S.မင်းခိုက်သူ
၁၂ ဩဂုတ်၊ ၂၀၁၉။
ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးသည် ကြွယ်ဝချမ်းသာသော မြေပိုင်ရှင်သူဌေး အမျိုးအနွယ်မှ ဆင်းသက်မွေးဖွား လာသူ ဖြစ်သည်။ ဗြိတိသျှအဂင်္လန်နိုင်ငံတွင် ဝတ်လုံတော် ဥပဒေဘွဲ့ ယူ၍ အဂင်္လန်သူတစ်ယောက်နှင့် နဖူးစာဆုံခဲ့ပြီး မြန်မာ နိုင်ငံသို့ပြန်လာသည်။
မြန်မာနိုင်ငံ ပြန်ရောက်သည့်အခါ မိမိဇာတိမြို့ဖြစ်သော ပုသိမ်မြို ့ ကန်သုံးဆင့်တွင် နေထိုင်လျက် ရှေ့နေအလုပ်ဖြင့် အသက် မွေးဝမ်းကျောင်း ပြုသည်။
ဆရာသာထိုသည် အထက်တန်းကျောင်းသား ဘဝကတည်းက စောဘဦးကြီးနှင့် စတင်သိကျွမ်းခဲ့သူဖြစ်သည်။ သူ့အား စတင် သိစဉ်က ရုပ်ရည်ချောမော၍ လူမျိုးစုံနှင့် ပြေပြစ်အောင် ပေါင်းသင်းဆက်ဆံနိုင်သော သူဌေးသားတစ်ဦးအဖြစ်သာ တွေ့မြင်ခဲ့ သည်။ အမျိုးသားနိုင်ငံရေးကို လုပ်ဆောင်မည့်သူဟု မထင်ခဲ့ပေ။ သူသည် မိမိပိုင်ဆိုင်သော စည်းစိမ်ချမ်းသာကို စွန့်လွှတ်၍ အမျိုးသားရေးလမ်းကြောင်းပေါ်သို့ တစိုက်မတ်မတ် လျှောက်လှမ်းလာခဲ့သူ ဖြစ်သည်။
တချို ့က အဂင်္လန်သူနှင့် အိမ်ထောင်ကျသူမို့ စောဘဦးကြီးအား မျိုးချစ်စိတ်မရှိဟု မြင်တတ်ကြသည်။ သို့သော် ကိုယ်ပိုင်ချစ် ခြင်းမေတ္တာနှင့် တစ်မျိုးသားလုံးနှင့်ယှဉ်သည့် မေတ္တာစိတ်မှာ ပြတ်သားစွာ ခြားနားပြခဲ့သူပင်ဖြစ်သည်။ အဂင်္လိပ်ခေတ်တွင် မြန် မာတို့သည် “သခင်” နာမည်ဖြင့် အမျိုးသားစိတ်ကိုမြှင့်တင်ပြီး အလေးထားခဲ့ကြသလို စောဘဦးကြီးသည် “စော” ဆိုသည့် ကရင်နာမည်အမှတ်သကေင်္တကို စံပြအဖြစ် အလေးပြုလျက် တန်ဘိုးထားခဲ့သူဟု ဆိုပါသည်။
စောဘဦးကြီးသည် ပုသိမ်မြို့၌ နေထိုင်စဉ် တည်ငြိမ်အေးဆေးစွာဖြင့် ရှေ့နေလုပ်ငန်းကို လုပ်ကိုင်သလို တစ်ဖက်တွင်လည်း ဖခင်၏လယ်ယာလုပ်ငန်းကိုလည်း ဆောင်ရွက်လုပ်ကိုင်သည်။ ရှေ့နေအလုပ်တွင် စော်ဘွားတစ်ဦး၏ သားလူသတ်မှုကို အမှု လိုက်ခဲ့ရာတွင် ကွင်းလုံးကျွတ် လွတ်သွားသဖြင့် နာမည်ကြီးလာခဲ့လေသည်။ အဂင်္လိပ်ခေတ်တွင် သူ၏ဘဝသည် တည်ငြိမ် အေးချမ်းစွာ ဖြတ်သန်းနေထိုင်ခဲ့သည်။
ဂျပန်ခေတ်မှ စတင်၍ ဘဝပေးအသိဉာဏ်နှင့် ယှဉ်သော ပတ်ဝန်းကျင် အနေအထားများက သူ့အား ကရင့်အမျိုးသား နိုင်ငံရေး ဇာတ်ခုံပေါ်သို့ တွန်းတင်ခဲ့လေသည်။ ဂျပန်ခေတ်တွင် ကရင်-ဗမာ အဓိကရုဏ်း ပေါ်ပေါက်ခဲ့သည်။ အဓိကရုဏ်း ပြေငြိမ်းရန် နားလည်မှုချစ်ကြည်မှု ရရှိရေးအတွက် ဒေါက်တာဘမော်အစိုးရသည် နယ်ပေါင်းစုံ ကရင်အမျိုးသားခေါင်းဆောင်များကို ဖိတ် ခေါ်ဆွေးနွေးခဲ့သည်။ ထို့နောက် အကြံပေးအဖွဲ့တစ်ခုကို ဖွဲစည်းခဲ့ရာတွင် စောဘဦးကြီးသည် အဖွဲ့ခေါင်းဆောင် ဒေါက်တာစံစီဖိုး နှင့်အတူ ပုသိမ်မြို့မှ ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။
