နော်ခရစ္စထွန်းသည် ကရင်ပြည်နယ်၊ သံတောင်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေဖြင့် ၂၀၁၅၊ နိုဝင်ဘာလ ၈ရက်က ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၇)မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့စဉ်က အနိုင်ရရှိခဲ့သူဖြစ်သည်။
လက်ရှိအချိန်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တာဝန်အပြင် အမျိုးသားလွှတ်တော်၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင်လည်းကောင်း၊ အမျိုးသားလွှတ်တော်၏ လွှတ်တော်အခွင့်အရေးကော်မတီတွင် လည်းကောင်း ပါဝင်နေသူဖြစ်သည်။
ကေအိုင်စီ – အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ၃နှစ်ကျော်သက်တမ်းမှာ ဘာတွေလုပ်ဆောင်နိုင်ခဲ့ပြီးလဲ။
အမျိုးသားလွှတ်တော်သက်တမ်းအတွင်းမှာ မေးခွန်းတွေ အဆိုတင်သွင်းတာတွေရှိတယ်။ ပြီးရင် အကြောင်းအရာ တော်တော် များများ ဆွေးနွေးတာတွေရှိတယ်။ ဥပဒေပြင်ဆင်တဲ့နေရာ ဘတ်ဂျက်ကိစ္စ ဆွေးနွေးတဲ့နေရာမှာလည်းပါဝင်တယ်။ ပြည်ထောင်စုလွှတ်တော်မှာလည်း အစိုးရက တင်ပြလာတဲ့ စာရင်းစစ်ချုပ်အစီရင်ခံစာတို့လိုမျိုး ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုတဲ့ ဥပဒေတွေမှာကော၊ ဘတ်ဂျက်တွေမှာ ပြီးရင် ချေးငွေကိစ္စနဲ့ပတ်သက်ပြီး တောင်းခံလာတဲ့ အကြောင်းအရာတွေ အပေါ်မှာရော၊ အစိုးရက လိုအပ်လို့ ပြင်ဆင်ဖွဲ့စည်းတဲ့ကိစ္စတွေ အကြောင်းအရာတွေအားလုံးထဲမှာရော အဲဒါတွေထဲမှာ တော် တော်များများ ပါဝင်ဆွေးနွေးခဲ့ပါတယ်။ အမျိုးသားလွှတ်တော်မှာ အဆိုတစ်ခုရယ်၊ ပြီးတော့ မေးခွန်းက ၃ဝနီးပါး ရှိတယ်။ ပြီးတော့ အကြောင်းအရာ ဆွေးနွေးမှုကလည်း အကြောင်းအရာ ၅ဝနီးပါးရှိမယ်။ အဲသလောက်တော့ ဆောင်ရွက်ခဲ့တယ်ပေါ့ နော်။
ဒါပေမယ့် ကိုယ့်ရဲ့ မဲဆန္ဒနယ်မှာလည်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေလည်းရှိတယ်။ ဘာကြောင့်လဲဆို သက်ဆိုင်ရာမြို့နယ် တွေ ဌာနဆိုင်ရာတွေ ရပ်ကျေးတွေ ပြီးရင်ပြည်နယ်နဲ့ချိတ်ဆက်ပြီးတော့ ဌာနဆိုင်ရာတိုင်းမှာ လိုအပ်တဲ့ဟာတွေ ကိုယ်တွေက ညှိနှှိုင်းဆွေးနွေးပေးခဲ့တာလည်းရှိတယ်။ ဒေသဖွံ့ဖြိုးရေးအတွက်ဖြစ်တဲ့ လမ်း၊ တံတား၊ ကျောင်း၊ ဆေးခန်း ကိုယ့်မြို့နယ်မှာ လိုအပ်တဲ့ဟာတွေ ဌာနဆိုင်ရာအစိုးရတွေနဲ့ ပြီးတော့ ပြည်နယ်အစိုးရကိုတောင်းဆိုတာ။ လိုအပ်ရင် ပြည်ထောင်စုဘတ်ဂျက်က နေ တောင်းဆိုတာလည်းရှိပါတယ်။
ကေအိုင်စီ – လွှတ်တော်မှာ အဆိုပြုတင်ပြမှုတွေ တကယ့်မြေပြင်မှာ ဒေသအခြေအနေတွေအတွက် ဆောင်ရွက်မှုတွေ ဘယ်လို အခက်အခဲရှိလဲ။
အစိုးရတွေကို ထိန်းကြောင်းတဲ့အပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက အဆိုတွေတင်ပြီးတော့ မေးခွန်းတွေ မေးကြတာပေါ့ နော်။ ပြီးရင် နိုင်ငံရဲ့လိုအပ်ချက်အရ၊ ပြည်သူရဲ့လိုုအပ်ချက်အရ မေးခွန်းတွေမေးကြတာပေါ့။ အဲလိုမေးနေတဲ့အခါမှာ တစ်ချို့က ကိုယ့်ရဲ့မဲဆန္ဒနယ်က အကြောင်းအရာ ကိုယ်စားပြုပြီးတော့ မေးတာတွေလည်းရှိပါတယ်။ အဲဒီအပြင် တစ်နိုင်ငံလုံးအတိုင်းအ တာနဲ့ လိုအပ်တဲ့ မေးခွန်းမျိုးတွေလည်း မေးရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပညာရေးဆိုရင် နိုင်ငံတကာအဆင့် ချိတ်ဆက် နိုင်ဖို့အတွက် ပညာရေးဝန်ကြီးဌာနကို တွန်းအားပေးတဲ့မေးခွန်းတွေမေးခဲ့တာတွေလည်း ရှိတယ်။ အဆိုတွေကျတော့ ပြောရ မယ်ဆိုရင် ကျမတို့နိုင်ငံမှာ နှစ်ပေါင်းများစွာ အကျင့်ပျက်ချစားမှုတွေရှိခဲ့တယ်။
ကေအိုင်စီ – အမျိုးသားလွှတ်တော်မှာ ပြည်နယ်ကိုယ်စားပြုလည်းဖြစ်တော့ ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရနဲ့ကော ဆက်စပ်ဆောင်ရွက်မှုတွေ ဘယ်လိုရှိလဲ။
