Home သတင်း တရားစွဲခံရသူ နော်အုန်းလှနှင့် လူငယ် ၂ဦးအား ၀ိုင်းရံကူညီပေးရန် KNU concerned group ထုတ်ပြန်

တရားစွဲခံရသူ နော်အုန်းလှနှင့် လူငယ် ၂ဦးအား ၀ိုင်းရံကူညီပေးရန် KNU concerned group ထုတ်ပြန်

591

သြဂုတ် ၁၇ရက်၊ ၂၀၁၉ခုနှစ်။ ကေအိုင်စီ

၆၉နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့တွင် ဦးဆောင်ကျင်းပခဲ့သူ KWU-ကရင်အမျိုးသမီး အစည်းအ ရုံးမှ နော်အုန်းလှနှင့် ကရင်လူငယ် ၂ဦးအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တရားစွဲဆိုထားမှုအပေါ် ၀ိုင်းရံကာကွယ်ကူညီပေးကြရန် KNU concerned group က ယနေ့ သြဂုတ်လ ၁၇ရက်တွင် သဘောထားထုတ်ပြန်လိုက်သည်။

KNU concerned group ၏ သဘောထားထုတ်ပြန်ချက်ထဲတွင် ယင်းသို့ ကျောက်တံတားရဲတပ်ဖွဲ့မှူးမှ တရားစွဲဆိုထားသည်ကို လုံးဝ ကန့်ကွက်ရှုတ်ချကြောင်း၊ ယင်းသို့ တရားစွဲဆိုခြင်းသည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရန်အတွက် တိုင်းရင်း သားစည်းလုံးညီညွှတ်မှုကို ထိခိုက်စေကြောင်းနှင့် တရားစွဲခံထားရသူများအား ပြည်တွင်းပြည်ပရှိ ကရင်အမျိုးသားများနှင့်အတူ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက ၀ိုင်းရံကာကွယ် ကူညီပေးကြပါရန် ပန်ကြားထားသည်။

နော်အုန်းလှ၏ လူမှုကွန်ရက်စာမျက်နှာတွင် ကျောက်တံတားမြို့နယ် ရဲစခန်းမှူးက ဖုန်းဆက်လာပြီး ရန်ကုန်တိုင်းအစိုးရက ခွင့် မပြုသည့် ကရင်အာဇာနည်နေ့ အခမ်းအနားကို မဟာဗန္ဓုလပန်းခြံရှေ့တွင် ကျင်းပခဲ့သည့်အတွက် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးက အမှုဖွင့်ထားကြောင်းပြောသည်ဟု သြဂုတ်လ ၁၅ရက်နေ့က ရေးတင်ထားသည်။

အမည်မဖော်လိုသူ KWU အဖွဲ့ဝင်တစ်ဦးက “ငြိမ်းစုစီ ပုဒ်မ ၂၀နဲ့ပါ။ အာဇာနည်ဆိုတဲ့ ဝေါဟာရကြောင့်ပါ။ ပန်းခြံရှေ့ လမ်းပေါ် မှာ သူတို့ခွင့်ပြုပြီးမှ လုပ်တာပါ။ ရှေ့နောက်မညီတာက သူတို့ပါ။”ဟု ကေအိုင်စီသို့ ပြောသည်။

သြဂုတ်လ ၁၂ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံရှေ့၌ KWU-ကရင်အမျိုးသမီး အစည်းအရုံး ဥက္ကဌ နော်အုန်းလှက ၆၉နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့ပြီး ကရင် လူငယ်အချို့ ပါဝင်ကူညီခဲ့ကြရာ လူပရိဿတ် ၇၀၀နီးပါး တက်ရောက်ခဲ့ကြသည်။