ထိုအချိန်မှစ၍ သာယာဝတီနယ်မှ ရောက်ရှိလာသော ဆရာသာထိုနှင့် ပြန်လည် ဆုံတွေ့ခဲ့သည်။ ဆရာသာထိုသည် စောဘဦး ကြီး၏ အပြောအဆို အပြုအမူနှင့် ခေါင်းဆောင်ပီသပုံတွေ အထက်တန်းကျောင်းသား ဘဝကနှင့် တခြားစီဖြစ်သည်ကို ထူးခြား စွာ ပြန်လည်တွေ့မြင်လာခဲ့သည်။ ထိုစဉ်က ကရင်-ဗမာ အဓိကရုဏ်း ငြိမ်းချမ်းသွားသည့်အခါ အသက်အရွယ် ထောက်လာ သော ဒေါက်တာစံစီဖိုးသည် အနာဂတ်တွင် ခေါင်းဆောင်တစ်ဦးဖြစ်လာမည့် ကရင်လူငယ် စောဘဦးကြီးကို အားကိုးလေးစားခဲ့ သည်ဟု ဆိုပါသည်။
ထို့ကြောင့် ဒေါက်တာစံစီဖိုးသည် ပုသိမ်သို့ ပြန်လည် မထွက်ခွာမီ အမျိုးသားအကျိုးကို ဆောင်ရွက်နိုင်ရန် အကြံပေးအဖွဲ့တွင် မန်းဘခင်၊ စောဂျွန်ဆင်ကံကြီး၊ စောဘမောင်၊ ဆရာသာထိုတို့နှင့်အတူ စောဘဦးကြီးကို ပါဝင် ဖွဲ့စည်းစေခဲ့သည်။ ဂျပန်ခေတ် တွင် ကရင်+ဗမာ ချစ်ကြည်ညီညွတ်ရေးအတွက် မြစ်ဝကျွန်းပေါ်သို့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ သခင်သန်းထွန်းတို့နှင့်အတူ စောဘဦးကြီး အမှူးပြုသည့် ကရင်ခေါင်းဆောင်တို့သည် ငြိမ်းချမ်းရေး တရားဟောထွက်ခဲ့ကြသည်။ ဦးနု၏ ငါးနှစ်ရာသီ ဗမာ ပြည် စာအုပ်တွင် ထိုစဉ်က စောဘဦးကြီး၏ ခေါင်းဆောင်ပီသသော စကားလုံးများကို ပြန်လည်၍ မှတ်တမ်းတင်ထား သည်ကို တွေ့ရလေသည်။ စောဘဦးကြီးသည် ဂျပန်ခေတ်တစ်လျှောက်လုံး ပုသိမ်သို့မပြန်တော့ဘဲ ရန်ကုန်မြို့၏ ဗုံးဆံ၊ အမြောက်ဆံကြားမှနေ၍ ကရင်အမျိုးသားရေးလုပ်ငန်းတွေကို အဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိတော့သည်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသောအခါ ကရင်ပြည်နယ်အရေး၊ ကရင့်အခွင့်အရေးတို့နှင့်အတူ စောဘဦးကြီး၏ နာမည်သည် ထင်ရှားလာတော့သည်။ ၁၉၄၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်မှ
ဇူလိုင် ၂၉ ရက်ေ အထိ ရန်ကုန်မြို့ အောက်ကြည့်မြင်တိုင်းလမ်း အ မှတ်(၅၂၈) တွင် အစည်းဝေးပြုလုပ်ပြီး ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ကရင်ပြည်နယ်အရေးကို အချက် ၃ ချက် ပါ ချမှတ်၍ဆုံးဖြတ်ကြသည်။ ၁၉၄၅ ခု၊ စက်တင် ဘာ ၂၆ ရက်တွင် စောဘဦးကြီး အပါအဝင် ကရင် ခေါင်းဆောင် ၅ ဦးသည် ဗြိတိသျှအစိုးရထံ ကရင် ပြည်နယ်အရေးကို တောင်းဆိုပါသည်။ ထို့နောက် ပိုင်းတွင် ကရင်ပြည်နယ်အရေးကို တစိုက်မတ်မတ် ကြိုးပမ်းလာခဲ့ကြသည်။
