Home ဆောင်းပါး ဘဝသစ်ပြန်စဖို့ ကြိုးပမ်း‌နေတဲ့ မဲ့သ‌ဝေါ စစ်‌ရှောင်များ

ဘဝသစ်ပြန်စဖို့ ကြိုးပမ်း‌နေတဲ့ မဲ့သ‌ဝေါ စစ်‌ရှောင်များ

3604

စက်တင်ဘာ ၆ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲ့သ‌ဝေါ‌ဒေသတွင် အစိုးရ၊ BGF တပ်နှင့် ခွဲထွက် DKBA တို့ ၂၀၁၆ ခုနှစ် တွင် ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိက္ခ‌ကြောင့် ‌ဒေသခံများ ရပ်ရွာ၊ အိုးအိမ်၊ အသက်‌မွေးဝမ်း‌ကျောင်း လုပ်ငန်းအားလုံးကို စွန့်ခွာပြီး မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စခန်း၌ ၄ နှစ် ခန့်စစ်‌ဘေး‌ရှောင်ခဲ့ရသည်။ ယခု စစ်‌ရှောင်ပြည်သူအချို့သည် ဘဝအသစ်တဖန် ပြန်လည် တည်‌ဆောက်‌ရေးအတွက် ၎င်းတို့ ရပ်ရွာသို့ ပြန်လည် အ‌ခြေချ‌နေထိုင်ကြပြီဖြစ်သည်။

မဲ့သ‌ဝေါ ‌ဒေသ မယ်ပရိုးခီးနှင့် မယ်ပရိုထာ့ ရွာသူ၊ ရွာသားများအ‌နေဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီနှင့် ‌ဖေ‌ဖော်ဝါရီ လအတွင်း ပြန်လည် အ‌ခြေချ ‌နေထိုင်ကြခြင်း ဖြစ်သည်။ ထိုသို့ ဘဝအသစ်တဖန် ပြန်လည်ထူ‌ထောင်ရာ တွင် စစ်‌ရှောင်းရွာသားများ အ‌နေဖြင့် အကူအညီများ လိုအပ်‌နေသည်ဟု အသီးသီး ထုတ်‌ဖော်‌ပြောသည်။

မယ်ပရို ရွာသား စစ်‌ရှောင် ‌စောလီးကီးက“ အခု ကျ‌နော်တို့‌တွေ အဖက်ဖက်က အခက်အခဲကြုံ ‌တွေ့‌နေပါ တယ်။ ‌တောင်ကြို‌တောင်ကြားမှာ ‌နေရတာအရမ်းခက်ခဲတယ်။ အကုန်လုံးက ထမ်းရပြုရတယ်။ အလိုအပ် ဆုံး က‌တော့ ဆန်‌ပေါ့။ ဆန်ဝယ်‌ပေးမယ်ဆိုရင်‌တော့ ဝမ်းသာတာ‌ပေါ့။ လာပြီး‌ထောက်ပံ့တာလည်း အကူ အညီအများကြီးဖြစ်‌စေပါတယ်။ ဒီမှာ‌နေတာ ထမ်းပိုး ရတာအရမ်း‌ဝေးပါတယ်။ စက်‌လှေနဲ့လည်း လမ်း‌ကြောင်း မရှိ။ ကားလည်း ကားလမ်းမရှိဘူး”ဟု ‌ပြောသည်။

၂၀၁၆ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲများ‌ကြောင့် မဲ့သ‌ဝေါ ‌ဒေသအတွင်းရှိ ‌ဒေသခံ ၅,၀၀ဝ ‌ကျော် စစ်‌ဘေး‌ရှောင်ခဲ့ရသည်။ ထိုအထဲတွင် မယ်ပရိုခီးနှင့် မယ်ပရိုထာ့ ‌ကျေးရွာ ၂ ရွာမှ အိမ်‌ထောင်စု ၂ဝ‌ကျော်၊ လူဦး‌ရေ ၁ဝဝ ‌ကျော်သည် လက်ရှိ အ‌ခြေအ‌နေအရ မိမိတို့ ရပ်ရွာ ဆီသို့ ယခုနှစ်ဆန်းပိုင်းတွင် ပြန်အ‌ခြေချ နိုင်ခဲ့ခြင်း ဖြစ်သည်။

မယ်ပရို‌ကျေးရွာအုပ်စု အတွင်း‌ရေးမှူး ‌စောဖါးဒါး “ကျ‌နော်တို့ ပြန်လာ‌နေ‌တော့ ဘာမှမရှိ‌တော့ဘူး။ သက် ဆိုင်ရာ ‌ခေါင်း‌ဆောင်‌တွေနဲ့ ‌တွေ့ဆုံပြီး‌တော့ ဖြစ်နိုင်ရင်‌ပေါ့၊ ကျ‌နော်တို့ကို ကူညီပါ‌ပေါ့။ တစ်နှစ်စာအတွက် ပဲ‌ပေါ့‌နော်။ ဒီအစတစ်နှစ်က ကျ‌နော်တို့မှာ ဘာဆိုဘာမှမကျန်‌တော့ဘူး‌လေ။ အကုန်လုံး ပြတ်လပ်‌နေတယ်။ ‌ခေါင်း‌ဆောင်‌တွေ ကြည့်ရှု‌စောင့်‌ရှောက်ရင် ကျ‌နော်တို့အတွက်အလည်း အ‌ထောက်အပံ့ဖြစ်တယ် ‌ပေါ့‌နော်။ လုပ်ကိုုင်ရတာ အားရှိမှာ‌ပေါ့”ဟု ‌ပြောသည်။

