Home သတင်း မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် ခရီးသည်တင်မှန်လုံယာဉ် တိမ်းမှောက်ခဲ့ရာ အမျိုးသမီး(၁) ဦး သေဆုံးခဲ့ပြီး ၃၅ ဦး ဒဏ်ရာရ

မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် ခရီးသည်တင်မှန်လုံယာဉ် တိမ်းမှောက်ခဲ့ရာ အမျိုးသမီး(၁) ဦး သေဆုံးခဲ့ပြီး ၃၅ ဦး ဒဏ်ရာရ

606

စက်တင်ဘာလ ၁၁ ရက်၊ ၂ဝ၁၉ ခုနှစ်။ နေနော်

မြဝတီ-ကော့ကရိတ် အာရှလမ်း မိုင်တိုင်အမှတ် ၁၅၈- ၁၅၉ ကီလိုမီတာကြား ကွမ်းခြံကွေ့ကုန်း ဆင်း တွင် စီးလုံးငှားလာသော ခရီးသည်တင် မှန်လုံယာဉ်တစ်စီး စက်တင်ဘာလ ၁၀ ရက်နေ့ ၊ မွန်းလွဲ (၁း၃၀)အချိန်ခန့်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃၅ဦး ဒဏ်ရာရရှိ ခဲ့သည်ဟု သိရသည်။

ကရင်ပြည်နယ် ဖားအံမြို့၊ စိုက်ပျိုးရေးသင်တန်းကျောင်းမှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ လေ့လာရေးခရီး သွားရောက်ရန် ကားနှစ်စီးဖြင့်လာကြစဉ် ရွှေပြည်ဦးမှန်လုံယာဉ်မှာ အခင်းဖြစ်ပွားရာ ကွမ်းခြံကွေ့ ကုန်းဆင်းအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသော လူနာများအား မြဝတီမြို့၊ သင်္ကန်း ညီနောင်ကျေးရွာ၊ ဝှေ့ရှမ်းကျေးရွာ၊ ကော့ကရိတ်မြို့တို့မှ လူမှု ကူညီရေးအသင်းများက မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်ပေးခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူများက ပြောသည်။

“တဘက်နိုင်ငံ(ထိုင်း)သို့  လေ့လာရေးခရီး။ အပျော်ခရီးမှာ ယခုလို ဖြစ်သွားတော့ စိတ်မ ကောင်းဘူး ပေါ့။ အဓိက ကတော့ ကားဆရာပေါ့နော်။ ဒီလမ်းကိုလာ မယ်ဆိုရင် ကားကိုစစ် ဆေးရမယ်။ ဆင်ခြင်ပြီးမောင်းရမယ်” ဟု ယာဉ်တိမ်းမှောက်မှုတွင် ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းယာဉ်တိမ်းမှောက်မှုကြောင့် ဖားအံမြို့၊ နော်ဒါးကုံးကျေးရွာနေ ကရင်တိုင်းရင်းသူ နော်မူ့ဒါး အသက် ၄၂ နှစ်မှာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရကာ မြဝတီခရိုင်ပြည်သူ့ဆေးရုံ ကြီးသို့ ရောက်ရှိလာသည့် လူနာ(၃၆)ဦးအနက် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၇ ဦးတို့မှာ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ခြင်းကြောင့် အတွင်းလူနာအဖြစ် ဆေးရုံတင်ပြီး ကုသပေးနေရသည်။ ထိုအထဲတွင် ဒဏ်ရာအနည်းငယ်ရရှိသူ အမျိုးသမီး ၁၅ ဦး ၊ အမ်ျိုးသား ၁ ဦးတို့အား ပြင်ပလူနာ အဖြစ် ကုသပေးလျက်ရှိသည်ဟု သိရသည်။

အရေးပေါ်လူနာများအား ကူညီဆောင်ရွက်ပေးခဲ့သူ ကော့ကရိတ်မြို့၊ ပုလဲဖြူ လူမှုကယ် ဆယ်ရေး အသင်းခေါင်းဆောင် ကိုထိုက်က ယာဉ်တိမ်းမှောက်ကြောင်း သတင်းရလျှင်ရချင်း ကားသုံးစီး ဖြင့် လာရောက်ပြီး လူနာများအား မြဝတီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ထို့အတူ မြဝတီနှင့် ညီနောင် ဝှေ့ရှမ်းလူမှုကယ်ဆယ်ရေးအသင်းများကလည်း ကူညီပေးခဲ့သည်ဟု ပြောသည်။

ထို့အပြင် မြဝတီ ခရိုင်ဆေးရုံသို့ ရောက်ရှိလာသည့် ဒဏ်ရာရရှိသူများကို သင်္ဃန်း ညီနောင်အခြေ ချ စစ်ဗျူဟာမှူး၊ မြဝတီ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့ မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ကလည်း လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်ဟု သိရသည်။

ထိုသို့ လူအများကို ထိခိုက်ဒဏ်ရာရရှိစေပြီး တစ်ဦးသေဆုံးသည်ထိ ယာဉ်အား မဆင်မခြင် မောင်း နှင်ခဲ့သူ ယာဉ်မောင်း ဦးတင်မြင့်ဆိုသူအား သင်္ဃန်းညီနောင် နယ်မြေရဲစခန်းမှ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲတာဝန်ရှိသူများက ပြောသည်။