ဂျပန်ခေတ်က စတင်ပေါက်ဖွားလာသော ကရင်အမျိုးသား ဗဟိုအဖွဲ့ချုပ်မှတစ်ဆင့် ကရင် အမျိုးသားညီလာခံကြီးကို စောဘဦးကြီးက ဦး ဆောင်၍ ခေါ်ယူခဲ့သည်။ ဆရာသာထိုနှင့် ယှဉ်တွဲ၍ ကရင်အမျိုးသား ဗဟိုကော်မတီတွင် စောဘဦးကြီး သည် ကရင့်အရေးအခင်းအတွက် အလှုပ်ရှားဆုံး ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။
ရန်ကုန်မြို့တွင် ကေစီအို(KCO) ညီလာခံကြီးကို ကျင်းပသည့်အခါ မအူပင်ခရိုင်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် မန်းဘဇန် တက်ရောက်လာခဲ့သည်။ ထိုအချိန်တွင် မန်းဘဇန်သည် စောဘဦးကြီးနှင့် ပြန်လည် ဆုံတွေ့လေသည်။ ထိုအခါ စောဘဦးကြီးက “ဟေ့ ဘဇန်… ခင်ဗျား အစိုးရအလုပ် ပြန်လုပ်ဦးမှာလား” လို့ မေးလိုက်သည်။ မန်းဘဇန်က “ ကျနော်က အစိုးရ အလုပ်လုပ်ဘို့ စိတ်မဝင်စားတော့ဘူး။ အမျိုးသားရေးက အရေးကြီးလာလို့ အမျိုးသားရေးမှာ ခြေစုံပစ်လုပ်ဖို့ ဆုံးဖြတ်ထားပြီ” လို့ ပြောလိုက်သည်။ စောဘဦးကြီးက ထိုအဖြေကိုကြိုဆိုသည့်အနေနှင့် လက်ဆွဲနှုတ်ဆက်ပြီး “အမျိုးသားအ ရေးကို ဒို့များ တွဲလုပ်ကြပါစို့” လို့ ပြောပါသည်။
ထို့ကြောင့် မန်းဘဇန်က “စောဘဦးကြီးဟာ အမျိုးသားရေးမှာ အရေးပါတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ရုံသာမက မြန်မာ ပြည်အရေးမှာလည်း အရေးပါတဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်မှာ ကျွန်ုပ်နှင့် စောဘဦးကြီးတို့လက်တွဲပြီး အမျိုး သားရေးတာဝန်တွေ ထမ်းဆောင်လာခဲ့ရတယ်။ အဲဒီမှာ ကေအဲန်ယူအဖွဲ့မှ စောစံဖိုးသင်နဲ့ ကေဝိုင်အို အဖွဲ့ဝင် မန်းဘခိုင်၊ မန်းဝင်းမောင်၊ စောကျော်စိန်၊ စောစိန်တင်တို့ နုတ်ထွက်သွားကြတယ်။ ကေအဲန်ယူ ဗဟိုကော်မတီအသစ်တစ်ခု ဖွဲ့စည်းဖို့ အရေးပေါ် ညီလာခံကျင်းပတဲ့အခါ စောဘဦးကြီးဟာ ဥက္ကဌဖြစ်လာပြီး ကျွန်ုပ်ဟာ ကာကွယ်ရေး တာဝန်ခံဖြစ်လာတယ်။ ကျွန်ုပ် နှင့် စောဘဦးကြီးဟာ အတွေးအခေါ်၊ ခံယူချက်ချင်း တူညီလို့ အလုပ်လုပ်ရာမှာ ညီညွတ်မှု၊ တိုးတက်မှု ရှိခဲ့တယ်။ စောဘဦးကြီး ကို ကျွန်ုပ်က ခင်မင်လေးစားတဲ့ ခေါင်းဆောင်ကြီးအဖြစ် ခံယူ ဆက်ဆံသလို စောဘဦးကြီးကလည်း ကျွန်ုပ်ကို ခင်မင်လေးစား တဲ့ ရဲဘော်ရဲဘက် တိုက်ဖော်တိုက်ဖက်အဖြစ် ခံယူဆက်ဆံတယ်”ဟု ပြောဆိုရေးသားခဲ့သည်။
