Home သတင်း တနင်္သာရီ မြစ်အတွင်း ရေကာတာ တည်ဆောက်မည်ကို ဒေသခံများစိုးရိမ်

တနင်္သာရီ မြစ်အတွင်း ရေကာတာ တည်ဆောက်မည်ကို ဒေသခံများစိုးရိမ်

417
“စွမ်းအင်အတွက် ကျွန်ုပ်တို့၏ ဆာလောင်ခြင်း” အစီရင်ခံစာထုတ်ပြန်ပွဲ Photo _KIC

သြဂုတ် ၉ ရက်၊ ၂၀၁၉ ခုနှစ်။ စောထွန်းလင်း

တနင်္သာရီ တိုင်းဒေသကြီးရှိ တနင်္သာရီ မြစ်ဝှမ်းအတွင်း ရေကာတာများတည်ဆောက်မည်ကို စိုးရိမ်သည်ဟု သြဂုတ် ၉ ရက်နေ့တွင် ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ဂရင်းယူနိုက်တက် ဟိုတယ်၌ လူမှုအဖွဲ့အစည်းများ စုပေါင်းကျင်းပသည့် “စွမ်းအင်အတွက် ကျွန်ုပ်တို့၏ ဆာလောင်ခြင်း” အစီရင်ခံစာထုတ်ပြန်ပွဲတွင် ဒေသခံများ က ပြောသည်။

အဆိုပါ မြစ်ဝှမ်းတစ်လျှောက်နေထိုင်သည့် ဒေသခံများအနေဖြင့် ယဉ်ကျေးမှု၊ စားဝတ်နေရေး၊ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် တနင်္သာရီမြစ်ကိုသာ အဓိက အားထားနေရပြီး ရေကာတာတည်ဆောက်မည် ဆိုပါက လူမှု၊ စီးပွား အထွေထွေ အခက်အခဲများနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်ခြင်းဖြစ်သည်ဟု ဒေသခံ စောဒယ် နီရယ်ဝင်းက ပြောသည်။

၎င်းက “ကျနော်တို့ ကြားထားတာ တနင်္သာရီမြစ်တစ်လျှေက်ကို ရေအားလျှပ်စစ်စီမံကိန်း ၁၈ ခုလောက်လုပ် မယ်ပြောတယ်။ ဒါဆို ကျနော်တို့ ဘယ်မှာ သွားနေရမှာလဲ၊ ကျနော်တို့ကို ကူညီမှာလား။ ဒီမြစ်ဟာ အသက် သွေးကြောဖြစ်တဲ့အတွက် ကျနော်တို့ စိုးရိမ်ပါတယ်”ဟု ပြောသည်။

အဆိုပါ အစီရင်ခံစာကို ပနဲတာကပေါအဖွဲ့၊ တောင်ပိုင်း လူငယ်အဖွဲ့၊ တာကပေါလူငယ်အဖွဲ့တို့က ပူးပေါင်းပြုစု ခြင်းဖြစ်သည်။ အစီရင်ခံစာအတွက် ဒေသခံ ၁,၂၀၀ ဦးကို မေးမြန်းပြုစုခြင်းဖြစ်ပြီး ရေအားလျှပ်စစ်အတွက် ဆည်တည်ဆောက်ပါက မြစ်ညာပိုင်းရှိ ကျေးရွာ ၃၂ ရွာမှ လူ ၇,၀၀၀ ခန့် ပြောင်းရနိုင်သလို မြစ်အောက်ပိုင်း နေ လူ ၂၃,၀၀၀ ကျော်၏ ဘဝအသက်သွေးကြောအပေါ် အကြီးအကျယ် ထိခိုက်နိုင်သည်ဟု ပနဲတာကပေါ အဖွဲ့ တာဝန်ခံ နော်ဖောစေးဝါးက ပြောသည်။

တနင်္သာရီမြစ်ပေါ်တွင် ရေကာတာ စီမံကိန်းများ တည်ဆောက်ရန် ၂၀၀၈ ခုနှစ်အတွင်း အစိုးရလျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် အီတလျံ-ထိုင်း ကုမ္ပဏီတို့ နာလည်းမှုစာချွန်လွှာ ရေးထိုးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ကေအဲန်ယူ-က ရင်အမျိုးသားအစည်းအရုံးနှင့် အစိုးရတို့ အပစ်ရပ်ပြီးနောက် အဆိုပါစာချွန်လွှာ ပျက်ပြယ်သွားခဲ့သည်။

ထိုနောက် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီတွင် GMS Power အများပိုင်ကုမ္ပဏီက တနင်္သာရီမြစ် ရေကာတာ စီမံကိန်း နှင့် ပတ်သက်၍ တနင်္သာရီမြို့သို့ လာရောက်ပြီး တွေ့ဆုံပွဲပြုလုပ်ပြီးနောက်ပိုင်း မည်သည့် ပြောဆိုသံမျှ မကြားရ တော့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ မြစ်သည် ခမောင်းသွယ်နှင့် ဘန်းချောင်းမြစ်နှစ်စင်း ပေါင်းဆုံရာမှ တနင်္သာရီမြစ် ဖြစ်တည်လာပြီး တောင်တန်းများကို ဖြတ်သန်းကာ မြိတ်မြို့မှ တစ်ဆင့် ကပ္ပလီပင်လယ်အတွင်းသို့ စီးဝင်သွားသည်။ မြစ်ရိုး တစ်လျှောက် ဌာနေတိုင်းရင်းသား ၃၂,၀၀၀ ကျော်အတွက် အထွေထွေ လူမှုဘဝရပ်တည်ရေးအတွက် အားထားရသည့် မြစ်ဖြစ်သလို မြစ်၏ ရေေ ဝရေလဲ ဒေသ ဧကပေါင်း ၄ ဒသမ ၃ (၄.၃)သန်းကျော်ရှိကာ ယင်းသည် တနင်္သာရီတိုင်းဒေသ ကြီးတစ်ခုလုံး၏ ၄၁ ရာခိုင်နှုန်းဖြစ်ပြီး ဇီဝမျိုးစုံ မှီတင်းနေထိုင်နေကြောင်း သိရသည်။