Home သတင်း ပေါခလိုးဒေသတွင် ၃ ကြိမ်မြောက် ကမ္ဘာ့စားနပ်ရိက္ခာနေ့ကျင်းပ

ပေါခလိုးဒေသတွင် ၃ ကြိမ်မြောက် ကမ္ဘာ့စားနပ်ရိက္ခာနေ့ကျင်းပ

1042

အောက်တိုဘာ ၁၉ရက်၊ ၂ဝ၁၉ခုနှစ်။ စောမြတ်ဦးသာ

တနင်္သာရီဋ္ဌာနေတိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့က ဦးဆောင်ကာ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်မြို့နယ် ဘန်းချောင်းဒေသ(ပေါခလိုး) ပျားသားချောင်းရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

လူဦးရေတိုးလာမှုနှင့် နိုင်ငံတော်၏မြေယာပေါ်လစီကြောင့် သဘာဝအရင်းအမြစ်မှီခိုနေသည့် ဌာနေတိုင်းရင်းသားများ လွတ် လပ်စွာစိုက်ပျိုးလုပ်ကိုင်ခွင့်နည်းလာသည့်အတွက် ၎င်းတို့၏အခွင့်အရေးနှင့် အစာရေစာဖူလှုံမှုရှိစေရန် ရည်ရွယ်ကျင်းပရခြင်း ဖြစ်သည်ဟု တနင်္သာရီ ဋ္ဌာနေတိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ ဒုဥက္ကဌ စောခိုက ကေအိုင်စီသို့ ပြောသည်။

“တစ်နှစ်နဲ့ တစ်နှစ် အစာရေစာလျော့နည်းလာတယ်။ သဘာဝအရင်းမြစ်ကိုမှီခိုနေတဲ့ ဒေသခံတွေ သူတို့ဒေသထွက်သီးနှံတွေ မျိုးစေ့တွေ စိုက်ပျိုးနေတဲ့ မြေယာတောတောင်တွေ ရေရှည်ထိန်းသိမ်းဖို့ လိုအပ်တယ်။ ဥပဒေကလည်း ဋ္ဌာနေတိုင်းရင်း သားတွေအပေါ် သက်ရောက်လာတယ်။ မြေနေရာလည်း နည်းလာတယ်။ ဥပဒေအရ ကန့်သတ်မှုတွေ ရှိလာတော့ လွတ် လပ်စွာ လုပ်ကိုင်ခွင့်နည်းလာတာပေါ့နော်။ သူတို့တွေရဲ့အခွင့်အရေးကို မြှင့်တင်ပေးဖို့ လိုတယ်” ဟု စောခိုက ပြောသည်။

ထိုနေ့အခမ်းအနားသို့ ပေါခလိုး ဒေသရှိ ဒေသခံရွာသား ၄ဝဝ ကျော်တက်ရောက်ခဲ့ပြီး ကျေးရွာများအလိုက် တောင်ယာ ထွက်သီးနှံပြိုင်ပွဲ၊ ရိုးရာဟင်းချက်ပြိုင်ပွဲနှင့် ဒေသထွက် ဝါးလက်မှုပညာများပါ ခင်းကျင်းပြသခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ကစယ်ဒိုမြို့နယ်မှ နော်တာဘလက်က “NCA ငြိမ်းချမ်းရေးထိုးပြီးမှ ကျမတို့ဒေသခံတွေ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ လုပ်ကိုင်စိုက်ပျိုးခွင့်ရတော့ စားနပ်ရိက္ခာဖူလှုံမှုတွေရှိလာတယ်။ နိုင်ငံတော်အစိုးရရဲ့ မြေယာဥပဒေတွေမှာ ကျမတို့ တိုင်းရင်းသားတွေ စိုးရိမ်မှုရှိတယ်။ ကျမတို့မြေတွေမှာ ငွေရှင်ကြေးရှင်တွေ ဝင်ရောက်လုပ်ကိုင်သွားမှာကို စိုးရိမ်တယ်။ စိုက်ခင်း တွေဟာ မြေဂရမ်မရှိသေးဘူးပေါ့နော်။ ဌာနေတိုင်းရင်းသားအခွင့်အရေးကို ကြည့်ပေးဖို့ ပြောချင်တယ်” ဟု ကေအိုင်စီသို့ ပြော သည်။

တနင်္သာရီဋ္ဌာနေတိုင်းရင်းသာများစည်းလုံးညီညွတ်ရေးအဖွဲ့အနေဖြင့် ၂၀၁၇ခုနှစ်မှ စတင်ကာ နှစ်စဉ် အောင်တိုဘာလ ၁၆ ရက်နေ့ရောက်တိုင်း ထားဝယ်နှင့် မြိတ်ရှိ ဋ္ဌာနေတိုင်းရင်းသားများ၏ ကျေးရွာများတွင် ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနားကို အလှည့်ကျ ကျင်းပလာခဲ့ကြပြီး ယခု ၃ကြိမ်မြောက်ဖြစ်သည်။

၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ(UN) မှ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့အစည်း (Food and Agriculture Organization –FAO) ကို တည်ထောင်ခဲ့သည့်နေ့ကို အစွဲပြုပြီး ၁၉၇၉ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသည့် FAO အထွေထွေညီလာခံတွင် အောက်တိုဘာလ ၁၆ ရက်နေ့ကို ကမ္ဘာ့စားနပ်ရိက္ခာနေ့အဖြစ် သတ်မှတ်ခဲ့သည်။