ဆရာမောင် (ပန်းတနော်)
နိုင်ငံတစ်ခု၏ စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံ၏ ပကတိ အခြေအနေမှန်ကို သိရှိမှသာ အောင်မြင်မည် …
ကျနော်တို့ ကရင်လူမျိုးများသည် မြန်မာနိုင်ငံအတွင်းသို့ ရှေးဦးစွာ ရောက်ရှိနေထိုင်ခဲ့ကြသော ဌာနေတိုင်းရင်းသား လူမျိုးတစ်မျိုး ဖြစ်ပါသည်။
အဂင်္လိပ်လက်ထက် သန်းခေါင်စာရင်းအရ ကရင်လူမျိုးများသည် မြန်မာနိုင်ငံတွင် ဒုတိယလူဦးရေ အများဆုံး ဖြစ်ခဲ့ သည်။ ၁၉၉၂ခုနှစ် မြန်မာနိုင်ငံ လူဦးရေကို ဖော်ပြရာတွင် နိုင်ငံ၏ လူဦးရေမှာ ၄၁၈.၉သိန်းရှိပြီး ဗမာလူဦးရေမှာ ၂၈၂.၅သိန်း၊ ကရင်လူဦးရေမှာ ၂၆.၃သိန်း၊ ရှမ်းလူဦးရေမှာ ၂၂.၂သိန်းရှိခဲ့သည်ကို မှတ်သားထားမိသည်။ သို့သော် ၂၅-၁၁-၂၀၀၁ ရက်နေ့ ထုတ် နိုင်ငံတကာဂျာနယ်တွင် မြန်မာနိုင်ငံလူဦးရေ ၄၈သန်းတွင် မြန်မာ ၆၈%၊ ရှမ်း ၉%၊ ကရင် ၇% ဟု ဖော်ပြပါရှိရာ ကရင်လူ ဦးရေမှာ လျော့နည်း ကျဆင်း ပျောက်ကွယ်လာသည်ကို သတိထားမိလာသည်။
ပန်းတနော်မြို့နယ်၏ ကရင်လူဦးရေကို ကြည့်ပါကလည်း ၁၉၇၈-၇၉ ခုနှစ်၊ လူဦးရေစစ်တမ်းအရ မြို့နယ်လူဦးရေ၏ ၈၁.၂% ရှိခဲ့သည်။ ၂၀၁ဝ ခုနှစ်၊ ရွေးကောက်ပွဲကော်မရှင်၏ စာရင်းအရ ၃၇.၅% သာရှိတော့သည်။ ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲ စာရင်းအရ ၅၁% ခန့် ဖြစ်လာပြန်သည်။ ထို့ ကြောင့် တိုင်းရင်းသားများ၏ လူဦးရေမှာ တိကျမှုမရှိဘဲ တိုး/လျော့ ဖြစ်နေသည်။
ကမ္ဘာမှာ နိုင်ငံအသီးသီးတို့သည် ၁ဝနှစ်လျှင် တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူကြသည်။ နိုင်ငံ၏ စီမံခန့်ခွဲရေး ဆိုင်ရာများသည် ကိန်းဂဏန်း အချက်အလက်ပေါ်တွင် မူတည်ဆောင်ရွက်ရသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ နှစ်ပေါင်း ၃ဝခန့် သန်းခေါင်စာရင်း မကောက်ခံနိုင်ဘဲ မွေးနှုန်း /သေနှုန်းဖြင့် အခြေခံ၍ တွက်ချက်ခဲ့သည်ဖြစ်ရာ လူဦးရေဆိုင်ရာ ကိန်းဂ ဏန်းများသည်လည်း အမှန်ထက် များစွာကွာခြားကွဲလွဲနေသည်ကို အထက်ပါ ပန်းတနော်မြို့နယ်၏ လူဦးရေဆိုင်ရာ အချက် အလက်ကို ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။
၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ဆေင်ရွက်ခဲ့ကြသည်။ ထိုသို့ကောက်ခံရာတွင် လူဦးရေဆိုင်ရာ အချက်အလက်များအနက် လူမျိုးဆိုင်ရာတွင် လူမျိုးစုပေါင်း ၁၃၅မျိုး သတ်မှတ်၍ ကောက်ခံစေခဲ့သည်။ ထိုအ ထဲတွင် ကရင်လူမျိုးနွယ်စု ၁၁စုဟု သတ်မှတ်ခဲ့သည်။ ကုတ်နံပါတ်မှာ ၃၀၁-၃၁၁ အထိ ဖြစ်သည်။ ကရင်မျိုးနွယ်စုထဲတွင် ကရင်၊ မွန်ကရင် (စာဖြူ)ဟူ၍ ပါရှိပြန်ရာ မှားယွင်း ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေခဲ့သည်။
ထို့ကြောင့် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၉-၁ဝ ရက်နေ့များတွင် ဖားအံမြို့၊ ကြားတောရကျောင်းတိုက်တွင် မြန်မာနိုင်ငံအ တွင်းရှိ ကရင်လူမျိုး ကိုယ်စားလှယ် ၂၇ဝဦးတို့ တွေ့ဆုံကာ ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲသို့ ထိုအချိန်က လဝကညွှန်ချုပ် ဖြစ်သော ဦးမြင့်ကြိုင်ကိုယ်တိုင် တက်ရောက် ရှင်းလင်းပေးသည်။
ကရင်ကိုယ်စားလှယ်များက သဘောထား ထုတ်ပြန်ခဲ့သည်။ ထိုသဘောထားထုတ်ပြန်ချက်တွင် နိုင်ငံတော်အစိုးရနှင့် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်များသို့ အကြံပြုချက် ၅ချက် အကြံပြု တောင်းဆိုခဲ့ကြသည်။ ထိုအကြံပြုချက် အမှတ်(၅)တွင် “သန်းခေါင်စာရင်း ကောက်ခံခြင်းတွင် ဒေသခံ တိုင်းရင်းသား ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများ လိုက်ပါ ပါဝင်ဆောင်ရွက် ခြင်းဖြင့်သာ ဆောင်ရွက်ရန်နှင့် ကရင်အများစု နေထိုင်ရာဒေသတွင် ကောက်ကွက်တစ်ခုလျှင် အနည်းဆုံး ကရင်လူမျိုးတစ်ဦး ပါဝင်ထည့်သွင်းရန်” ဟူသောအချက် ပါဝင်ပါသည်။
သို့သော်လည်း တောင်းဆိုချက်မှန်သမျှ မရရှိခဲ့သဖြင့် မူလလူမျိုးနွယ်စု ၁၃၅မျိုးဖြင့် သတ်မှတ်ကောက်ခံသော် လည်း လူမျိုးနွယ်စုပေါင်းများစွာ ပွားများ များပြားစွာ ကောက်ခံရရှိခဲ့ကြောင်း သိရှိရပါသည်။ အကြောင်းမှာ စာရင်းကောက်ခံသူများမှာ တိုင်းရင်းသားများ၏ အခေါ်အဝေါ်၊ အသုံးအနှုန်းများ၊ ဒေသသုံးစကားများကို မသိရှိ ကြသည့်ပြင် မေးခွန်းများအပေါ် ဖြေသည့်အတိုင်း ရေးမှတ်ရမည်ဟု ညွှန်ကြားထားသောကြောင့်လည်းကောင်း၊ သိနားလည် သော တိုင်းရင်းသားကိုယ်စားလှယ်များ မပါဝင်ရခြင်းတို့ကြောင့် ဖြစ်ရသည်။ ဥပမာ ပန်းတနော်မြို့နယ်က ကရင်လူမျိုးမှာ စကောကရင်နှင့် ပိုးကရင် နှစ်မျိုးသာရှိသော်လည်း စကောကရင်ကို ဒေသအခေါ်အဝေါ်အားဖြင့် စကောကရင်၊ ဖထိတ်၊ ဗမာ ကရင်ဟူ၍လည်းကောင်း၊ ပိုးကရင်ကို ပိုးကရင်၊ မွတ်ထိတ်၊ တလိုင်းကရင်၊ မွန်ကရင်၊ အနောက်ပိုးကရင် ဟူ၍လည်းကောင်း ခေါ်ဝေါ်လေ့ရှိသောကြောင့် ဖြစ်ပါသည်။
