Home သတင်း ကရင်ပြည်နယ်အတွင်း လယ်စိုက်ဧက ပေါင်း ၁ဝ, ဝဝဝ ကျော် ရေလွှမ်းခံနေရပြီဟု တာဝန်ရှိသူပြော

ကရင်ပြည်နယ်အတွင်း လယ်စိုက်ဧက ပေါင်း ၁ဝ, ဝဝဝ ကျော် ရေလွှမ်းခံနေရပြီဟု တာဝန်ရှိသူပြော

218

သြဂုတ် ၉ ရက်၊ ၂ဝ၁၉ ခုနှစ်။ စောမြတ်ဦးသာ

ကရင်ပြည်နယ်အတွင်း ယခုလ ဆန်းပိုင်းမှစ၍ မိုးရွာပြီး မြစ်၊ ချောင်းရေလျှံလာမှုကြောင့် လက်ရှိ လယ်စိုက်ဧက ၁ဝ, ဝဝဝ (တစ် သောင်း)ကျော် ရေလွှမ်းခံနေရသည်ဟု ပြည်နယ်လယ်ယာစိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးသန်းထိုက်က ယနေ့(သြဂုတ်လ ၉ ရက်) တွင် ကေအိုင်စီသို့ ပြောသည်။

“သြဂုတ်လ ၆ ရက်နေ့အထိတော့ ၈,၈၃၁ ဧက ရေလွှမ်းခံရတယ်။ ကော့ကရိတ်မြို့နယ်က အများဆုံးပါ။ မနေ့ညနေက ကိန်း ဂဏန်းအရ ဧက ၁ဝ,ဝဝဝ ကျော်ရှိနေပါပြီး။ ရေလွှမ်းမှုရက်ကြာလာရင်တော့ ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်လာနိုင်တယ်။ ရေလွှမ်း ဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါပိုးမွှားတွေကို ကာကွယ်ရေးအတွက် မြို့နယ်အလိုက် သက်ဆိုင်ရာ တောင်သူတွေဆီကို ကွင်းဆင်းဆောင်ရွက်သွားမယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ပြည်နယ်အတွင်းရှိ လယ်စိုက်ဧကများ ရေလွှမ်းခံခဲ့ရသည့် လယ်စိုက်တောင်သူများကို ကူညီပေးနိုင်ရန်အတွက် မျိုးစပါးတင်း ၅, ဝဝဝ (ငါးထောင်)နှင့် မြေသြဇာအိတ် ၁ဝ, ဝဝဝ (တစ်သောင်း)ကို သက်ဆိုင်ရာခရိုင် မြို့နယ်အလိုက် ခွဲဝေဖြန့် ပေးထားပြီး ရေလွှမ်းမိုးဒဏ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးသွားသည့် လယ်ဧကများကို ပြန်လည်စိုက်ပျိုးနိုင်ရန် အခမဲ့ပေး ဝေသွားမည်ဟု ပြည်နယ်လယ်ယာစိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးသန်းထိုက်က ဖြည့်စွက်ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသမှ တောင်သူ စောရွှေလှဝင်းက“ဝါဆိုလဆန်းလောက်ကတည်းက ထွန်ယက်ပျိုးပြီး တာ ပေါ့နော်။ ဧက ၆ဝ ဝန်းကျင်လောက် စုပေါင်းစိုက်ထားတယ်။ ၃ ရက်နေ့က လယ်တွေစမြှုပ်တာပါ။ ၇ ရက်ရှိသွားပြီးပေါ့နော်။ မိုး ဆက်ရွာရင် မျှော်လင့်ချက်နည်းသွားပြီး။ စိုက်ဘဏ်ကနေ ငွေတွေချေးယူပြီး လယ်စိုက်တာပါ။ စပါးတွေသေမယ်ဆိုရင် အချိန်မှီ ပြန်ပေးဆပ်ဖို့ကတော့ အခက်ခဲရှိနိုင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်အတွင်း မိုးသီးနှံလယ်စိုက်ဧက ၄၃ဝ, ဝဝဝ (လေးသိန်းသုံးသောင်း)ဝန်းကျင် လျာထားလျက်ရှိပြီး ယခု ၂၆ဝ,ဝဝဝ (နှစ်သိန်းခြောက်သောင်း)ကျော် စိုက်ပျိုးထားရှိပြီးဖြစ်သည်။ ပြည်နယ်၏ ရာသီဥတုအရ မိုးနှောင်းပိုင်းမှသာ မြေနိမ့်ပိုင်းလယ်များ စိုက်ပျိုးကြသည်ဟု တာဝန်ရှိသူထံမှ သိရသည်။

သြဂုတ်လ ဆန်းပိုင်းမှစ၍ ကရင်ပြည်နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းကာ မြစ်၊ ချောင်းရေနှင့် တောင်ကျရေကြောင့် ရေကြီး ရေလျှံမှုများဖြစ်ပြီး လမ်းတံတားပြိုကျသဖြင့် မြို့နယ်အချို့မှာ ခရီးသွားလာမှု ပြတ်တောက်ခဲ့ရသည်။ ရေဘေးကြောင့် ယာယီ ပြောင်းရွှေ့နေထိုင်သူများလည်း ဦးရေတိုးလာသည်ဟု သက်ဆိုင်ရာ ပြည်နယ်တာဝန်ရှိသူများထံမှ သိရသည်။