Home သတင်း မြ၀တီမြို့ ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲ လူပေါင်း ၅ဝဝ ကျော် တက်ရောက်ဆင်နွှဲ

မြ၀တီမြို့ ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲ လူပေါင်း ၅ဝဝ ကျော် တက်ရောက်ဆင်နွှဲ

204

သြဂုတ်လ ၁၅ ရက်၊ ၂ဝ၁၉ ခုနှစ်။ နေနော်

ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာ(လက်ချည်ပွဲ) အခမ်းအနားကို ကရင်ပြည်နယ်၊ မြ၀တီမြို့ အမှတ် ၅ ရပ်ကွက်ရှိ အမှတ် ၂ ချစ်ကြည်ရေးတံတားလမ်းမအနီး ထာဝရ ကရင်နှစ်သစ်ကူးကွင်း၌ ယနေ့ (ဩဂုတ် လ ၁၅ ရက်) နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ လူပေါင်း ၅ဝဝ ကျော် တက်ရောက်ဆင်နွှဲခဲ့ကြ သည်။

အဆိုပါ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး၊ ကေအဲန်ယူ ဗဟိုကော်မတီဝင် ပဒို မန်းငြိမ်းမောင်၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၇) ဗျူဟာမှူး ဗိုလ်မှူးကြီး စောဖောဒို၊ မြ၀တီခရိုင် အုပ်ချုပ် ရေးမှူး ဦးတေ ဇာအောင်၊ တပ်မတော် အရာရှိအချို့နှင့် အစိုးရ ဌာနဆိုင်ရာတာဝန်ရှိသူတို့ ပါဝင်တက်ရောက် ဆင်နွှဲခဲ့ကြ သည်။

ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲဆိုသည်မှာ ဘာသာရေးနှင့် မသက်ဆိုင်ဘဲ ရိုးရာယဉ်ကျေးမှုအစဉ်လာအရ လည်းကောင်း၊ ကရင်လူမျိုးများ စုစည်းညီညွတ်မှုဖြစ်စေရေးအတွက် လည်းကောင်း ကျင်းပပြုလုပ်ကြခြင်း ဖြစ်သည်ဟု အခမ်းအနား သဘာပတိဖြစ်သူ KNLA တပ်မဟာ ၇ ဗျူဟာမှူး ဗိုလ်မှူးကြီးစောဖောဒိုက အဖွင့် စကားတွင် ပြောကြားခဲ့သည်။

မြဝတီ ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲ ကျင်းပရေးကော်မတီဝင် နန်းမြဇင်က “လက်ချည်ပွဲကို လူငယ်မောင် မယ်တွေကပေါ့။ လက်ဆက်ကမ်း ပခုံးပြောင်းတာဝန်ယူကို ဆင့်ကဲဆင့်ကဲ တာဝန်ယူသွားဖို့၊ ထိန်းသိမ်းဖို့လည်း ကျမတို့မှာလည်း တာဝန်ရှိတယ်ပေါ့နော်။ ခေါင်း ဆောင်တစ်ယောက် အနေနဲ့ သူတို့ကို ရှေ့ဆောင်လမ်းပြပေးရတယ်ပေါ့နော်။”ဟု ပြော သည်။


ယနေ့ အခမ်းအနားတွင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတို့ က နှုတ်ခွန်းဆက် အမှာစကားပြောကြားခြင်း၊ ချည်ဖြူဖွဲ့ မင်္ဂလာဖြစ်ပေါ်လာပုံကို ဖတ်ကြားခြင်း၊ လက်ချည် ပွဲအတွက် လှူဒါန်းမှု ပြုလုပ်ခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း၊ ၂ဝ၁၈-၁၉ ပ ညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သော ကရင်ကျောင်းသူ ကျောင်းသားများအား ဂုဏ်ပြုဆု များချီးမြှင့်ခြင်း၊ အဖိုးအဖွားများမှ ချည်ဖြူဖွဲ့ရန် ဆုတောင်းရွတ်ဖတ်ပေးပြီးနောက် တက်ရောက်လာသော ဧည့်ပရိဿတ်များကို ချည်ဖြူဖွဲ့ ပေးခြင်းနှင့် ကရင်လူငယ်များက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။

ဝါခေါင်လ ကရင်ရိုးချည်ဖြူဖွဲ့မင်္ဂလာပွဲကို လွင့်ပါးနေသောစိတ်များ တည်ငြိမ်မှုရှိလာအောင်၊ သူတစ်ပါးတို့၏ လိမ်လည်လှည့်ဖျားမှုတို့မှ ကင်းဝေးအောင်နှင့် ကျန်းမာရေးသုခပြည့်စုံပြီး စီးပွားဥစ္စာတိုးတက်အောင်၊ ရွေ့ လျားသွားလာနေကြသော ကရင်တိုင်ရင်းသားများ ပြန်လည်ဆုံဆည်းအောင်နှင့် ခွဲခွာနေကြသည့် ဆွေမျိုး များပြန်လည်ဆုံဆည်းနိုင်အောင် ရည်ရွယ်ကျင်းပသည့် ပွဲတော်တစ်ခုဖြစ်သည်ဟုလည်း သိရှိရသည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ ရေနှင့် ကြံပိုင်းစသည့် ပစ္စည်း ၇ မျိုးကို ထည့်သွင်းအသုံးပြုပြီး လွင့်ပျံ့နေသော လိပ်ပြာကိုခေါ်သည်ဟု ယုံကြည်မှုဖြင့် ချည်ဖြူဖြင့် လက်ကောက်ဝတ်တွင် ရစ်ပတ်ဖွဲ့နှောင်ခဲ့ကြခြင်းဖြစ်သည်။

ကရင်တိုင်းရင်းသားတို့၏ ဘိုးဘွားစဉ်ဆက် ယုံကြည်မြတ်နိုးတန်ဖိုးထားကာ ထိန်းသိမ်း လာသည့် ရိုးရာဓလေ့ဖြစ်သော ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာကို နှစ်စဉ် ဝါခေါင်လဆန်း တစ်ရက်နေ့မှ ဝါခေါင်လ ကုန်ထိ တစ်လအတွင်း တစ်အိမ်ထောင်စုချင်း သော်လည်းကောင်း၊ ဆွေမျိုးစုအလိုက် သော်လည်းကောင်း၊ ကျေးရွာအုပ်စုအလိုက်သော်လည်းကောင်း အနယ်နယ်အရပ်ရပ်ရှိ ကရင်တိုင်းသားများက အစဉ်အလာ မပျက် ကျင်းပခဲ့ကြသည်။