ဂျပန်တော်လှန်ပြီးနောက် မဟာမိတ်များ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီး မကြာမီ ဖဆပလကို ဖွဲ့စည်းသည်။ ဖဆပလ ဗဟိုဦးစီးအဖွဲ့ကို နေသူရိန် အစည်းအဝေးကြီး၌ ၃၆ဦး တိုးချဲ့ ဖွဲ့စည်းရာတွင် ကရင်အမျိုးသားသုံးဦး ရွေးချယ်ခံရသည်။ ၎င်းမှာ စောဘဦးကြီး၊ သရာသာထို၊ မန်းဘခိုင် တို့ ဖြစ်ကြသည်။ သူတို့သည် KCO, KYO အဖွဲ့ဝင်များ ဖြစ်ကြသလို တိုင်းပြည် အကျိုးကိုလည်း ဆောင်ရွက်ခဲ့ကြသည်။ KCO အဖွဲ့ဝင် စောဘဦးကြီးသည် ဘုရင်ခံအစိုးရအဖွဲ့တွင် ပါဝင်ခဲ့သလို သီရိလကင်္ာ နိုင်ငံ၊ ကန္ဒီမြို့သို့ လွတ်လပ်ရေးရခါနီး တပ်ပိုင်းဆိုင်ရာ ပြန်လည် ဖွဲ့စည်းရေး ဆွေးနွေးမှုတွင် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ လိုက်ပါဆောင်ရွက်ခဲ့သည်။ ၁၉၄၆ခုနှစ်တွင် ကယားပြည်နယ်(ကရင်နီပြည်)ဆွေးနွေးမှုတွင်လည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။
ကေအဲန်ယူ ဥက္ကဌဖြစ်လာသည့်အခါ မိမိ အမျိုးသားအကျိုးကို အဆက်မပြတ် ကြိုးပမ်းတော့၏။ သူသည် အဖွဲ့ချုပ်မှ စေလွှတ်သဖြင့် စောဖိုးချစ်၊ စောသာဒင်၊ ဆစ်ဒနီလူနီတို့နှင့်အတူ အဂင်္လန်သို့ ချစ်ကြည်ရေးခရီးထွက်ခဲ့သည်။ အဂင်္လန်မှ ပြန် လည်ရောက်ရှိလာသောအခါ ကရင်အမျိုးသားအစည်းအရုံးအဖွဲ့၏ ဆန္ဒအရ ကြားဖြတ်အစိုးရအဖွဲ့တွင် ဝန်ကြီးရာထူးကို လက်ခံခဲ့သည်။ မကြာမီ အဖွဲ့၏ လိုလားချက်အရပင် ဝန်ကြီးအဖြစ်မှ နှုတ်ထွက်ခဲ့ရပြန်သည်။
ယင်းအပြုအမူများသည် ကရင်အမျိုးသားပြည်သူများ၏ ဆန္ဒအရ ကရင်အမျိုးသားအဖွဲ့များအတွက်ဆိုလျှင် မည်သည့် အရာမဆို လုပ်မည်ဆိုသော စိတ်ဓာတ်ပင်ရှိသူဖြစ်သည်။ မိမိအမျိုးသားအတွက်ကို ဆောင်ရွက်ရာတွင် မည်သည့်ရလိုမှုကိုမှ မျှော်လင့်ချက်မထားဘဲ အမျိုးသားအတွက် သီးသန့်အခိုင်းခံ အမျိုးသားဝန်ထမ်းအဖြစ် လုပ်ဆောင်ခြင်းဖြစ်သည်။ ယနေ့ ကရင့် အမျိုးသားများအတွက် ဆောင်ရွက်နေကြသော ကရင်များနှင့်တော့ လွန်စွာ ကွာခြားလှပေသည်။ ကရင်အမျိုးသားတို့ အညီ ညွတ်ဆုံးသောခေတ်ကို ဖော်ပြပါဆိုလျှင် ၁၉၄၇-၄၈ ခုနှစ်ကိုပင် မလွဲမသွေ ထောက်ပြပေလိမ့်မည်။ ထိုခေတ်မှာ စောဘဦးကြီး ဦးဆောင်ခဲ့သော ကရင်အမျိုးသားများ ညီညွှတ်သော ခေတ်တစ်ခေတ်ဟုပင် ဆိုနိုင်ပါသည်။
သို့တွက်ကြောင့် ဆရာသာထိုက “ကရင်ရာဇဝင်မှာ သူလောက် ကရင်လူထုကို ဦးဆောင်နိုင်ခဲ့တဲ့ ကရင်ခေါင်းဆောင် မရှိသေးဘူး။ သူ့နောက်က လူထုကြီး အင်တိုက်အားတိုက် လိုက်ပါလာတဲ့ သူလို ခေါင်းဆောင်မျိုးလည်း မတွေ့သေးဘူး။ သူဟာ တကယ့် ခေါင်းဆောင်အစစ်ပါ။ သူဟာ ငြိမ်းချမ်းရေး မြတ်နိုးသူပါ”ဟု ထုတ်ဖော်ပြောခဲ့လေသည်။
