Home သတင်း ဖားအံမြို့ ကရင်အာဇာနည်နေ့ တက်ရောက်ဂုဏ်ပြုသူ များပြား

ဖားအံမြို့ ကရင်အာဇာနည်နေ့ တက်ရောက်ဂုဏ်ပြုသူ များပြား

107

သြဂုတ် ၁၂ရက်၊ ၂၀၁၉ ခုနှစ်။ နန်းဝေဖြိုးဇာ

ကရင်လူမျိုးတို့၏ နေ့ထူးနေ့မြတ် တစ်ခုဖြစ်သည့် ကရင်အမျိုးသားအာဇာနည်နေ့အခမ်းအနားကို ကရင်ပြည် နယ် ဖားအံမြို့ သုမေတာရာမကြားတောရကျောင်းတိုက်တွင် ယနေ့ (သြဂုတ် ၁၂ရက်) ကျင်းပခဲ့ ကြရာ ယခင် နှစ်များကထက် ကရင်လူထုအများအပြား စိတ်ဝင်တစားဖြင့် တက်ရောက်ဂုဏ်ပြုခဲ့ကြသည်ဟု သိရသည်။

လူဦးရေ ရာဂဏန်းမျှသာတက်ရောက်သည့် ယခင်နှစ် အာဇာနည်နေ့ အခမ်းအနားများနှင့်မတူဘဲ ယခုနှစ်တွင် လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့ရာ မြို့တွင်းရှိ ဒေသခံလူထုများသာမက ဖားအံမြို့နယ်အတွင်းရှိ ကျေး လက်နေ ကရင်လူထုများလည်း ရောက်ရှိဂါရ၀ပြုခဲ့ကြသည်။

ယနေ့ ဖားအံတွင်ကျင်းပသည့် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်လာသူ KNU -ကရင်အမျိုးသား အစည်းအရုံး ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းက“ အခုခေတ်ကရင်လူထုတွေကလည်း ပညာတတ် များလာပြီး စဉ်းစားတွေးခေါ်တတ်လာပြီး၊ ပြီးတော့ နိုင်ငံရဲ့အခြေအနေပေါ်မူတည်ပြီး ဒီလိုမျိုးလုပ်ရဲလာတာ စိတ်ဝင်စားလာတာ ဝမ်းသာစရာလို့ပြောရမယ်” ဟု မှတ်ချက်ပေးပြောဆိုသည်။

ထို့အပြင် အာဏာပိုင်များက ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနားကျင်းပရေးနှင့်ပတ်သက်၍ အချို့နေ ရာဒေသများတွင် ပိတ်ပင်တားဆီးမှုအချို့ရှိခဲ့သည့် ဂယက်များကြောင့် ကရင်လူထုစိတ်ဝင် စားမှုမြှင့်တက်လာ သည့် အကြောင်းအရင်းတစ်ခုလည်းပါဝင်ကြောင်း ပွဲဖြစ်မြောက်ရေးစီစဉ်သူများက သုံးသပ်ပြောဆိုမှုများရှိသည်။

ဖားအံမြို့ရှိ ကရင်အမျိုးသားရဟန်းသံဃာတော်များ၊ အမျိုးသားရေးစိတ်ဓာတ်နိုးကြားတက်ကြွသည့် ကရင်ရပ်မိ ရပ်ဖများ ဦးဆောင်ပြီး ယနေ့သြဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကရင့်အာဇာနည်နေ့ကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှစတင်၍ ဖားအံမြို့တွင် မပျက်မကွက် နှစ်စဉ်ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။

ယနေ့ ကျရောက်သည့် ၆၉ နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ကို ဖားအံမြို့ အမှတ် (၉) ရပ်ကွက်ရှိ (၈၈) ကရင်မျိုးဆက်ကျောင်းသားများ၏ လူမှုဖွံ့ဖြိုးရေးအသင်းဗဟိုရုံတွင် အလားတူ ဂုဏ်ပြု ကျင်းပခဲ့ကြသည်။