အမှန်တိုင်းပြောရမယ်ဆိုရင် ပြည်နယ်လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တွေက တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်နိုင်မှု အား နည်းပါတယ်။ ဒါက တစ်နိုင်ငံလုံးမှာဖြစ်နေတယ်။ ဥပဒေထဲမှာလည်း လွှတ်တော်ဆိုင်ရာ ဥပဒေသပ်သပ်ဆီရှိတယ်လေး။ ပြည်နယ်လွှတ်တော်ဆိုရင်လည်း ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေလုပ်ပိုင်ခွင့်နဲ့သွားတာကိုး။ ပြည်ထောင်စုမှာလည်း ပြည် ထောင်စုဆိုင်ရာ ဥပဒေနဲ့သွားတာကိုး။ ဆိုတော့ လုပ်ပိုင်ခွင့်ခြင်း မတူဘူးပေါ့နော်။ ပြည်ထောင်စုကတော့ လက်ရှိတည်ဆဲ ဥပဒေအရတော့ ပြည်နယ်ထက်ပိုကျယ်ပြန့်တာပေါ့နော်။ ဒါပေမယ့်ကိုတွေက လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အခါကြတော့ ဒီလွှတ်တော်ဆိုင်ရာ အခွင့်အရေးထက်တင်မဟုတ်ပါဘူး ကိုယ့်မဲဆန္ဒနယ်ရဲ့လိုအပ်ချက်အရး ပြည်နယ်လွှတ်တော် ပြည် နယ်အစိုးရရော ဆက်သွယ်ဆောင်ရွက်ရတာတွေလည်း ရှိပါတယ်။
ဥပမာ တစ်ချို့ဘတ်ဂျက်တွေဆိုရင် ပြည်နယ်လွှတ်တော်နဲ့ ဆက်လုပ်ဆောင်ရတာတွေရှိတာပဲ။ ကိုယ်ကလည်း ပြည်နယ်ကိုယ် စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ပဲဆိုတော့ လိုအပ်ရင် လိုအပ်သလို ပြည်နယ်အစိုးရမှာ အစီရင်ခံစာတင်တာ တွေလည်း ရှိတယ်။ တောင်းဆိုတာတွေလည်းရှိပါတယ်။ ဥပမာ ပြည်နယ်မှာရှိတဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေရဲ့ သက်ဆိုင်ရာ ဘတ်ဂျက်တွေ ညှိနှှိုင်းဖို့ လိုတဲ့အခါလည်း ညှိနှိုင်းရတာတွေရှိပါတယ်။ ဥပမာ ကိုယ်လွှတ်တော်ကိုယ်စားလှယ် စဖြစ်ခါစတုန်းက သံတောင်ကြီးနယ်နိမိတ်ပြန်တိုင်းတာဖို့ အစီရင်ခံတာတွေလည်း ရှိပါတယ်။ ခရိုင်အဖြစ် သတ်မှတ်ပေးဖို့ အစီရင်ခံတာတွေလည်း ရှိပါတယ်။ အခုချိန်ထိတော့ ဆောင်ရွက်နိုင်ပေးမှု မရှိသေးဘူး။
ပြည်နယ်မှာလည်း သိတဲ့အတိုင်းပဲ လက်နက်ကိုင်တွေများတယ်။ ပြီးတော့ ငြိမ်းချမ်းရေးလည်း လုပ်ဆောင်နေဆဲအခါကျတော့ ပေါင်းစပ်လုပ်ဆောင်တဲ့အခါမှာ ပြည်နယ်အဆင့်မှာလည်း အခက်အခဲတွေရှိပါတယ်။ ဥပမာ ဒီမြို့နယ်အဆင့်မှာတောင်မှ ဘတ် ဂျက်တွေတောင်းခံတာပဲဖြစ်ဖြစ်၊ ဘတ်ဂျက်တွေ အကောင်အထည်ဖော်တဲ့နေရမှာပဲဖြစ်ဖြစ် ဒီလိုဆက်သွယ်ဆောင်ရွက်ရတာ လည်း အခက်အခဲတွေရှိပါတယ်။ ပြည်နယ်လွှတ်တော်မှာလည်း ပြန်ပြီး စစ်ဆေးတဲ့အခါမှာလည်း တခါတလေကျတော့ အန်တီ တို့ကိုယ်တိုင် တအားကြီး မကျေနပ်တာတွေလည်းရှိတယ်။
ဘာဖြစ်လို့လဲဆိုတော့ မစိစစ်ပေးနိုင်သေးဘူးဆိုတာ ဥပမာ အခုချိန်ထိလည်း ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲမှာ နတလ ဘတ်ဂျက်ဆိုရင် စိစစ်ခွင့်မရှိဘူး။ ကိုယ့်မြို့နယ်မှာ ဘတ်ဂျက်တစ်ခုလုပ်တာမကြိုက်ဘူးဆိုရင် ကိုယ်က စီစစ်စေချင်တာပေါ့ နော်။ ဆိုပေမယ့် လက်ရှိအနေထားအရ ဒီဟာတွေက ဘတ်ဂျက်လုပ်ငန်းတွေက ကောင်းကောင်းမွန်မွန်မလုပ်တဲ့အခါ ကိုယ် တွေကလည်း ပြောရတာတွေရှိပါတယ်။ အဆင်မပြေတာတွေလည်းရှိပါတယ်။ ကိုယ့်သံတောင်မြို့နယ်က သီးခြားဖြစ်နေတဲ့ အခါကျတော့ ကုမ္ပဏီတွေ လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ ထိန်းကြောင်းရတာနည်းနည်းခက်တယ်။ ကုမ္ပဏီတွေရဲ့မမှန်မကန် လုပ်ဆောင်မှုတွေကလည်းရှိတတ်တယ်ပေါ့နော်။ ဆိုတော့ အဲဒါတွေပြန်ထိန်းကြောင်းရတာတွေက အခက်အခဲရှိတယ်။
အဲဒီလိုမျိုးကြတော့လည်း ပြည်နယ်အစိုးရနဲ့ ပြန်ဆက်သွယ်ရတာတွေလည်းရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒါက ကိုယ့်မြို့ နယ်က လုပ်ငန်းတွေလေး ပြည်နယ်အစိုးရက ကြီးကြပ်ရတာဆိုတော့ ကိုယ့်မြို့နယ်လိုအပ်ချက်အရ ပြည်နယ်အစိုးရ ဌာန ဆိုင်ရာ အစိုးရအသီးသီး အကြီးအကဲတွေကို အဲဒါမျိုးတွေလည်း တောင်းဆိုရတာတွေလည်းရှိပါတယ်။