စောဘဦးကြီးသည် ကရင်ပြည်နယ်ရရှိရေးအတွက် ကရင်ပြည်သူအားလုံး သွေးတစ်စက်မှ မကျစေရဟုပင် ပြောဆိုခဲ့ပါ သည်။ ချက်ကနဲဆိုလျှင် မီးထတောက်နိုင်သော အချိန်ကာလမျိုးတွင် စောဘဦးကြီးသည် ငြိမ်းချမ်းသာယာမှုအတွက် အဓိက လုပ်ဆောင်ပေးခဲ့သူ ဖြစ်သည်။ စိတ်ဓာတ်တက်ကြွနေသော ကရင်လူငယ်အားလုံးကို သူသည် အစဉ်သဖြင့် ထိန်းသိမ်းနိုင်ခဲ့ လျက်ရှိသည်ကို ဆရာသာထို ကိုယ်တိုင်မျက်မြင်တွေ ့ခဲ့ရသည်။ သူသည် နောက်ဆုံးအခြေအနေအထိ ငြိမ်းချမ်းသာယာရေးအ တွက် ကြိုးပမ်းခဲ့သည်။
ဂျပန်ခေတ်တွင် စောဘဦးကြီး၏ဇနီး အဂင်္လန်သူသည် ဂျပန်များ၏ရန်ကို ကြောက်ရွံ့ရသဖြင့် စောဘဦးကြီး မရှိခိုက် ပုသိမ်ကနေ သဘေင်္ာဖြင့် အိနိ္ဒယမှတဆင့် ဗြိတိန်သို့ ပြန်သွားလေသည်။ သို့အတွက်ကြောင့် စောဘဦးကြီးသည် ချစ်ကြည်ရေး အဖြစ် လန်ဒန်သို့တစ်ခေါက် သွားရောက်ခဲ့စဉ် မိမိ၏ဇနီးကို သွားတွေ့ခဲ့ပြီး ကွာရှင်းလက်မှတ် ရေးထိုးပေးခဲ့သည်။ အမျိုးသားအ တွက် ကြိုးပမ်းရာတွင် စည်းစိမ်ချမ်းသာများကို စွန့်လွှတ်ရသည့်အပြင် မိမိနှလုံးသားနှင့်အတူ ချစ်လှပါသည်ဆိုသော ဇနီးသား သမီးများကိုပါ စွန့်လွှတ်ခဲ့သူ၊ စွန့်ဝံ့သူပင် ဖြစ်သည်။ ခေတ်က တောင်းဆိုလာသော လိုအပ်သည့်အချိန်တွင် သူ၏ဘဝတစ်ခုလုံး ကို မိမိအမျိုးသားလွတ်မြောက်ရေးအတွက် မြှုပ်နှံခဲ့လေသည်။
ထို့ကြောင့် စောဘဦးကြီးနှင့်အတူ အမျိုးသားအကျိုးကို ဆောင်ရွက်ပြီး စောဘဦးကြီး၏ စိတ်နေသဘောထားကို နား လည်သိရှိသော ဒုတိယ ခေါင်းဆောင်ကြီး မန်းဘဇန်က “ပညာတတ်ကျွမ်း ဥစ္စာဓန ပေါကြွယ်ဝပြီး ရာထူးဂုဏ်တွေ ရှိပေမယ့် ဘဝင်မြင့်ခြင်း မရှိဘူး။ စောဘဦးကြီးရဲ့ ဝတ်စားဆင်ယင် နေထိုင်စားသောက်မှုတွေဟာ ထယ်ထယ်ဝါဝါ မရှိဘူး။ လူလတ်တန်း စားအဆင့်မျိုးနဲ့ နေထိုင်တယ်။ …. စောဘဦးကြီးဟာ ကာကီဘောင်းဘီတို၊ စပို့ရှပ်အကင်္ျီဝတ်ပြီး အစည်းအဝေးတက်လာတာကို တွေ့ရတဲ့အခါ အံ့ဩသွားကြတယ်။ စောဘဦးကြီးဟာ ရိုးရိုးကျင့် မြင့်မြင့်ကြံတတ်သူဖြစ်တယ်။ စိတ်နေ သဘောထား ရိုးသားဖြူ စင်တယ်။ လူသားတိုင်းကို အတန်းအစားမရွေး လူရယ်လို့သဘောထားပြီး ဆက်ဆံတယ်။ ကိုယ်ချင်းစာနာစိတ်လည်း ရှိတယ်။ အမျိုးသားအတွက် တကယ်ကိုယ်ကျိုးစွန့်သူ ဖြစ်တယ်။ မိမိရဲ့ လယ်ယာအလုပ်သမားအပေါ် စာနာစိတ်ရှိတယ်။ အမျိုးသားရေး လုပ်ငန်းလုပ်ရာမှာ အမျိုးသားရေး အာရုံတစ်ခုတည်းသာထားပြီး ခြေစုံပစ် လုပ်ကိုင်တယ်။ စောဘဦးကြီးရဲ့ မှန်ကန်တဲ့ရှေ့ ဆောင်မှုကြောင့် ပြတ်သားတဲ့ ကရင့်အမျိုးသား လွတ်လပ်ရေးနဲ့ ဘဝတိုးတက်မှု တော်လှန်ရေး ဖြစ်ပေါ်လာတယ်။ စောဘဦး ကြီးဟာ မိမိအပေါ် ကျရောက်လာတဲ့တာဝန်တွေကို ပြောင်မြောက်အောင်မြင်စွာ ထမ်းဆောင်ခဲ့သူ ဖြစ်တယ်။ ကရင့်တော်လှန် ရေးနဲ့ ကရင့်အမျိုးသားလွတ်မြောက်ရေးကို စတင်ဖော်ထုတ်ပေးသူဖြစ်တယ်” စသည်ဖြင့် သူ၏ စာအုပ်၌ ရေးသားထားခဲ့သည်။