လတ်တ‌လောတွင် ရွာသားတချို့သည် ၎င်းတို့ရပ်ရွာဆီပြန်လည်အ‌ခြေချ‌နေ‌သော်လည်း တချို့‌သော ရွာသူရွာသားများကမူ ၎င်းတို့ရွာထဲတွင် ‌မြေမြှုပ်မိုင်းအန္တရာယ်အချိန်မ‌ရွေး ကျ‌ရောက်နိုင်သလို ‌နေထိုင်စား‌သောက်‌ရေးအတွက် အစားအစာများ မရှိဖြစ်‌နေရာ ပြန်လည်အ‌ခြေချ‌နေထိုင်လို‌သော်လည်း မလာရဲ‌သေးသည့်အတွက်‌ကြောင့် မြိုင်ကြီးငူ စစ်‌ရှောင်စခန်းတွင် ဆက်လက်ခိုလှုံ‌နေရဆဲဖြစ်သည်။

မြိုင်ကြီးငူ စစ်‌ရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ‌စော‌ရွှေထွန်းက“‌နေရပ်ပြန်ပြီး ပြန်‌နေထိုင်ဖို့ အခက် အခဲက‌တော့ မိုင်းဗုံးပဲဖြစ်ဖြစ်၊ လက်နက်ကိုင်အဖွဲ့အစည်း အများအပြားရှိတဲ့အတွက် မပြန်ရဲ‌သေးဘူး။ အခု ‌လော‌လောဆယ် ပြန်ရင်‌တော့ လုပ်ကိုင်စား‌သောက်ဖို့အတွက်က အခက်အခဲ‌တွေက‌တော့ အများကြီး ရှိ တယ်။ အစက‌နေ ပြန်လုပ်ရမှာဆို‌တော့ အခု‌လော‌လောဆယ်အ‌ခြေအ‌နေက ပြန်လို့မရ‌သေးဘူး။ ‌တော‌တောင် ‌တွေကြားမှာဆို‌တော့ သိတဲ့အတိုင်းပါပဲ။ ‌ဆေးရုံ၊ ‌ဆေးခန်းလည်းမရှိ၊ ပညာ‌ရေးဆို ‌ကျောင်း ဆရာမ‌တွေလည်း မြို့နဲ့အလှမ်း‌ဝေးတဲ့အတွက် အခက်အခဲကြီးမားပါတယ်”ဟု ‌ပြောသည်။

လက်ရှိ မြိုင်ကြီးငူ စစ်‌ရှောင်စခန်းတွင် စစ်‌ရှောင်ပြည်သူ ၅, ဝဝဝ ‌ကျော် ခိုလှုံ‌နေကြဆဲဖြစ်ပြီး ၎င်းတို့အား ပြည်နယ်အစိုးရနှင့် ပုဂ္ဂလိကအလှူရှင်အချို့က စားနပ်ရိက္ခာများ လာ‌ရောက် ကူညီ ‌ထောက်ပံ့‌ပေးမှုရှိ‌သော် လည်း လူ‌နေအိမ်များမှာ အမိုးအကာ လုံ‌လောက်မှုရှိသည့်အတွက် ခက်က်ခဲခဲ ‌နေထိုင်‌နေရသည်ဟု စခန်း တာဝန်ရှိသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

လတ်တ‌လော မိမိရပ်ရွာတွင် ပြန်လည်အ‌ခြေချကြသည့် ရွာသူ၊ ရွာသားများကို ပုဂ္ဂလိကအလှူရှင်များ လာ‌ရောက်ကူညီမှုများရှိသလို နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တာဝန်ရှိသူ များကလည်း တစ်ဖက်တလမ်းမှ ကူညီမှုများရှိသည်ဟု သိရသည်။

ထို‌ဒေသတွင် အ‌ခြေချလှုပ်ရှား‌နေသည့် KNLA ဗဟို ‌ပြောက်ကျားစစ်မှူး ဒုဗိုလ်မှူးကြီး‌စောခင်‌လေးက “အခုလို ပြန်လာတဲ့အခါမှာ စားနပ်ရိက္ခာအကူအညီ အများကြီး လိုအပ်‌နေပါတယ်။ ကျ‌နော်တို့နဲ့ပြန်လာ‌နေပြီး‌တော့ ကျ‌နော်တို့နဲ့ အတူတူစားကြတာ‌ပေါ့။ ဘယ်လို‌ပြောရမလဲ ‌သေရင်အတူတူ‌သေမယ်၊ ရှင်ရင်အတူတူရှင်မယ်။ ကရင့်တပ်မ‌တော်အသက်ရှင်ရင် ပြည်သူ‌တွေလည်း အသက်ရှင်မယ်။ ပြည်သူ‌တွေအသက်ရှင်နိုင်ရင် ကရင့် တပ်မ‌တော်လည်း အသက်ရှင်နိုင်တယ်။ ကျ‌နော်တို့ မိခင်အစည်းအရုံးဘက်လည်း တတ်နိုင်သ‌လောက် စီစဉ်‌ဆောင်ရွက်‌ပေးတယ်”ဟု ‌ပြောသည်။