ကေအိုင်စီ – သံတောင်မြို့နယ်ကနေ တက်လာတဲ့သူမို့ ဒေသရဲ့ လုပ်ငန်းစဉ်တွေ ဒေသဖွံ့ဖြိုးရေးတွေ သီးနှံဈေးကွက်တွေ ကျယ် ပြန့်ဖို့ ဘာတွေလုပ်ပေးတာတွေရှိသလဲ။
အမှန်က ဆောင်ရွက်ပေးတာတွေ အများကြီးရှိတယ်။ ဥပမာ ကိုယ့်မြို့နယ်ရဲ့ အဓိက သီးနှံဖြစ်တဲ့ ဖာလာပေါ့နော်။ ဖာလာသီးနှံ အပေါ်မှာ မှီခိုနေတာ အဓိကဖြစ်တယ်။ ဖာလာတောင်သူတွေရဲ့ စိုက်ပျိုးစရိတ် ချေးငွေရရှိဖို့ ဘဏ္ဍာဝန်ကြီးဌာနမှာ တောင်းပေးခဲ့ တာတွေရှိပြီး၊ ပြန်ခွင့်ပြုပေးခဲ့တာတွေလည်း ရှိပါတယ်။ ဒါပေမယ့် အခက်အခဲက ဘာရှိလဲဆိုတော့ ကိုယ့်မြို့နယ်မှာ ချေးငွေ ထုတ်ချေးဖို့အတွက် ဒေသခံတွေရဲ့ မြေယာ ပုံစံ(၇)တွေမရှိကြဘူး ဆိုတော့ အခုချိန်ထိ ချေးငွေမရသေးဘူးပေါ့နော်။ ကိုယ် တောင်းဆိုခဲ့တာ ၃နှစ်တောင် ကျော်ခဲ့ပြီး။ ကိုယ်တောင်းဆိုခဲ့ပေမယ့်၊ လွှတ်တော်က အတည်ပြုခဲ့ပေမယ့် ဒီနေ့ဒီချိန်ထိ ကိုယ့် ပြည်သူတွေ ချေးငွေမရတော့ သုံးခွင့်မရခဲ့တာတွေလည်း ရှိပါတယ်။
ဒေသရဲ့အဓိက အသက်မွေးဝမ်းကြောင်းက စိုက်ပျိုးရေးပဲဆိုတော့ ကိုယ့်ဒေသရဲ့ စိုက်ပျိုးမြေတွေက ကြိုးဝိုင်းထဲမှာရှိတယ်။ ပြီး တော့ မြေရိုင်းစာရင်းဝင်နေတယ်။ ဒီကိစ္စတွေကို သက်ဆိုင်ရာဝန်ကြီးဌာနကတော့ မေးခွန်းအနေနဲ့ မေးခဲ့တာတွေလည်းရှိတယ်။ ညှိနှှိုင်းခဲ့တာတွေလည်းရှိတယ်။ ပြည်နယ်အစိုးရနဲ့ကော ညှိနှှိုင်းခဲ့တာတွေရှိတယ်။ ဥပမာ သစ်တောကြိုးဝိုင်းကနေ ပယ်ဖျက်ဖို့ ဆင်ဖြူတောင်ကြိုးဝိုင်းဆိုရင် သစ်တောလုပ်ပိုင်ခွင့် ဘယ်လိုမှ လက်မခံဘူး။ ဒါပေမယ့် ပြည်နယ်ကတော့ သစ်တောလုပ်ပိုင်ခွင့် အနေနဲ့ပဲ ပြည်ထောင်စုက လမ်းညွန်ထားတဲ့အခါကျတော့ သူတို့က မြေယာလုပ်ပိုင်ခွင် ပုံစံ(၇)အနေနဲ့ပဲ လိုချင်တာပေါ့နော်။ ပုံစံ(၇)အနေနဲ့ကလည်း သစ်တောလုပ်ပိုင်ခွင့်နဲ့က အခွင့်အရေးမတူဘူးလေ။ သူတို့ကလည်း ပုံစံ(၇)ပဲ ရချင်တယ်။ အဲလိုမျိုးပေါ့။ ခက်ခက်ခဲခဲညှိနှှိုင်းယူရတယ်။ အဲဒါက စိုက်ပျိုးတောင်သူတွေရဲ့ စားဝတ်နေရေးပေါ့နော်။ မြေယာပြဿနာတွေက အဲလိုရှိတယ်။ အဲဒါတွေလည်း ဖြေရှင်းရတယ်။
အဲဒီအပြင် စိုက်ပျိုးရေးက ထွက်ရှိလာတဲ့ ထွက်ကုန်တွေကလည်း ဈေးကွက်ဝင်ဖို့အတွက် နှစ်ပေါင်းများစွာ ဈေးကွက်မရခဲ့တာ ကတော့ အမှန်ပဲ။ ဥပမာ ဖာလာဆိုရင် နှစ်ပေါင်း ၃၀ကျော်ပြီး တရုတ်ကိုရောင်းခဲ့တာ။ ကိုယ့်နိုင်ငံကလည်း တရားဝင်ရောင်းခဲ့ တာ မဟုတ်တဲ့အခါကျတော့ အခွန်တွေလည်းမရခဲ့ဘူး။ အဲဒီအပြင် အဆင့်ဆင့် value change က အရမ်းရှည်တယ်။ အဆင့် ဆင့် ပွဲစားတွေနဲ့မှ ကိုယ့်ဒေသမှာ ရရှိတဲ့ ဈေးနှုန်းက အရမ်းနည်းတယ်။ ဥပမာ မူဆယ်က ကုန်စည်ပြပွဲမှာ ဝန်ကြီးတွေရဲ့ဖိတ် ကြားချက်အရ သွားတက်ဖြစ်တယ်။ အဲဒီမှာ ဖာလာတွေက ထွက်ရှိရာဒေသက တရုတ်ပဲ နာမည်ထွက်တယ်။ ဆိုတော့ ကိုယ့်ဒေ သ ထွက်ကုန်က နာမည်ပျောက်တယ်။ မူပိုင်ခွင့် မရခဲ့ဘူး။ အဲဒီကုန်စည်ပြပွဲမှာ ကိုယ့်ဖာလာကို ၁ကီလိုပဲ ရောင်းခဲ့တာ ၈သောင်း ကျပ်တောင်ရတယ်။ ဒီဒေသမှာက ဖာလာ ၁ကီလိုကို ၁သောင်းထက် မပိုဘူး။ အဆင့်ဆင့် ခေါင်းပုံဖြတ်မှုက ရှိနေဆဲပဲ။ ဒါတွေ အတွက် ကိုယ့်ဒေသကထွက်တဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ တိုက်ရိုက်ရောင်းခွင့်ရအောင် အဖွဲ့အစည်းတွေကိုလည်း ကိုယ်တွေ က ဈေးကွက်ရဖို့ ဦးဆောင်ပေးခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ ဈေးကွက်ရဖို့ NGO တွေကိုလည်း ဈေးကွက်ရှာခိုင်းရတာတွေ လည်း ရှိတယ်။ ဈေးကွက်ဝင်ဖို့က အရည်အသွေးလိုတဲ့အတွက် နည်းပညာတွေလည်းရရှိဖို့ လွှတ်တော်ကိုယ်စားလှယ်တစ် ယောက်အနေနဲ့ လုပ်ကိုလုပ်ပေးရပါတယ်။