စောဘဦးကြီးသည် ငြိမ်းချမ်းရေးကိုမြတ်နိုးသူ ဖြစ်သလို ငြိမ်းချမ်းဘို့အတွက်လည်း ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ဝန်ကြီး ချုပ်ဟောင်း ဦးနုသည် စောဘဦးကြီးအား အယုံကြည်ဆုံးသူတစ်ယောက်ပင်ဖြစ်သည်။ အောက်တိုဘာလ ၉ရက်နေ့တွင် ကေအဲန်ယူ ဥက္ကဌ စောဘဦးကြီးသည် ဦးနုကို ချစ်ကြည်ရေးအတွက် ထမင်းစားလည်း ဖိတ်ကျွေးဘူးသည်။
ထို့ကြောင့် နှစ်ဖက် တိုက်ပွဲဖြစ်နေစဉ် ဦးနုက စောဘဦးကြီးကို ငြိမ်းချမ်းရေးစကားဆိုရန် ကမ်းလှမ်းလာသည်။ ထိုအခါ စောဘ ဦးကြီးနှင့် ကျောင်းအုပ်ဆရာကြီး မန်းဂျိမ်းထွန်းအောင် တို့သည် ငြိမ်းချမ်းရေးစကားဆိုရန် အင်းစိန်မှထွက်လာခဲ့သည်။ မုတ်ဆိတ် ပါးသိုင်းမွေး ရှည်ထွက်နေသော စောဘဦးကြီးသည် သမိုင်း၌ သတင်းစာဆရာများနှင့် တွေ့ဆုံရာတွင် ပြုံးရယ်လျက် “အားလုံး ပြေလည်ပါလိမ့်မယ်”ဟုပင် ပြောဆိုခဲ့သည်။ ယနေ့ တချို့တွေ့ရသော စောဘဦးကြီး၏ပုံပါ နှုတ်ခမ်းသိုင်းမွှေးရှည်ကြီး ပုံသည် ထိုစဉ်က အင်းစိန်စစ်မြေပြင်မှ ထွက်လာသည့်ပုံ ဖြစ်ပေလိမ့်မည်။ ကွယ်လွန်ပုံတွင်လည်း ထို့အတူပင်။
သူသည် ငြိမ်းချမ်းရေးကို မြတ်နိုး၍ ပြောသည့်အတိုင်း အမှန်တကယ်လည်း အဆင်ပြေခဲ့သည်ဟု ပြောနိုင်ပါသည်။ ဧပြီ လ ၅ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုးကြသည်။ သဘောတူစာချုပ်ကို အစိုးရဖက်မှ ဦးနု၊ ဗိုလ်ချုပ်နေဝင်း၊ ဦးအေး မောင်နှင့် ဆာဘဦးတို့က ရေးထိုးပြီး ကေအဲန်ယူဘက်မှ စောဘဦးကြီးနှင့် မန်းဂျိမ်းထွန်းအောင်တို့က လက်မှတ်ရေးထိုးကြ သည်။
စောဘဦးကြီးတို့သည် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပြီး ရန်ကုန်တွင် အစိုးရခေါင်းဆောင်များနှင့် ခင်မင်စွာ ထမင်း စားသောက်ကြသည်။ ရုပ်ရှင်ကိုပင် ကြည့်ရှုခဲ့ကြသည်။ ထိုစဉ်က အသက်အတွက် မည်သို့မျှ အာမခံချက်မရှိသော အင်းစိန်စစ် မြေပြင်မှ ထွက်ခွာလာပြီး ငြိမ်းချမ်းရေးကို သွားရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုစဉ်က စောဘဦးကြီးကို ကရင် ပြည်သူများက သူရဲကောင်းအဖြစ်လည်းကောင်း၊ ငြိမ်းချမ်းရေးမြတ်နိုးသူအဖြစ်လည်းကောင်း ချီးကျူးပြောဆိုဂုဏ်ပြုခဲ့ကြသည်။ သို့သော် သံဃာအား ဘုရားမလွန်နိုင်သလို ကရင်လူထု၏ဆန္ဒ၊ လူထု၏ အင်အားကိုကား သူသည် မည်သို့မျှ လွန်ဆန်လို့ မရ တော့ချေ။
