Home သတင်း ကရင်အာဇာနည်‌နေ့ အသုံးအနှုန်း မသုံးရန် တရားခွင်တွင် ထွက်ဆိုသည့်အ‌ပေါ် ဝမ်းနည်းမိ‌ကြောင်း ‌နော်အုန်းလှ‌ပြော

ကရင်အာဇာနည်‌နေ့ အသုံးအနှုန်း မသုံးရန် တရားခွင်တွင် ထွက်ဆိုသည့်အ‌ပေါ် ဝမ်းနည်းမိ‌ကြောင်း ‌နော်အုန်းလှ‌ပြော

2246

စက်တင်ဘာ ၂၄ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသား အာဇာနည်‌နေ့ ကျင်းပသည့်အတွက် တရားစွဲခံရသည့်အမှုတွင် တရားလိုပြ သက်‌သေများက ကရင်အာဇာနည်‌နေ့ အသုံးအနှုန်းမသုံးရန် စက်တင်ဘာ ၂၄ ရက်‌နေ့ တရားခွင်တွင် ထွက်ဆိုမှု ပြုလုပ်သည့် အတွက် စိတ်မ‌ကောင်း၊ ဝမ်းနည်းမိသည်ဟု တရားစွဲခံရသူ ‌နော်အုန်းလှက တရားခွင်အပြီး မီဒီယာများနှင့် ‌တွေ့ ဆုံစဉ် ‌ပြောသည်။

ကရင်အမျိုးသား အာဇာနည်‌နေ့ ကျင်းပသည့်အတွက် စည်းကမ်းချိုး‌ဖောက်သည်ဟုဆိုကာ အစိုးရက တရားစွဲ ဆိုလိုက်သည့် ‌နော်အုန်းလှနှင့် ‌စောအဲလ်ဘတ်ချို၊ စသိန်း‌ဇော်မင်းတို့ အမှုကို စက်တင်ဘာ ၂၄ ရက်‌နေ့တွင် ‌ကျောက်တံတားမြို့ နယ်၊ တရားရုံး၌ တရားလိုနှင့် တရားလိုပြ သက်‌သေများကို စတင်စစ်‌ဆေးခဲ့သည်။

“ဒီ‌နေ့ ထွက်ဆိုချက်‌တွေမှာ ကရင်အာဇာနည်‌နေ့ကို မသုံးခိုင်းတာ ထပ်ခါတလဲလဲ ကြားရတယ်။ ကရင်လူမျိုး ‌တွေရဲ့ အာဇာနည်‌နေ့ လုပ်တာကို မသုံးပါနဲ့လို့ ထွက်တာ ကျမ အင်မတန်ဝမ်းနည်းတယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်‌ရေး‌ပြော‌နေတဲ့ အစိုးရက၊ ဌာနဆိုင်ရာ တာဝန်ရှိသူ‌တွေ ဒီလို‌ပြောတဲ့အတွက် အင်မတန်းမှ ဝမ်းနည်းပါတယ်” ဟု ‌နော်အုန်းလှက ‌ပြောသည်။
ယခုလို အစိုးရက ‌ပြောဆိုခြင်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်‌ရေးကို ပြိုကွဲ‌စေသည့်စကားများဟု မိမိ မြင်‌ကြောင်း၊ မိမိတို့ နိုင်ငံသည် တိုင်းရင်းသား‌ပေါင်းစုံ စု‌ပေါင်း‌နေထိုင်သည့် နိုင်ငံဖြစ်သလို တိုင်းရင်းသားအခွင့် အ‌ရေးဆိုင်ရာ ဥပ‌ဒေများပြဌာန်းထားပါလျက်နှင့် ယခုလို ပြုမူသည့်အ‌ပေါ် စိတ်မ‌ကောင်းဖြစ်မိပြီး ပိုဖိနှိပ်ခံရ သည့်အတွက် ဝမ်းနည်းသည်ဟု ‌နော်အုန်းလှက ဆက်‌ပြောသည်။