ကေအိုင်စီ – နယ်မြေအတွက် ဆောင်ရွက်တဲ့အခါ ဒေသဆိုင်ရာအရပ်ဖက်အဖွဲ့၊ လက်နက်ကိုင်အဖွဲ့၊ INGO အဖွဲ့တွေနဲ့ ပူး ပေါင်းလုပ်ဆောင်မှုတွေ ဘယ်လိုအနေအထားရှိလဲ။
ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်တဲ့အခါမှာ သူတို့နဲ့ ချိတ်ဆက်ညှိနှှိုင်းလုပ်ဆောင်ရတာတွေလည်းရှိတယ်။ အဆင်ပြေတာလည်း ရှိပါတယ်။ တစ်ခါတစ်လေ အဆင်မပြေပါဘူး။ ဘာဖြစ်လို့လဲဆိုရင် သူတို့အနေနဲ့ နားလည်မှုလွှဲတာတွေလဲရှိတာပေါ့နော်။ ဒေသခံကိုယ်တိုင်ကလည်း တစ်ခါတစ်ခါ သူတို့လိုချင်တာဖြစ်ရဲ့သားနဲ့ အဖွဲ့အစည်းက သဘောမတူတာတွေရှိတာပေါ့နော်။ ကျမကိုယ်တိုင်ကလဲ ကိုယ့်မြို့နယ်အတွက် ရတဲ့အကူအညီ ဘတ်ဂျက်တွေက ဘယ်အလွတ်ခံချင်ပါ့မလဲ။ ဒါမျိုးတွေကျတော့ ညှိနှိုင်းရတာ အခက်အခဲရှိတယ်။
သူတို့က လုံခြုံရေးအကြောင်းပြတာတွေလည်း ရှိပါတယ်။ နောက်ပြီး သွားရေးလာရေးအခက်အခဲကြောင့် အကြောင်းပြတာတွေ ရှိပါတယ်။ အမှန်တိုင်းပြောရမယ်ဆိုရင် နှစ်ဖက်စလုံးမှာ ဒီဟာလေး ညှိနှှိုှုင်းပေးနိုင်ဖို့ ပွင့်လင်းမြင်သာမှုက လိုနေသေးတာပေါ့ လေး။ အန်တီတို့ဘက်ကတော့ ညှိနှှိုင်းပေးလို့ရတယ်။ ဒါပေမယ့် သူတို့ရဲ့ နားလည်မှု၊ တစ်ဦးရဲ့နားလည်မှု အပြည့်အဝ မထား နိုင်သေးတဲ့ သဘောမှာရှိတာပေါ့နော်။ ဥပမာ KNU ထိန်းချုပ်တဲ့နယ်တွေမှာဆိုရင် ဖွံ့ဖြိုးရေးတွေကို လက်မခံတာတွေရှိတယ် အဲလိုမျိုးတွေတော့ ရှိပါတယ်။
ကေအိုင်စီ – သောက်ရေခပ်ဆည်နဲ့ပတ်သက်ပြီး အခြေအနေလေးတွေ မျှဝေဖလှယ်ပေးပါလား။
သောက်ရေခပ်(၁)ကော သောက်ရေခပ်(၂)ကော ယခင်အစိုးရလက်ထက်က ၂၀၀၈ကတည်းက MOU ထိုးထားပြီးသားပဲ။ သောက်ရေခပ်(၂)ကိုတော့ ၂၀၁၂မှ စခဲ့တာပေါ့နော်။ ဒီနေ့ဒီအချိန်ထိက သောက်ရေခပ်(၁)ကို ဆက်လုပ်ဖို့ အစီစဉ်မရှိပါဘူး ဆိုတာ လွှတ်တော်စတက်ကလည်းကမေးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သောက်ရေခပ် (၂)က ၂၀၁၂မှာကတည်းကပြီးပြီ။ တကယ်တမ်းလုပ်ချင်ရင် သောက်ရည်ခပ်(၁)ကော၊ (၂)ကော အဲဒီကတည်းကလုပ်နိုင်ခဲ့ရင် လုပ်ပြီးပြီပေါ့။ သောက်ရေခပ်(၁)ကို ဆက်မလုပ်ဖို့ ဟိုကတည်းက ကန့်ကွက်ဆန္ဒပြခဲ့တာလည်းရှိခဲ့တာပဲလေဆိုတော့ သောက်ရေခပ်(၁)ကို ဆက်မလုပ်နိုင်တဲ့ အကြောင်းကလည်း အဲဒီကတည်းက ရှိပါတယ်။
အခု သောက်ရေခပ်(၁)ကိုလာပြီး တိုင်းတာတယ်ဆိုတာက Survey ဆင်းတာပါ။ လျှပ်စစ်ဝန်ကြီးဌာနကနေပြီးတော့ တိုင်းပြည် ရဲ့ လျှပ်စစ်လိုအပ်ချက်အရ တစ်နိုင်ငံလုံးမှာရှိတဲ့ မြစ်ချောင်းတွေကို Survey ဆင်းတာပါ။ သောက်ရေခပ်(၁) Project ကတော့ အရင်အစိုးရလက်ထက်တုန်းက ဝန်ကြီးဌာနမှာရှိပြီးသားလေး။ ဒီ Project က ဟိုတုန်းက ဘာကြောင့်တင်လဲ။ အမှန်တကယ် ကော လုပ်နိုင်လား။ လက်ရှိမှာကော ဆက်လုပ်နိုင်ခြေရှိမရှိ ဆိုတာတွေက Survey ဆင်းထားတာပဲ ရှိပါတယ်။ လုပ်မယ်ဆိုတဲ့ သဘောနဲ့ Survey ဆင်းထားတာမဟုတ်ပါဘူး။ ရေအားလျှပ်စစ်ထုတ်နိုင်ဖို့ တိုင်းတာတာ ဖြစ်တယ်။ ရေအားလျှပ်စစ်ဆိုတာက အခု လျှပ်စစ်လိုအပ်ချက်ရှိတဲ့နေရာမှာ ဈေးနှုန်းအသက်သာဆုံးပဲ။ ရေအားလျှပ်စစ်နဲ့ ထုတ်ပေးနိုင်မယ်ဆိုရင် အမြန်ဆုံးနဲ့ ဈေး အသက်သာဆုံးနဲ့ လျှပ်စစ်က ရနိုင်တာပါ။