၂၀၁၄ ခုနှစ်၊သန်းခေါင်စာရင်း ကောက်ခံမှု လုပ်ငန်းကို ၃၀-၃-၂၀၁၄ မှ ၃၁-၅-၂၀၁၄ ထိ ကောက်ခံပြီး စာရင်းထုတ် ပြန်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ သန်းခေါင်စာရင်းဆိုင်ရာ အစီရင်ခံစာများကို ထုတ်ပြန်ခဲ့သော်လည်း လူမျိုး သန်းခေါင်စာရင်းကိုမူ ယနေ့ထက်တိုင် ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိသေးသည်ကို တွေ့ရှိရပါသည်။ ထိုအကြောင်းနှင့်ပတ်သက်၍ ၁၉-၁၀-၂၀၁၇ ရက်နေ့၌ နေပြည်တော်တွင် ပြုလုပ်သော] ၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ အမျိုး သားအကြံပေးကော်မတီ၏ ၁၁ကြိမ်မြောက် အစည်းအဝေးသို့ မိမိတစ်ကြိမ် တက်ရောက်ခွင့်ရသည်။
ထိုဆွေးနွေးပွဲတွင် လဝကဝန်ကြီးဌာန၊ အတွင်းဝန် ဦးမြင့်ကြိုင်က တက်ရောက်ရှင်းပြခဲ့သည်။ လူမျိုးစာရင်း ထုတ် ပြန်ရာတွင် လူမျိုးတစ်မျိုးအတွက် မှန်ကန်သော်လည်း အခြားလူမျိုးတစ်မျိုးအပေါ် ဆန္ဒမရှိသော်လည်း အလိုလိုနေရင်း နစ်နာမှု များရှိနိုင်ကြောင်း၊ ဥပမာ- ဇိုမီးလူမျိုးသည် နိုင်ငံတော်က အသိအမှတ်ပြုထားသော တိုင်းရင်းသားလူမျိုး ဟုတ်^မဟုတ် စိစစ်ပြန် ကြားပေးရန်၊ ကွတ်ကီးလူမျိုးများကို လူမျိုးတစ်မျိုးအဖြစ် သတ်မှတ်ပေးရန်၊ ကချင်လူမျိုးတွင် လူမျိုးနွယ်စု ၆စု၊ ကရင်လူမျိုးများ တွင် လူမျိုးနွယ်စု ၇စုသာရှိကြောင်း၊ ချင်းလူမျိုးနွယ်စု ၅၃မျိုးသည် များပြားလွန်း၍ ချင်းလူမျိုး စစ်စစ်များဖြင့် ပြန်လည်စိစစ်သတ် မှတ်ပေးရန် တင်ပြချက်များ၊ သံတောင်ကြီးဒေသရှိ ဂေခို၊ ဂေဘား မျိုးနွယ်စုများသည် ကရင်လူမျိုးများဖြစ်ပြီး ကယားပြည်နယ် တွင်နေထိုင်ကြသော ဂေခို၊ဂေဘားများမှာ ကယားများသာဖြစ်ကြောင်း တင်ပြချက်များ အမျိုးမျိုးဖြစ်နေကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်းကွဲစရာများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်နိုင်မှုများ စသည့် ဆိုးရွားသော အကျိုးဆက်များ ဖြစ်နိုင်ကြောင်း၊ တိုင်းရင်းသား အချင်းချင်းကြား ညှိနှိုင်းစရာ၊ ဆွေးနွေးစရာများ အတော်ရှိနေသေးသဖြင့် လူမျိုးဆိုင်ရာ သန်း ခေါင်စာရင်းကို မထုတ်ပြန်နိုင်သေးခြင်းဖြစ်ကြောင်း ဦးမြင့်ကြိုင်၏ ရှင်းပြမှုကို ကြားသိရပါသည်။
နိုင်ငံတစ်ခု၏ စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံ၏ပကတိ အခြေအနေမှန်ကို သိရှိမှ သာ အောင်မြင်မည်ဖြစ်သဖြင့် ၁ဝနှစ်လျှင်တစ်ကြိမ်ကျ သန်းခေါင်စာရင်း ကောက်ယူရပါသည်။