အလားတူ တရားစွဲခံရသည့် ကရင်လူငယ် စသိန်း‌ဇော်မင်းက “ အစိုးရက တိုင်းရင်းသား‌တွေကို ဒီလိုဘဲ တိုင်းရင်းသား‌တွေကို ဖိနှိပ်အုပ်ချုပ်ဦးမယ်ဆိုရင်၊ အနာဂတ်သွားချင်တဲ့ ဖက်ဒရယ် ဒီမိုက‌ရေစီနိုင်ငံက‌တော့ ‌ဝေး‌နေဦးမှာပဲလို့ ‌ပြောချင်တယ်” ဟု တရားခွင်အပြီး မီဒီယာများနှင့် ‌တွေ့ဆုံစဉ် ‌ပြောသည်။

ငြိမ်း၊ စု၊ စီ ဥပ‌ဒေအရ မိမိတို့ ဆန္ဒကို မည်သူတစ်ဦးတစ်‌ယောက်ကိုမျှမထိခိုက်ပါက လုပ်‌ဆောင်၍ရ‌သော်လည်း ‌ဒေသန္တရ အာဏာပိုင်များက ဒီအသုံးနှုန်းမသုံးရန် တားမြစ်ခြင်းသည် ဥပ‌ဒေကို ချိုး‌ဖောက်ရာ ‌ရောက်သည်ဟု မြင်မိ‌ကြောင်း အမှုတွဲပါ ‌စောအဲလ်ဘတ်ချိုက ‌ပြောသည်။

ယ‌နေ့ နံနက် ၁၁ နာရီတွင် ပြုလုပ်သည့် တရားခွင်တွင် တရားလို ‌ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ‌ကျောက် တံတားရဲစခန်းမှူး၊ ရပ်ကွက် အုပ်ချုပ်‌ရေးမှူး၊ ရဲတပ်ဖွဲ့ နယ်ထိန်းနှင့် ညှိနှိုင်း‌ဖြေ‌လျှော့‌ရေး အဖွဲ့ဝင် တစ်ဦးတို့ကို ကြားနာ စစ်‌ဆေးခဲ့သည်။

ထို့အပြင် စက်တင်ဘာ ၂၇ ရက်‌နေ့တွင် ထပ်မံ ကြားနာ စစ်‌ဆေးရန် ရုံး‌တော်က ချိန်းဆိုထားပြီး တရားစွဲခံရ သူများကို စစ်‌ဆေးသွားမည်ဖြစ်သည်။ သို့‌သော် မိမိတို့ အ‌နေဖြင့် ဥပ‌ဒေနှင့်အညီလုပ်‌ဆောင်ခဲ့သည့်အတွက် မည်သည့် ထွက်ဆိုချက်မှ ‌ပေးရန်မရှိဟု ‌နော်အုန်းလှက ‌ပြောသည်။ ထို့အပြင် အမှုကြားနာစစ်‌ဆေးပြီး‌နောက် ချမှတ်သည့် အမိန့်ကို ‌ကျေနပ်မှုမရှိပါက အထက်တရားရုံးများဆက်တက်သွားမည်ဟု ၎င်းက ဆက်‌ပြောသည်။

ယ‌နေ့ ပြုလုပ်သည့် တရားခွင်သို့ ကရင်ဘုန်း‌တော်ကြီးများ၊ ကရင်ပြည်သူများ သွား‌ရောက်နား‌ထောင်ခဲ့သလို တရားရုံးအနီးတွင်လည်း ကရင်အမျိုးသားပါတီဝင်များ၊ ကရင်လူငယ်များ၊ အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အဖွဲ့ဝင်များ၊ ဒို့‌မြေကွက်ရက် အဖွဲ့ဝင်များ၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီဝင်များ စသဖြင့် လူ ၃၀ဝ ဦး ‌ကျော် လာ‌ရောက် အား‌ပေးနှုတ်ဆက် ဝန်းရံခဲ့ကြကာ ကရင်အမျိုးသား သီချင်းသီဆိုခြင်း၊ “တိုင်းရင်းသား အခွင့်အ‌ရေး တန်းတူရရှိ‌ရေး-ဒို့အ‌ရေး”စသည်တို့ကို ‌ကြွေး‌ကြော်ခဲ့ကြသည်။