စိုးရိမ်မှုလွန်ကဲတဲ့ ပြည်သူတွေကို ပြောချင်တာက အန္တရာယ်မရှိအောင် တိုင်းပြည်ရဲ့ဖွံ့ဖြိုးမှုကို လိုချင်တယ်ဆိုရင် လျှပ်စစ်စွမ်း အင်က မဖြစ်မနေလိုအပ်မှာပဲ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ၄ဝရာခိုင်နှုန်းလောက်ပဲ လျှပ်စစ်သုံးနိုင်သေးတာလေ။ တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်မှုလိုချင်ရင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ လာမှလေ။ အဲဒီအတွက် လျှပ်စစ်လိုအပ်ချက်က လိုအပ်လာမှာပဲ။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးနဲ့ ရေအားလျှပ်စစ်ကို ထုတ်လို့ရပါတယ်။ ထိခိုက်မှုအနည်းဆုံးထုတ်နိုင်ရင် အကောင်း ဆုံးပဲလို့ ကိုယ့်တစ်ဦးတည်းအမြင်နဲ့ပြောချင်ပါတယ်။ တစ်ဖက်အမြင်နဲ့ပြောတဲ့ ရေအားလျှပ်စစ်ထုတ်ရင် သဘာဝပတ်ဝန်းကျင် ထိခိုက်တယ် နစ်နာဆုံးရှှုံးမှုအများကြီးရှိတယ်။ အမျိုးမျိုးပြောနေတာတွေ တကယ်တမ်း လက်တွေ့မဆန်ဘူး။ နည်းပညာတွေက အမြင့်ကြီး ရှိသေးတာပဲ။ တကယ်တမ်း ရေအားလျှပ်စစ်နဲ့ တစ်နိုင်ငံလုံး သုံးနေတာ နှစ်ပေါင်းမနည်းတော့ဘူး။
ဘီလူးချောင်းရေအားလျှပ်စစ် တစ်နိုင်ငံလုံးမှာအကြီးဆုံး အဲဒီဘီလူးချောင်းရေအားလျှပ်စစ်နဲ့ပဲ သုံးနေရတယ်။ ပြောချင်တာက ဘီလူးချောင်းရေအားလျှပ်စစ်က ဒီနေ့ဒီချိန်ထိ ဘာတစ်ခုမှအန္တရာယ်ဖြစ်မှုဆိုတာ မရှိခဲ့ဘူးလေ။ အဲဒါဥပမာပဲ။ ဘယ်ချောင်း၊ ဘယ်မြစ်ဖြစ်ပါစေ တကယ်တမ်း ပတ်ဝန်းကျင်ထိခိုက်တာတွေအားလုံးအတွက် တိုင်းတာတွက်ချက်ပြီးမှ လုပ်နိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ။ အန်တီကတော့ အားပေးပါတယ်။ ဘာဖြစ်လို့လဲဆိုရင် နည်းပညာတွေ အမြင့်ကြီးရှိတယ်။ တကယ်တမ်း ပရမ်းပတာတွေလုပ်ဖို့မဟုတ်ပါဘူး။
နောက်ပြီးတော့ အများအကျိုးအတွက် စဉ်းစားမယ်ဆိုရင် ပိုပြီးတန်ဖိုးရှိတဲ့ အသုံးချမှုတစ်ခုလုပ်လို့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ စီမံကိန်းလိုတော့ မဖြစ်စေချင်ဘူး။ တလောက လွှတ်တော်မှာ တရုတ်ဘေဂျင်းတက္ကသိုလ်က တရုတ်သံတမန်အဖွဲ့ ကိုယ်စား လှယ်အဖွဲ့တွေ လာပါတယ်။ BRI ကိစ္စနဲ့ပတ်သက်ပြီး လာပြီး ရှင်းလင်းတာပါ။ အဲဒီမှာအန်တီက ဘာမေးလဲဆိုရင် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး တရုတ်က တာဝန်ယူလုပ်ဆောင်တဲ့နေရာမှာ အန်တီတို့အနေနဲ့ လက်ခံစဉ်းစားဖို့က အများကြီးရှိပါသေးတယ်။ ပြီး ခဲ့တဲ့ စီမံကိန်းတွေဆိုရင် စာချုပ်နဲ့ပတ်သက်ပြီး ပြည်သူတွေသိခွင့်မရတာတွေ၊ မကျေနပ်ချက်တွေ၊ သဘာဝထိခိုက် နစ်နာမှုတွေ အများကြီးရှိတယ်။ ဒါတွေ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခဲ့ဘူး။ ပြီးခဲ့တဲ့ ဘတ်ဂျက်တွေမှာ တရုတ်အစိုးရအနေနဲ့ တာဝန်ယူမှု တာ ဝန်ခံမှု ဘယ်လောက်ရှိမလဲ ဆိုတာတွေကို အန်တီက မေးခဲ့တယ်။ သူတို့ကိုယ်တိုင်ကလည်း ဝန်ခံသွားပါတယ်။ သောက်ရေခပ် (၂)နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ ကိုယ်က monitoring လုပ်နေတာ ဘာဖြစ်လို့လဲဆိုရင် အရင်တုန်းက ပွင့်လင်းမြင်သာ မှု မရှိခဲ့ဘူးပေါ့နော်။ မရှိတဲ့အခါကျတော့ လွှတ်တော်စစချင်းတက်ကတည်းက အချက်အလက် စာချုပ်တွေကိုတောင်းခဲ့တာ အဲဒီ အပြင် အခုချိန်ထိ နေ့စဉ်တက်လာတဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ စာရင်းစစ်ချုပ်ရဲ့အစီရင်ခံစာရှိပါတယ်။
အဲဒီအစီရင်ခံစာထဲမှာ လျှပ်စစ်ဝန်ကြီးဌာနဲ့ပတ်သက်ပြီးတော့ ဥပမာ သောက်ရေ၂ခပ်ရေအားလျှပ်စစ်ကုမ္မဏီနဲ့ပတ်သက်ပြီး တော့ ထိန်းကြောင်းစရာလိုတဲ့ အချက်အလက်လိုတာရှိရင်လည်း အန်တီတို့လွှတ်တော်မှာလည်း ဆွေးနွေးခဲ့ပြီးပြီး။ သောက် ရေခပ် ၂ စီမံကိန်းနဲ့ပတ်သက်ပြီး အန်တီရဲ့မဲဆန္ဒနယ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့ရဲ့လုပ်ဆောင်ချက်တွေဟာ နည်းမှန် လမ်းမှန်ဖြစ်ဖို့။ အခုပြန်လည်လျော်ပေးတဲ့ ပလက်ဝတံတားကိစ္စကလည်း မျက်ခြေမပြတ် monitoring လုပ်တာတွေရှိတယ်။ ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်တွေ မတိမ်းမစောင်းဖြစ်အောင် လွှတ်တော်မှာ ပြောတာတွေ ဆွေးနွေးတာတွေရှိတယ်။ ကုမ္ပဏီနဲ့ လည်း တွေ့ဆုံပြီး ညှိနှှိုင်းတာတွေရှိတယ်။ သောက်ရေခပ်(၁) ရေအားလျှပ်စစ်လုပ်ဖို့အတွက်ဆိုတာက လတ်တလောမှာ ဘယ် လိုမှမဖြစ်နိုင်သေးပါဘူး။ အဲဒါကိုပြည်သူတွေက မသိမနားလည်တဲ့အခါကြတော့ စိုးရိမ်လွန်ပြီးတော့ လှုံ့ဆော်မှုတွေကရှိပါတယ်။ ရှင်းရှင်းပြောရင် အစိုးရဘယ်လောက်လုပ်လုပ် မကောင်းပြောချင်တဲ့လူတွေလည်းရှိပါတယ်။