ထို့အပြင် ပြည်တွင်း၊ ပြည်ပရှိ ကရင်ပြည်သူများအ‌နေဖြင့်လည်း လတ်တ‌လော ဘဝသက်ပြန်တဖန် ပြန်လည် ‌ဆောက်တည်ကြသည့် စစ်‌ရှောင်ပြည်သူများ၏ ကြုံ‌တွေ့‌နေရသည့်အခက်အခဲ၊ အကြပ်အတည်း အ‌ခြေအ‌နေကို ‌တွေ့မြင်ရပြီး ဝိုင်းဝန်းစဉ်းစား‌ပေး‌စေလိုသည်ဟုလည်း ဒုဗိုလ်မှူးကြီး ‌စောခင်‌လေးက ဆက်‌ပြောသည်။

လက်ရှိတွင် အဆိုပါ မိမိ‌နေရပ်ကို ပြန်လာကြသည့် စစ်‌ရှောင်ပြည်သူများကို ထိုင်းနိုင်ငံမှ အလှူရှင်များ၊ ပုဂ္ဂလိက အလှူရှင်များနှင့် နယ်‌မြေခံ တာဝန်ရှိသူများက တတ်နိုင်သမျှ ကူညီပံ့ပိုးခဲ့ကြ‌သော်လည်း ၎င်းတို့ဘဝ ပြန်လည်ထူ‌ထောင်နိုင်‌ရေးအတွက် အစိုးရနှင့် နိုင်ငံတကာ အလှူရှင်များကလည်း ပါဝင်လိုသည်ဟု ကရင် အမျိုးသမီးအစည်းအရုံး(KWO)က ‌ပြောသည်။

KWO တွဲဖက်အတွင်း‌ရေးမှူး (၂)‌နော်‌စေးဟဲက“ကျမတို့မြင်တာက အစိုးရက သူတို့ကို ကူညီ ‌ထောက်ပံ့မှု ‌တွေ လုပ်‌ဆောင်သင့်တယ်။ မြန်မာပြည်မှာ နိုင်ငံတကာ ‌ငွေ‌ကြေး‌ထောက်ပံ့မှု‌တွေ အများကြီးကို ဝင်လာ တယ်။ သူတို့(IDPs)‌တွေကို ကူညီ‌ထောက်ပံ့‌ပေးသင့်ပါတယ်။ ကရင်ပြည်နယ်မှာရှိတဲ့ IDPs ‌တွေကို ပြန်ကြည့်မယ်ဆိုရင် ဒုက္ခသည်(နယ်စပ်ရှိ)‌တွေပြန်‌နေဖို့‌တောင် အခက်အခဲရှိတယ်။ အခုသူတို့‌တွေ ပြန်လာ တာ စားနပ်ရိက္ခာ‌တွေ ဘာမှမရှိ‌သေးဘူးဆို‌တော့ ဖြစ်နိုင်ရင် အဖွဲ့အစည်းတစ်ခုဖွဲ့ကာ ပူး‌ပေါင်းပြီး‌တော့ ‌ထောက်ပံ့ကူညီမဲ့ နည်းလမ်း‌တွေကို ရှာကြံသင့်ပါတယ် ” ဟု ‌ပြောသည်။

စစ်‌ရှောင်ပြည်သူများအ‌နေဖြင့် ယခုလိုအခက်အခဲအမျိုးမျိုး ကြုံ‌တွေ့ရသည့် အ‌ခြေအ‌နေ‌အောက်မှ လွတ်‌မြောက်ချင်‌နေကြမှာက ‌မြေကြီးလက်ခတ်မလွဲဖြစ်သည်။ သို့‌သော် မိမိတို့ရပ်ရင်းရွာ ‌ဒေသများတွင် စစ်‌ရေးတင်း မာမှုရှိ‌နေသ၍၊ တည်ငြိမ်မှုများ မရှိ‌သေးသ၍ ယခုလို ခက်ခဲသည့် အ‌ခြေအ‌နေ‌အောက်မှာပင် ဆက်လက် ရုန်းကန်အသက်ရှင်‌နေကြရမည်ဖြစ်သည်။ ‌နေရပ် ပြန်ကာ ဘဝသစ် ထူ‌ထောင်မည့် စစ်‌ရှောင် များ အတည်တကြဖြစ်‌ရေး အားလုံးဝိုင်းလုပ်‌ဆောင်‌ပေးရန် လိုမည်ဖြစ်သည်။