Home သတင်း မြဝတီတွင် အများမြင်ကွင်း၌ မဖွယ်မရာပြုလုပ်သူ တရုတ်နိုင်ငံသား ၇ ဦးကို အမှုဖွင့်

မြဝတီတွင် အများမြင်ကွင်း၌ မဖွယ်မရာပြုလုပ်သူ တရုတ်နိုင်ငံသား ၇ ဦးကို အမှုဖွင့်

454

စက်တင်ဘာ ၁၄၊ ၂၀၁၉ ခုနှစ်။ နေနော်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးနံဘေး၊ လှိုင်သစ် ဖုန်းဆိုင်ရှေ့၌ စက်တင်ဘာလ ၁၃ ရက် ည ၇ နာရီအချိန်ခန့်က မဖွယ်မရာပြု အပေါ့စွန့်ကာ ညစ်ညမ်းစွာ ဆဲဆိုသည့် တရုတ် နိုင်ငံသား ၇ ဦးကို မြဝတီမြို့မရဲစခန်းက ပုဒ်မ(၃)ခုဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ပြော ဆိုသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၃ ရက်နေ့ ည ၇ နာရီကျော်ခန့်တွင် လှိုင်သစ် မိုဘိုင်းဖုန်းဆိုင်ဘေးရှိ ၄ ထပ်တိုက်မှ တရုတ်နိုင်ငံသား ၉ ဦးခန့်သည် မူးယစ်သောက်စားထားသည့် လက္ခဏာဖြင့် တဦးကိုတစ်ဦး ကုန်းပိုး ဆင်းလာကာ တဦးသည် အများပြည်သူမြင်ကွင်း ဖုန်းဆိုင်ရှေ့တွင် မဖွယ်မရာပြု၊ အပေါ့စွန့်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ မဖွယ်မရာ ပြုလုပ်နေသည်ကို ဆိုင်ပိုင်ရှင်မခင်မိုးကြည်က မပြုလုပ်ရန်တားမြစ်ခဲ့သော်လည်း ဘေးစောင်း အနေအထားဖြင့် အပေါ့စွန့် ခဲ့သလို တရုတ်နိုင်ငံ သား ၇ ဦးသည် တရုတ်ဘာသာ စကားဖြင့် ဆဲဆို ခြင်းများ ရှိသည်ကို စကားနာလည်သူ တဦးက ပြောပြသည့် အတွက် ယခုလို ကာအိနြေ္ဒပျက်အောင် လုပ်ဆောင်ခဲ့မှု အပေါ်ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်အပေါ် တရုတ်နိုင်ငံသား ၇ ဦးအား မြဝတီမြို့မရဲစခန်းတွင် (ပ)၁၀၄၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ၅၀၉/၁၁၄ တို့ဖြင့် တရုတ်နိုင်ငံသား ၇ ဦးကို အမှုဖွင့်ထားပြီး ၅ ဦးကို မြဝတီမြို့မရဲစခန်း တွင် ထိန်းသိမ်းထားသော်လည်း ဆိုင်ရှေ့တွင်မဖွယ်မရာပြု အပေါ့စွန့်ခဲ့သူနှင့် ကျန်တဦးမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မြဝတီမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း တရုတ်နိုင်ငံသားများ အိမ်ငှားနေထိုင်မှုများ ရှိလာပြီး တရုတ်စာတမ်းပါ ဆိုင်းပုဒ်များတပ်၍ ဈေးဆိုင်များနှင့် တရုတ်စားသောက်ဆိုင် အများအပြား ဖွင့်လှစ်မှုများရှိလာကြောင်း မြဝတီ မြို့ခံများက ပြောသည်။

ယခုလို ဖားအံနှင့် မြဝတီမြို့တွင် တရုတ်နိုင်ငံသားများ ရပ်ကွက်အတွင်း လုံးချင်းအိမ်ငှားရမ်း နေထိုင်မှုများ ရှိလာခြင်းအပေါ် ဥပဒေနှင့် အညီ စိစစ်အရေးယူရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ယခုရက်ပိုင်းအတွင်း ဖားအံ မြို့တွင်ကျင်းပသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လစဉ်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။