ဒါ အမှန်တကယ်ရှိနေလို့ပြောတာပါ။ အတိုက်အခံတွေက ရှိတယ်ဆိုတော့ အကောင်းလုပ်လည်း မကောင်းတာမြင်တာတွေ လည်း ရှိပါတယ်။ ပြီးတော့ တစ်စိတ်ကို တစ်အိတ်ဖြစ်အောင် ဥပမာ သောက်ရေခပ်(၁)လုပ်မယ်ဆိုရင် ရွာပေါင်း ၆၀လောက် နစ်မြုပ်သွားမယ်ဆိုတာတွေ ပြည်သူတွေကို အထိတ်တလန့်ဖြစ်အောင် ဒီလိုမျိုးစာတွေဖြန့်ဝေတာတော့ မကောင်းပါဘူး။ အဲဒါ မျိုးတွေ လုပ်ဆောင်တာတွေရှိတဲ့အခါကျတော့ အန်တီကိုယ်တိုင်လည်း လူမှုကွန်ယက်ကနေတစ်ဆင့် ပြည်သူတွေကို အကြောင်းပြန်ကြားရတာတွေရှိတယ်။ မဲဆန္ဒနယ်တွေပြန်သွားတဲ့အခါကျတော့လည်း ဒီကိစ္စတွေကို တောက်လျှောက်ရှင်းရပါ တယ်။ လွှတ်တော်လေ့လာရေးလာတဲ့ ကိုယ့်မဲဆန္ဒနယ်က အုပ်ချုပ်ရေးမှူးတွေကိုလည်း ရှင်းပြရပါတယ်။ အဲဒါတွေရှိပါတယ်။
ကေအိုင်စီ – လွှတ်တော်သက်တမ်းမှာ ဒေသခံတွေအတွက် မြေယာကိစ္စတွေနဲ့ပတ်သက်ပြီး ဘာတွေ လုပ်ဆောင်ပေးခဲ့တာ ရှိခဲ့လဲ။
လုပ်တာတွေတော့ အများကြီးပဲ။ ပထမဦးဆုံး ပြည်နယ်နယ်နိမိတ် တိုင်းတာပေးပါဆိုတော့လည်း ပြည်နယ်အစိုးရကိုတင်ပေး တာက ဘာကြောင့်လဲဆိုရင် အုပ်ချုပ်ရေးက ကိုယ့်မြို့နယ်ထဲမှာရှိပြီးတော့ ကိုယ့်မြို့နယ်က ဒေသခံတွေ လုပ်ကိုင်စားသောက် နေတဲ့ စိုက်ပျိုးမြေတွေက အခြားမြို့နယ် တိုင်းတွေမှာရောက်တာက ဧက ၈သောင်းလောက်ရှိပါတယ်။ အုပ်စုက ၈ခုလောက်ရှိ ပါတယ်။ အများစုက ပဲခူးတိုင်းနဲ့ထိစပ်နေတယ်။ နောက်တစ်ခုကတော့ မြေယာကိစ္စနဲ့ပတ်သက်ပြီးတော့ဆိုရင် ခရိုင်အဆင့် တင် ပေးပါ ဆိုတာက အဓိကတော့ နယ်စပ်ပြဿနာပေါ့နော်။
ပြောရမယ်ဆိုရင် တော်လှန်ရေးကောင်စီခေတ်က သိခဲ့တဲ့ ကိုယ့်မြို့နယ် ကရင်ပြည်နယ်ရဲ့အတိုင်းအတာနဲ့ တဖြည်းဖြည်း အစိုး ရ အဆင့်ဆင့် ပြောင်းလာတဲ့အခါမှာ ကိုယ့်မြို့နယ်က ကျဉ်းသွားသလိုခံစားရတယ်။ ပြီးတော့ ဒီမြို့နယ်ထဲမှာ အုပ်ချုပ်ရေးမှာ မဝင်သေးတဲ့ ကျေးရွာအုပ်စုကလည်း အများကြီးရှိသေးတယ်။ ဒါတွေက ကိုယ့်မြို့နယ် ကိုယ့်ပြည်နယ်ရဲ့ နယ်နိမိတ်ထဲမှာ ပါသွားစေချင်ပါတယ်။ ဒါကြောင့်မို့ နယ်နိမိတ်သတ်မှတ်ပေးပါ။ ခရိုင် သတ်မှတ်ပေးပါဆိုတဲ့ တောင်းဆိုချက်နဲ့ ပြည်နယ်အစိုးရ က တင်ခဲ့တာပါ။ လွှတ်တော်ထဲမှာလည်း ဒေသခံတွေအတွက် အဂင်္လိပ်လက်ထဲမှာ ၁၉၆ဝ ဝန်းကျင်က သစ်တောကြိုးဝိုင်းလို့ သတ်မှတ်ခဲ့တာ ဒီသံတောင်မှာ ဧက ၅ထောင်ပဲ ရှိတယ်။
ဒီနေ့ဒီအချိန်မှာ ကြိုးဝိုင်းနဲ့ ကြိုးပြင်ပေါ့နော်။ ၆ခုရှိနေတယ်။ ဧက ကတော့ ၃သိန်းဝန်းကျင်ရှိနေတယ်။ ကိုယ့်မြို့နယ်ရဲ့ သုံးချိုး တစ်ချိုးက ကြိုးဝိုင်းဖြစ်နေတယ်။ အုပ်ချုပ်ရေးထဲမှာရှိနေတယ်။ ကြိုးဝိုင်းထဲမှာပါနေတဲ့ ရွာတွေက ရှိနေသေးတယ်။ အဲသလိုမျိုး ဆိုတော့ ဒေသခံမြေယာတွေအတွက် လွှတ်တော်ထဲမှာ တောင်းဆိုတာတွေရှိတယ်။ နောက်ပြီးတော့ မြေယာကိစ္စနဲ့ပတ်သက် ရင် ကိုယ့်မြို့နယ်မှာ မြေရိုင်းအမည်ပေါက်တာက ၂သိန်းကျော်ရှိတယ်။ အဲဒါအတွက်လည်း မြေလွတ်မြေရိုင်းဥပဒေမှာ ဆွေးနွေး ခဲ့တာရှိပါတယ်။ ပြီးတော့ မြေလွတ်မြေရိုင်းဥပဒေကို ပြောချင်တာက ကိုယ့်ဒေသမှာ မြေရိုင်းသာ အမည်ပေါက်တာ အကုန်လုံး က ဥယျာဉ်ခြံတွေ၊ စိုက်ပျိုးတွေပဲ ဖြစ်နေတယ်။ မြေရိုင်းလို့မသတ်မှတ်ခင်မှာ သေချာစိစစ်သင့်တယ်လို့ ဥပဒေထဲမှာ ထည့်သွင်း နိုင်ဖို့အတွက်လည်း ကြိုးစားနေပါတယ်။ လက်ရှိအခြေအနေမှာတော့ မြေရိုင်းအမည်ပေါက်နေတဲ့ စိုက်ပျိုးမြေတွေကို ဒုသမ္မတ ခရီးစဉ်မှာလည်း ပုံစံ(၇) မရသေးသော စိုက်ပျိုးမြေများအဖြစ် ကိုယ်ကထည့်သွင်းခိုင်းပါတယ်။ အဲဒါမှသာလျှင် ဒေသခံတွေ စိုက်ပျိုးမြေပြန်လည်ရရှိရေးအတွက် အခွင့်အရေးတစ်ခုဖြစ်လာမှာပါ။
