မတူကွဲပြားမှုမှ ငြိမ်းချမ်းသည့် တန်းတူရည်တူရှိမှုကို တည်ဆောက်ကြပါစို့
နိုင်ငံတစ်ခုတွင် နိုင်ငံ့အရေး၊ နိုင်ငံသူနိုင်ငံသားများအရေးကို ဦးလည်မသုန် မဆောင်ရွက်နိုင်သရွေ့ အေးချမ်းသာ ယာပြီး ဖွံ့ဖြိုးတိုးတက်သော လူမှုအဖွဲ့အစည်းကို တည်ဆောက်နိုင်မည်မဟုတ်။ တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်ကာ တအူတုံဆင်း နေထိုင်လာခဲ့ကြသည့် မတူကွဲပြားသော လူမျိုးစုတိုင်းရင်းသားများစွာရှိသော မြန်မာနိုင် ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅မျိုးရှိသည်ဟု ဆိုသည်။ ၎င်းအရေအတွက်မှာ တိုင်းရင်းသားလူမျိုးစုနှင့် ၎င်းတို့၏ မျိုးနွယ်စုများကိုပါ ပေါင်းစပ် ရေတွက်ထားသည်ဟု ယူဆရသည်။
ယင်းသို့ လူမျိုးစုတိုင်းရင်းသားများစွာ မှီတင်းနေထိုင်လျှက်ရှိကြသော မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့ကြသည်မှာ ၂၀၁၂ခုနှစ်မှ စတင်ရေတွက်လျှင် ဆယ်စုနှစ်တစ်ခုသို့ပင် ချည်းကပ်ဝင်ရောက်လာနေပြီဖြစ်သည်။ စက်တင်ဘာလ ၂၁ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ် သည့်အားလျော်စွာ ၂၀၁၉ခုနှစ်အတွက် ဆောင်ပုဒ်မှာ “ငြိမ်းချမ်းရေးအတွက် အတူတကွ၊ အားလုံးအတွက် လုံခြုံရေး (Together for Peace, Security for All)”ဟူ၍ ဖြစ်သည်။
ထိုနေ့တွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အမျိုးသမီးများဖိုရမ် ကျင်းပခဲ့ရာ၌ အမျိုးသမီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတော်အဆင့် စီမံချက်ကို ရည်မှန်းကာ ဆွေးနွေးခဲ့ ကြသည်။ ၎င်းအပြင် ပြည်တွင်းစစ် ရပ်စဲရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အပါအဝင် အကြမ်းဖက်မှုအား လုံး ရပ်တန့်ရေး၊ လုံခြုံရေးနှင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပိုမို ပါဝင်လာရေးတို့ကို တိုက်တွန်းနှိုး ဆော်ခဲ့ကြသည်။
အလားတူ စက်တင်ဘာလ ၂၇ရက်နေ့က ပြုလုပ်ခဲ့သည့် ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း(NBF)၏ (၃၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားချက်များသည်လည်း တိုင်းရင်းသားပြည် သူလူထုတစ်ရပ်လုံး၏ တကယ့် အခြေအနေမှန်၊ သရုပ်သကန်ကို ထင်ဟပ်စေသည်ဟု သုံးသပ်မိသည်။ အဓိကအား ဖြင့် စစ်ဘေးရှောင်များ၏ မူလဘူတနေရင်းအရပ်တွင် အခြားအရပ်မှ ရွှေ့ပြောင်းရောက်ရှိလာမှုအပေါ် ဖြစ်ပေါ်လာ မည့် အကျိုးဆက်များအပြင် သက်ဆိုင်ရာပြည်နယ်များရှိ မြေယာနှင့် သဘာဝအရင်းအမြစ်များ၏ မူလပိုင်ရှင်များအ တွက် ၎င်းအရင်းအမြစ်များကို အသုံးချခွင့်၊ ထိန်းချုပ်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်များမှာလည်း နိုင်ငံတွင်းနေ ပြည်သူများ ရရှိ သင့်သည့် လူ့အခွင့်အရေးတစ်ရပ်ပင် ဖြစ်သည်။
မိသားစုတစ်စု၊ လူ့အသိုင်းအဝိုင်းတစ်ခု၊ နယ်မြေဒေသတစ်ခု၊ နို်င်ငံတစ်နိုင်ငံတွင် လူ့ဂုဏ်သိက္ခာပြည့်ဝပြီး လူသားအ ချင်းချင်း အပြန်အလှန် လေးစား၊ နားလည်၊ ယုံကြည်၊ ယိုင်းပင်းမှုများ ထွန်းကားမည်ဆိုပါက စည်းကမ်းပြည့်ဝပြီး ဖွံ့ဖြိုးတိုးတက်သော အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို ဖော်ဆောင်ရန် ခဲယဉ်းမည်မဟုတ်ပါ။ သို့သော် တိုင်း ရင်းသားများအရေး မလေးစားနိုင်သရွေ့၊ တိုင်းရင်းသားများ၏သမိုင်းမှန်ကို နားလည်ရန်ကြိုးစားပြီး အသိအမှတ် မပြုနိုင်သရွေ့၊ အုပ်ချုပ်သူများနှင့် ပြည်သူအကြား ဖြစ်တည်လာသည့် မလိုလားအပ်သော ခွဲခြားဖိနှိပ်မှုများမှာ အများပြည်သူစိတ်လုံခြုံမှုကို စိုးရိမ်မှုဖြစ်စေသည်။
ဆယ်စုနှစ်များစွာ သတ်မှတ်လာခဲ့သည့် နိုင်ငံ့နယ်နိမိတ်အရ ဗမာမဟုတ်သော တိုင်းရင်းသားများ၏ ပြည်နယ်ဒေသ များမှာ နိုင်ငံ့စည်းရိုးနေရာများသာဖြစ်၍ ယင်းတည်နေရာ အနေအထားမှာ နိုင်ငံ၏နယ်စပ်မျဉ်းလမ်းကြောင်းအတွက် လုံခြုံရေးချထားသကဲ့သို့ပင် ဖြစ်သည်။ ထိုပြည်နယ်များတွင် နေထိုင်လျှက်ရှိကြသည့် တိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးတမ်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ စကား၊ ဝတ်စားဆင်ယင်မှု၊ လူမှုဘဝများအပြင် ၎င်းလူမျိုးအသီးသီးတွင် နိုင်ငံနှင့်ချီသော သမိုင်းကြောင်း၊ လူမျိုးနှင့်ချီသော သမိုင်းကြောင်းများ ကိုယ်စီကိုယ်ငှ ရှိကြသည်ကိုလည်း မသိကျိုး ကျွန်ပြုကာ ချန်လှပ်ထား၍ မရပေ။
ထို့အတွက်ကြောင့် လူ့ဂုဏ်သိက္ခာအပြည့်ရှိသော လူသားများ၏ အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးစုများ၏ အမျိုး သားဂုဏ်သိက္ခာရှိသင့်သော တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့်အတူ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု ရှိစွာဖြင့် တန်းတူရည်တူ ချစ်ခင်ရင်းနှီးစွာ နေထိုင်ရင်း မိမိပြည်နယ်၊ တိုင်း၊ နိုင်ငံကို ဖွံ့ဖြိုးတိုးတက် သာယာသော လူ့အဖွဲ့အစည်းကြီးတစ်ခုအဖြစ် တည်ဆောက်ကြစေချင်ပါသည်။