ထိုစဉ်က ငြိမ်းချမ်းရေး ပျက်ပြယ်သွားသည်ကို ပြန်လည်အလင်းဝင် ရောက်လာခဲ့သော စောဟန်တာသာမွှေးက စော ဘဦးကြီးနှင့် စပ်လျဉ်း၍ “မိမိငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်ချက်နှင့် ငြိမ်းချမ်းရေးစကားကို ဘုရားကျောင်းနံရံများ၌ စောဘဦး ကြီး၏ ဝိညာဉ်သာရှိနေပါက ဟားတိုက်၍ ရယ်မောကောင်း ရယ်ပါလိမ့်မည်။ အကြောင်းမှာ အင်းစိန်အရေးအခင်းတွင် စောဘဦး ကြီးသည် ငြိမ်းချမ်းစွာ ဖြေရှင်းလိုသည့် ခေါင်းဆောင်ဖြစ်၍ မိမိသည်သာ လက်နက်ဖြင့် တိုက်ခိုက်လိုသောကြောင့်ဖြစ်ပါသည်။” စသည်ဖြင့် အင်းစိန် တောင်သူကုန်းဘုရားကျောင်း ဝတ်ပြုဆုတောင်းပွဲ၌ ဝမ်းနည်းဘွယ်စကား ပြောဆိုခဲ့လေသည်။
စောဘဦးကြီး ကွယ်လွန်မှုကို ကြားသိရသော ဘုရင်ခံဟောင်း ဒေါ်မန်စမစ်က “စောဘဦးကြီးသည် အကြမ်းဖက်သ မားတစ်ဦးမဟုတ်တာတော့ အမှန်ပါ။ ကျွန်တော့်အနေနှင့် သူ့ရဲ့ပင်ပန်းကြီးစွာ ရုန်းကန်ရမှုနဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ်တွေထဲ က သူ့ရဲ့သေဆုံးရမှုကို မမြင်ရတာပဲ ကံကောင်းပါတယ်။ သူဟာ လေးနက်တဲ့ အမျိုးသားစိတ် တိုက်တွန်းမှုတစ်ခုကို အကြောင်း ခံပြီး ဒီတွန်းလှန်မှုကို လုပ်တာလည်း ဖြစ်ပါတယ်”ဟု မှတ်ချက်ချလေသည်။
ဒုတိယ မျိုးဆက်သစ်ဖြစ်သော အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းက –
“ကရင့်တော်လှန်ရေးမှာလည်း လေ့လာအတုယူစရာ ခေါင်းဆောင် များစွာ ပေါ်ထွန်းခဲ့ပါတယ်။ ဒီခေါင်းဆောင်များအ နက် ခေါင်းဆောင်နှစ်ဦးရဲ့ စွန့်လွတ်အနစ်နာခံမှု၊ တော်လှန်ရေးအပေါ် တာဝန်ခံမှုများကို လေ့လာ အတုယူသင့်ပါတယ်။ ပထမ တစ်ဦးက ကရင်အမျိုးသားများရဲ့ အာဇာနည်ခေါင်းဆောင်ကြီး စောဘဦးကြီး ဖြစ်ပါတယ်။
သူဟာ စွန့်လွတ်အနစ်နာခံမှု၊ တာဝန်ခံမှုမှာ စံထားလောက်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ သူဟာ ခေတ်ပညာတတ်တစ် ဦး ဖြစ်ရုံမက ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်တယ်။ သူရဲ့ချမ်းသာကြွယ်ဝမှုကို ကရင်အမျိုးသားထုအတွက် ပြတ်ပြတ်သားသား စွန့် လွတ်ခဲ့တယ်။ ကရင်အမျိုးသားများအပေါ်၊ ကရင့်တော်လှန်ရေးအပေါ် တာဝန်ယူခဲ့သူဖြစ်တယ်။ သူ ကွယ်လွန်သွားတဲ့အခါ သူ့အတွက်၊ သူ့မိသားစုအတွက် ပိုင်ဆိုင်မှုဆိုလို့ ဘာမျှမကျန်ခဲ့ဘူး။ သူဟာ အမှန်ပင် အာဇာနည်သူရဲကောင်းတစ်ဦး ဖြစ်ပါ တယ်။ အမှန်ပင် ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်”ဟု ပြတ်သားစွာ ပြောဆိုခဲ့သည်။
