Home သတင်း ကရင်ပြည်နယ်နေ့ ဒုံးပြိုင်ပွဲဝင်ရန် အခြားသော ပြည်နယ်နှင့်တိုင်းများကိုပါ ဖိတ်ခေါ်

ကရင်ပြည်နယ်နေ့ ဒုံးပြိုင်ပွဲဝင်ရန် အခြားသော ပြည်နယ်နှင့်တိုင်းများကိုပါ ဖိတ်ခေါ်

322

အောက်တိုဘာ ၁၀ ရက်၊ ၂၀၁၉ ခုနှစ်။ စောရှား

(၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့၊ ဒုံးအကပြိုင်ပွဲတွင် ကရင်ပြည်နယ်အပြင် အခြားသော ပြည်နယ်နှင့်တိုင်း ဒေသကြီးများကိုပါ ပြိုင်ပွဲဝင်အနေဖြင့် ယှဉ်ပြိုင်ကပြရန် ယခုနှစ်တွင်ဖိတ်ခေါ်ထားသည်ဟု ဒုံးပြိုင်ပွဲဖြစ်မြောက် ရေးကော်မတီတာဝန်ရှိသူများထံမှ သိရသည်။
လာမည့် နိုဝင်ဘာလ ၇ နေ့တွင် ကျရောက်သည့် ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲသို့ မွန်ပြည်နယ်၊ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးများကို ဖိတ်ကြားထားသည်ဟု ဒုံးပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီတာဝန်ခံ ကရင်ပြည်နယ်၊ ရှေးဟောင်းသုတေသနနှင့်ပြတိုက်ဦးစီးဌာန ပြည်နယ်မှူး စောဝင်းကျော်ကျော်က ယခုလိုပြောသည်။

၎င်းက “ကရင်မျိုးနွယ်စုတွေ စည်းစည်းလုံးလုံး ပြန်ဆက်သွယ်နိုင်အောင်၊ ပြန်လည်စုစည်းနိုင်အောင်၊ စုစု စည်းစည်းနဲ့ အတူတကွ ပါဝင်လုပ်ဆောင်နိုင်အောင် ခုလို ဖိတ်ခေါ်ရခြင်းဖြစ်ပါတယ်။ မနှစ်က တနင်္သာရီတိုင်းက လာပြိုင်တာ ဝမ်းသာမိတယ်။ အားလုံးကို ဝမ်းသာအားရကြိုဆိုပါတယ်” ဟု ယနေ့ (အောက်တိုဘာ ၁၀ ရက်)တွင် ပြောသည်။

ယခုနှစ် ဒုံးပြိုင်ပွဲများကို နိုဝင်ဘာလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ညအချိန်၌ ယှဉ်ပြိုင် တင်ဆက်ကပြမည်ဖြစ်ပြီး လက်ရှိအချိန်အထိ ကရင်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ ပြိုင်ပွဲဝင်ဒုံးအဖွဲ့ ၈ ဖွဲ့ စာရင်းရရှိထားသည်ဟု ဒုံးပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးပြိုင်ပွဲဝင်မည့် ဒုံးအဖွဲ့များစာရင်းများကို အောက်တိုဘာလ ၁၅ ရက်နေ့နောက်ဆုံး ထားပေးသွင်းရမည်ဖြစ်ပြီး လက်ရှိတွင် ဟိလာဖလောဖောင် ရွှေကော့ပရံဒုံး၊ ရသေ့ပျံစုပေါင်းဒုံး၊ ဟိမောင်း လာဒိုး နို့ပလိန်ဖိုးဒုံး၊ ဟိလာအဲဒိုး ချိတ်ဘောင်ဖိုးဒုံး၊ ဖားအံမြို့တော်ဒုံး၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲမြို့နယ် ကိုယ်စားပြုဒုံးနှင့် မြဝတီခရိုင်ဒုံးအဖွဲ့တို့ အသီးသီးစာရင်းပေးသွင်းထားကြောင်း သိရသည်။

ယမန်နှစ်၏ ဒုံးပြိုင်ပွဲ ပထမဆုကို မုက္ကဒိကျေးရွာယဉ်ကျေးမှုဒုံးအဖွဲ့က ဆွတ်ခူးရရှိခဲ့ပြီး ဒုတိယနှင့် တတိယ ဆုများကို ချစ်သူမြိုင်ဥယျာဉ်ယဉ်ကျေးမှုဒုံးအဖွဲ့နှင့် ဖားအံမြို့တော် ယဉ်ကျေးမှုဒုံးအဖွဲ့တို့ကလည်းကောင်း၊ စတုတ္ထနှင့် ပဉ္စမဆုများကို လှိုင်းဘွဲမြို့နယ် ယဉ်ကျေးမှုဒုံးအဖွဲ့နှင့် ကော့ကရိတ်မြို့နယ် ကိုယ်စားပြု ကော့ပရံ ယဉ်ကျေးမှုဒုံးအဖွဲ့တို့က အသီးသီး ဆွတ်ခူးသွားခဲ့ကြသည်။

ထို့အတူ ယမန်နှစ်(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့၊ ဒုံးအကပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု ပုလောမြို့နယ်ဒုံးအဖွဲ့မှ ပထမဦးဆုံးအကြိမ် လာရောက်ယှဉ်ပြိုင်ခဲ့ပြီး အကြိုးစားဆုံးဆုကို ဆွတ်ခူးရရှိခဲ့သည်။