လွှတ်တော်မှာ မြေနဲ့ပတ်သက်ပြီး တင်ထားတဲ့ အဆိုတစ်ခုရှိပါတယ်။ ဘာလဲဆိုရင် မြေယာစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးတော့ အဓိက လက်ရှိအစိုးရလုပ်နေတဲ့ ကော်မတီ၃ခုရှိပါတယ်။ ကော် ၃ကော်ရှိတယ်။ အဲဒီကော်မတီ၃ခုဟာ အစိုးရအနေနဲ့ စနစ်တ ကျ ကြပ်မတ်ပြီး ထိန်းကြောင်းသင့်ပါကြောင်း ဆိုတဲ့အဆိုက နိုင်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစီမံခန့်ခွဲမှုကိုကျော်လွန် ပြီး ဒီဖွဲ့ထားတဲ့ကော်မတီတွေက လုပ်တာရှိပါတယ်။ ဥပမာ စည်ပင်က လုပ်ပိုင်ခွင့်မရှိဘဲ လုပ်သွားတာတွေ၊ အုပ်ချုပ်ရေးက လုပ်ပိုင်ခွင့်မရှိဘဲလုပ်သွားတာတွေ တစ်ခြားမြို့နယ်မှာရှိသလို အန်တီတို့မြို့နယ်မှာလည်းရှိပါတယ်။ ဥပမာ အုပ်ချုပ်ရေးက ဝန်ထမ်းတွေကို မြေပေးမိန့်ပေးလိုက်တယ်။ လက်ရှိအနေထားက အဲဒီမြေတွေက ဒေသခံရဲ့ နေအိမ်တွေရှိနေတယ်။ အဲဒီအမှု ကလည်းရှိတော့ ကိုယ်တွေက လိုက်ပါဆောင်ရွက်ပေးပြီး ပြောကူရတာတွေလည်းရှိပါတယ်။
မြေပေးမိန့်ကို မပေးသင့်ဘဲနဲ့ ရှင်းရှင်းပြောရင် မြေပေးမိန့်က စလစ်တစ်ခုပဲရှိတယ်။ ဥပဒေအရက ဒီဥစ္စာ တရားရုုံးမှာတောင် အကျုံးမဝင်ဘူး။ တရားစွဲဆိုခွင့်မရှိဘူး။ ဒါပေမယ့် ဒီတရားစွဲဆိုမှုက ပြည်နယ်အဆင့်မှာနိုင်သွားတာရှိပါတယ်။ ဒါက ကျမမြို့ပေါ် မှာ ဖြစ်တယ်။ ပြောချင်တာက လွှတ်တော်မှာအဆိုသာ နိုင်သွားတယ်။ အောက်ခြေမှာက မလွယ်သေးဘူး။ အဲလိုမျိုးတွေ ရှိတာ ပေါ့။ နောက်ပြီး တစ်ခုတည်းသော မြေပုံစနစ်သွားနိုင်ဖို့ လွှတ်တော်မှာအဆိုနိုင်သွားပါတယ်။ အဲဒီအဆိုမှာလည်း ဝင်ဆွေးနွေး ရတာတွေရှိတယ်။ ကိုယ်တိုင်ကလည်း အဲဒီအဆိုနိုင်ဖို့ ကြိုးစားခဲ့ရတာပေါ့နော်။ workshop တွေလုပ် ခေါ်ယူပြီး ဒီအဆိုအတွက် အချက်အလက်တွေ ကောက်ခံတာတို့ လုပ်ပေးတာတွေရှိပါတယ်။
ကေအိုင်စီ – လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာကော ဘယ်လိုဆောင်ရွက်ပါဝင်သွားဖို့ စဉ်းစားထားသလဲ။
တာဝန်ထမ်းဆောင်တဲ့အချိန်မှာ ကိုယ်စွမ်းရှိသလောက် ဉာဏ်စွမ်းရှိသလောက် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ခဲ့တာပေါ့ နော်။ ကိုယ်မဟုတ်ဘဲ တစ်ခြားလူတစ်ယောက်ဆိုရင်လည်း ဒီလိုပဲ ကြိုးစားဆောင်ရွက်စေချင်တယ်။ နောင်လာမယ့် ရွေး ကောက်ပွဲမှာ ဒေသရဲ့လိုအပ်ချက်အရ၊ ပါတီရဲ့လိုအပ်ချက်အရ၊ နိုင်ငံရဲ့လိုအပ်ချက်အရ ပါဝင်ရင်လည်း ပါဝင်လာနိုင်ပါတယ်။ ကိုယ့်ဒေသမှာ ထွက်လာမယ့်ကိုယ်စားလှယ်တွေက အတတ်နိုင်ဆုံး ဒေသအတွက်ကော ပြည်နယ်၊ နိုင်ငံအတွက် ကြိုးစားစေ ချင်တယ်။
အမှန်တိုင်းပြောရရင် အားမထုတ်တဲ့ကိုယ်စားလှယ်တွေ ပြည်ထောင်စုမှာရော၊ တိုင်းနဲ့ပြည်နယ် အသီးသီး လွှတ်တော်မှာရော ရှိတယ်။ အဲဒါမျိုးတွေကျ အားမလိုအားမရဖြစ်ပါတယ်။ NLD အစိုးရလက်ထက်မှာ အစိုးရရဲ့လွှတ်တော်မှာ ပြောရမယ်ဆိုရင် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့နေရာမှာ စိန်ကောင်းကျောက်ကောင်းတွေ ရောင်းဝယ်ရသလိုမှမဟုတ်တာ။ လစ်ဟာချက်တွေ လိုအပ်ချက်တွေရှိမှာပဲ။ ကိုယ်စားလှယ်တွေကလည်း အရည်အချင်းပြည့်မှီတာရှိသလို မရှိတာတွေလည်းရှိပါတယ်။ ဒီသက် တမ်းရဲ့ ဥပမာကိုယူပြီးတော့မှ နောင်သက်တမ်းတွေမှာ ပါတီအနေနဲ့ကော ဒီထက်ပိုပြီးတော့မှ ကြိုးစားသွားမယ်ဆိုတာလည်း ပါတီက ညွန်ကြားထားပြီးသားရှိပါတယ်။ ပါတီကိုယ်စားလှယ်တွေကလည်း ဒီထက်ပိုပြီး ပြည်သူ့အကျိုး သယ်ပိုးသွားဖို့ ပါတီက ညွန်ကြားထားတာတွေရှိပါတယ်။
