေးရွာအုပ်စုအတွင်းရှိ ခ‌ပေါင်းပင် ‌ကျေးရွာများသည် ၂၀၁၄ ပြည်လုံးကျွတ်သန်း‌ခေါင်စာရင်း ‌ကောက်ယူရာတွင်လည်း‌ကောင်း၊ ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင်လည်း သံ‌တောင်ကြီးမြို့နယ် မဲ ဆန္ဒနယ်‌မြေအတွင်း၌သာတည်ရှိသလို ရွာသားများကို မှတ်ပုံတင်ထုတ်‌ပေးရာတွင်လည်း သံ ‌တောင်ကြီးမြို့နယ်ကသာ ထုတ်‌ပေး‌နေပြီး လက်ရှိအချိန်ထိ သံ‌တောင်ကြီးမြို့နယ်၏ အ‌ထွေ‌ထွေ အုပ်ချုပ်မှု‌အောက်တွင်သာ ရှိ‌နေ‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။