စင်စစ် ကရင်အမျိုးသားတို့သည် ပြည်ထောင်စုသားအားလုံးနှင့်အတူ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက် ရေးအတွက် လက်တွဲ တွန်းလှန်ခဲ့ကြသလို ကရင့်တစ်မျိုးသားလုံး၏ ပြဿနာအတွက် ကရင့်အမျိုးသားတို့က တညီတညွှတ် တည်း လက်တွဲ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသော အချိန်အခါလည်း ဖြစ်သည်။ ထိုအချိန်အခါမျိုးတွင် ကရင်အမျိုးသားတို့၏ တစ်ဦးတည်းသော လျှမ်းတောက် ခေါင်းဆောင်ဖြစ်လာသူကား ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီးပင်တည်း။
မိမိသည် စောဘဦးကြီး၏ နိုင်ငံရေး အဘိဓမ္မာကို ဝေဖန်ပိုင်းခြားနိုင်သော အခွင့်သော်လည်းကောင်း၊ အရည်အချင်း သော်လည်းကောင်း မရှိပေ။ ဝမ်းနည်းကြေကွဲဖွယ်ရာများကို ပြန်လည်ဖော်ပြလိုသော ဆန္ဒလည်းမရှိပေ။ သို့သော် မျိုးဆက်သစ် များအတွက် မမေ့သင့်မမေ့ထိုက်၊ သိသင့်သိထိုက်သည်ကို ပြန်လည်ဖော်ပြခြင်း ပြုသင့်သည်ဟု ယူဆမိ၍ တင်ပြခြင်းသာ ဖြစ်ပါ သည်။ မည်သို့ပင်ဖြစ်စေ ကရင်အမျိုးသားပြည်သူတွေကို ချစ်မြတ်နိုးသော၊ လွတ်မြောက်လိုသော မျိုးချစ်ခေါင်းဆောင် စောဘ ဦးကြီးသည် အမျိုးသားအတွက် အသက်ပေးစွန့်ခဲ့သည်မှာ ယနေ့ဆို ၆၉နှစ်ရှိခဲ့ပြီ။
စောဘဦးကြီးကဲ့သို့ မိမိတို့၏ အမျိုးသားအကျိုးကို ဆောင်ရွက်နိုင်ရန် လိုအပ်လှပေသည်။
တကယ်တော့ အာဇာနည်သူရဲကောင်းတို့ မည်သည် အကြောင်းဟုတ်မဟုတ်ကို ကောင်းစွာ သိတတ်သူ၊ သာမန်ထက် ခွန်အားစိုက်ထုတ်နိုင်ပြီး နှလုံးရည်ထူးကဲသာလွန်၍ အများအကျိုး၊ နိုင်ငံ့အကျိုးအတွက် သက်စွန့်ကြိုးပမ်းသူကို အာဇာနည်ဟု ပါဠိပညာရှင်များက သတ်မှတ်ဖွင့်ဆိုပါသည်။ ယောက်ျားကောင်း အာဇာနည်တို့သည် လူပျင်းတို့ကဲ့သို့ နေပူမိုးရွာ ဗိုက်လေး ထမင်းဆာ စသည့် ဆင်ခြေမရှိဘဲ မိမိလုပ်ဆောင်ရမည့် တာဝန်ဝတ္တရား လုပ်ငန်းကိစ္စများကို အရိုးကြေကြေ၊ အရေခန်းခန်း ကြိုး ပမ်းဆောင်ရွက်တတ်ကြခြင်းဖြစ်သည်။
Martyr-N-person who chooses to die or suffer rather than renounce his faith; person who suffers great pain or anguish”
“ယုံကြည်ချက် သို့မဟုတ် မွန်မြတ်သည့် အကြောင်းအရာအတွက် အသက်စွန့်လွှတ်သူ။ အသက်အသေခံသူ။ အာဇာနည်။”ဟု အဂင်္လိပ် အဘိဓာန်က ဖွင့်ဆိုထားပါသည်။
ထို့ကြောင့် အာဇာနည်ဟူသည် အသက်ပေး စတေးခံရုံတင် မဟုတ်ဘဲ အကြောင်းအကျိုး၊ အကောင်းအဆိုးကိုသိရှိသူ၊ သီးခံတတ်သူ၊ မိမိလူမျိုးနှင့် တိုင်းပြည်အတွက် ကိုယ်ကျိုးမငဲ့ကွက်ဘဲ အသက်စွန့် ကြိုးပမ်းကြသူများကို ဆိုလိုပါသည်။ သို့အ တွက်ကြောင့် ကရင်အမျိုးသားတို့သည် အမျိုးသားအတွက် အသက်စွန့်လှူသွားသော ကရင့်အမျိုးသား စောဘဦးကြီး ကျဆုံး သည့် ဩဂုတ်လ ၁၂ရက်နေ့ကို ကရင်အမျိုးသားအားလုံးအတွက် ကရင်တို့၏ အာဇာနည်နေ့အဖြစ် သတ်မှတ်၊ ဂုဏ်ပြုကြလေ သည်။
S.မင်းခိုက်သူ (P.T.N)