ဒါကြောင့်မို့ နောင်သက်တမ်းမှာ ဒီထက်ကောင်းမွန်တဲ့ ကိုယ်စားလှယ်တွေထွက်ပေါ်ဖို့ ယုံလည်းယုံကြည်ပါတယ်။ ကိုယ်ကတော့ ကိုယ့်မြို့နယ်အတွက် ဒီထက်မက တော်တဲ့ကိုယ်စားလှယ်တွေတောင် လိုချင်တယ်။ ကိုယ့်ဒေသခံတွေကိုလည်း အရည်အချင်း မြှင့်တင်ပေးဖို့လည်းလိုပါတယ်။ ကိုယ့်ဒေသက နိုင်ငံရေးစိတ်ဝင်စားမှု အားနည်းပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေး ချိတ်ဆက်တယ် ဆိုတာ နားမလည်ကြတာများပါတယ်။ နှစ်ပေါင်းများစွာကလည်း ပဋိပက္ခဧရိယာမှာ နေခဲ့ရတယ်ဆိုတော့ သူတို့အတွက်က အကြောက်တရားတွေက ရှိနေတုန်းပါပဲ။ ဒီဒေသမှာ နိုင်ငံရေးအဆင့်အတန်း မြင့်လာဖို့လည်းလိုသလို နိုင်ငံကိုဦးဆောင်နိုင်တဲ့ အရည်အသွေးမြင့်လာဖို့က လိုပါသေးတယ်။
ကေအိုင်စီ – အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘာတွေအခက်အခဲကြုံတွေ့ရတာတွေရှိလဲ။
အခက်အခဲက အများကြီး ကြုံတွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်မှာလည်း အမျိုးသမီးပါဝင်မှုက ၁၃ရာခိုင်နှုန်းပဲ ရှိပါတယ်။ ကိုယ့်မြို့နယ်မှာလည်း တစ်ဦးတည်းသော အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ပေါ့နော်။ ပြည်နယ်မှာလည်း အမျိုး သားလွှတ်တော်ကိုယ်စားလှယ်ထဲက အမျိုးသမီး ၃ယောက်ပဲ ရှိပါတယ်။ ပြည်သူ့လွှတ်တော်မှာက တစ်ယောက်ပဲ ရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ ကရင်ပြည်နယ်အနေနဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၄ယောက်ပဲ ရှိပါတယ်။ ကိုယ့်ဒေသမှာလည်း အခက်အခဲရှိပါတယ်။ ဘာကြောင့်လဲဆိုရင် အမျိုးသမီးတွေက မိရိုးဖလာအရ အိမ်မှာပဲနေရမယ်လို့ သိ ထားကြတယ်လေ။
နိုင်ငံရေးအလုပ်ဆိုတာက မိသားစုကိုလည်း စွန့်ခွာရတာတွေလည်း ရှိပါတယ်။ ဒါက မိသားစုအပိုင်းပေါ့။ နောက်တစ်ပိုင်းက ဒီနေ့ဒီချိန်အထိ တို့နိုင်ငံက စီဒေါလက်မှတ်သာထိုးထားတယ်လေ။ အမျိုးသားဦးဆောင်မှုက အမျိုးသမီး ဦးဆောင်မှုထက် များ ပေမယ့်လည်း ဒီနေ့ဒီချိန်အထိ အမျိုးသားဦးဆောင်မှုကဏ္ဍက ဒီနေ့ဒီချိန်အထိ ဖောက်ထွက်ဖို့က တော်တော် ခက်ပါတယ်။
နိုင်ငံရေးဦးဆောင်မှုတစ်ခုရဖို့က အမျိုးသမီးတွေက အများကြီး ပိုကြိုးစားရပါတယ်။ ဒီနေ့ဒီချိန်ထိ ရှိနေတဲ့အမျိုးသားတွေက အမျိုးသမီးဦးဆောင်မှုကို နေရာမပေးချင်တာတွေလည်းရှိပါတယ်။ ဘာဖြစ်လဲဆိုရင် ရွေးကောက်ပွဲကာလမှာလည်း အခက်အခဲ တွေ အများကြီးတွေ့နေရပါတယ်။ လက်ရှိ အလုပ်လုပ်နေတဲ့ နေရာမှာလည်း အခက်အခဲတွေ အများကြီးရှိပါတယ်။ ကိုယ့်မြို့ နယ်က လမ်းပမ်းဆက်သွယ်ရေး ခက်တဲ့အခါကျတော့ သွားရေးလာရေးခက်ခဲတဲ့အခါ အမျိုးသမီးက လုံခြုံမှုအားနည်းတာပေါ့ နော်။ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းတူ သွားလာလုပ်ကိုင်ရတဲ့အခါကျတော့ ယောက်ျားတွေကလည်း ကိုယ်တွေကို သူတို့ လို ယောက်ျားတစ်ယောက်ပဲလို့ မြင်နိုင်ရင်ကောင်းတာပေါ့။ အမျိုးသမီးဖြစ်လို့ ယောက်ျားတွေထက်အားနည်းတာကို လက်မခံ ချင်ဘူး ဘာဖြစ်လဲဆိုရင် အမျိုးသားတွေနဲ့ တန်းတူအလုပ်လုပ်နိုင်တယ်ဆိုတာ ကိုယ်က ပြချင်ပါတယ်။
အမျိုးသမီးမို့လို့ အခွင့်အရေးပေးရမယ်ဆိုရင် အပြောမခံနိုင်ပါဘူး။ NLD မှာဆိုရင် အမျိုးသမီးကိုဦးစားပေးရမယ်လို့တောင် ထည့်ထားပါတယ်။ တခါတလေမှာ ကိုယ်က အမျိုးသမီးမို့လို့ ဦးစားပေးတာလားဆိုပြီး အထင်ခံရတာတော့ ကိုယ်တွေက မခံ ချင်ဘူး။ ဒါက ကိုယ့်ရဲ့အားထုတ်မှုနဲ့ အရည်အချင်းပဲလေ။ ပါတီအနေနဲ့ကလည်း အမျိုးသားနဲ့ အမျိုးသမီးကို မခွဲခြားဖို့ပြောတာ ပါ။ ကိုယ့်အမြင်နဲ့ပြောရမယ်ဆိုရင် အခုချိန်ထိ အမျိုးသမီးဦးဆောင်မှုကို လက်မခံချင်တဲ့ အမျိုးသားတွေ ပိုများနေတုန်းပါပဲ။