ထိုနည်းတူ ကျနော်တို့ တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းနိုင်ရေးနှင့် လူမျိုး တည်တံ့ခိုင်မြဲရေးတို့အတွက် လူမျိုးရေးဆိုင်ရာ အချက်အလက်များကို အမှန်အတိုင်း သိရှိထားပြီး စီမံဆောင်ရွက်ရန် လိုအပ် လျက်ရှိပါသည်။ ထို့ကြောင့် လူမျိုးရေးဆိုင်ရာ အချက်အလက်များကို မည်သို့ဖော်ထုတ် ဆောင်ရွက်ရမည်နည်း။ မည်သူများ တွင် တာဝန်ရှိသနည်း။ မည်သူများက ဦးဆောင် စီမံဆောင်ရွက်မည်နည်း ဟူသည့်မေးခွန်းများကို ဖြေဆိုခြင်းဖြင့် အဖြေရှာ ဆောင်ရွက်သင့်ပါသည်။
စာရေးသူအနေဖြင့် အထက်ပါမေးခွန်းများကို ဖြေဆို၍ လူမျိုးရေးဆိုင်ရာ အချက်အလက်များကို ဖော်ထုတ်နိုင်ရန် (၁) ၂၀၁၄ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ခံခဲ့သည့်ပုံစံများကို တောင်းခံရယူပြီး ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် လူမျိုးစာရင်း ပြုစုခြင်း၊ (၂) လူမျိုးလူဦးရေ စစ်တမ်းကောက်ခံခြင်း (၃) အထွေထွေ ရွေးကောက်ပွဲ မဲစာရင်းပြုစုခြင်းလုပ်ငန်းတွင် လူမျိုးစာရင်း ပြုစုခြင်း စသည့် နည်းလမ်း ၃ခုကို စဉ်းစားခဲ့သည်။
ပထမနည်းလမ်းဖြစ်သည့် ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ခံခဲ့သည့်ပုံစံများကို ရယူစိစစ် ပြုစုခြင်းဖြင့် လူမျိုးလူ ဦးရေစာရင်းပြုစုရန်မှာ အစိုးရ၊ ကော်မရှင်များက ပုံစံများထုတ်ပေးခြင်းကို ခွင့်ပြုပေးနိုင်မည်မဟုတ်ဟု ယူဆပါသည်။ ဒုတိယ နည်းလမ်းဖြစ်သော လူမျိုးလူဦးရေစစ်တမ်း ကောက်ယူမှုလုပ်ငန်းမှာ ငွေကြေးကုန်ကျမှု၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှု၊ တာဝန်ယူ အသိအမှတ်ပြုမှု စသည်များသည် အဓိက အခက်အခဲများ ဖြစ်ရပါသည်။ ထို့ကြောင့် နောက်ဆုံးတတိယ နည်းလမ်းဖြစ်သော ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပြုစုရေးသည် လူမျိုး လူဦးရေစာရင်း မှန်ကန်ရေးအ တွက် အလားအလာကောင်းဟု ယူဆမိပါသည်။
ယခုအခါ ၂၀၂ဝ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် နိုင်ငံသားတိုင်း ပါဝင် မဲပေးနိုင်ရန် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိနေပါသည်။ ပြည်နယ်”တိုင်း”ခရိုင်နှင့် မြို့နယ်အဆင့်တို့တွင် မဲစာရင်းပြုစုရေးသင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း မီဒီယာများတွင် တွေ့မြင်ကြားသိနေ ရပါသည်။ ၂၀၂ဝ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို စံ ၅ချက်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ထို စံ ၅ချက်မှာ (၁)လွတ်လပ်မှု (၂)တရားမျှတမှု (၃)ပွင့်လင်းမြင်သာမှု (၄)အများယုံကြည်လက်ခံမှု (၅)ပြည်သူ့ဆန္ဒနှင့် ရွေး ကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရေးတို့ဖြစ်ကြောင်း သိရပါသည်။
၂၀၁ဝ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲများတွင် တိုင်းရင်းသားများအနေဖြင့် မိမိတို့တိုင်းရင်းသားကိုယ်စားလှယ်များကို ရွေးချယ်မဲဆန္ဒပေးရန် အခွင့်အ ရေးဆုံးရှုံးမှုများ ရှိခဲ့ပါသည်။ ဆန္ဒပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ဆန္ဒမဲပေးခွင့် ရရှိရေးသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပေးထားသော အခွင့်အရေး ဖြစ်ပါသည်။ ထိုအခွင့်အရေးများ မဆုံးရှုံးရန် အားလုံးတွင် တာဝန်ရှိကြပါသည်။
ထို့ကြောင့် ယခုအခါ ပြင်ဆင်ဆောင်ရွက်လျက်ရှိသော ၂၀၂ဝ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် လူဦးရေစာရင်း အချက်အလက်များ ကောက်ခံခြင်းနှင့် မဲဆန္ဒရှင်စာရင်းများ မှန်မှန်ကန်ကန် ပြုစုရာတွင် ပါဝင်ပူးပေါင်း ကူညီပေးခြင်းဖြင့် တိုင်းရင်းသားလူဦးရေစာရင်းကို ရရှိနိုင်မည်ဟု ယူဆပါသည်။ ထိုသို့ကူညီဆောင်ရွက်ရာတွင် မဲဆန္ဒရှင်တိုင်း ရင်းသားများ ကိုယ်တိုင်က မိမိ၏လူမျိုးအမှန်ကို ထုတ်ဖော်ပြောကြား၍ ပြင်ဆင်ပေးရန် တင်ပြခြင်းဖြင့်လည်းကောင်း၊ စာရင်းပြုစု ရေးအဖွဲ့များတွင် တိုင်းရင်းသားကိုယ်စားလှယ်များ (ရပ်ကျေးစာယဉ်များ) ပါဝင်ခွင့်ရ၍ ပါဝင်ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ ၎င်းအပြင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ သက်ဆိုင်ရာ လွှတ်တော်များမှ တိုင်းရင်းသားအရေးဆိုင်ရာ ကော်မတီများ၊ အဆင့်ဆင့်သော တိုင်းရင်းသားစာယဉ် အဖွဲ့အစည်းများသည် သက်ဆိုင်ရာ ကော်မရှင်များနှင့် ပူးပေါင်းဆောင် ရွက်ကြခြင်းဖြင့် မဲဆန္ဒရှင်စာရင်းကို ရရှိသကဲ့သို့ တိုင်းရင်းသားလူမျိုးစာရင်းကိုပါ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြင့် ရရှိနိုင်မည်ဟု ယူဆပါသည်။
ယခုကဲ့သို့ ၂၀၂ဝ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် လူဦးရေစာရင်း အချက်အလက်များ ကောက်ခံခြင်းနှင့် မဲဆန္ဒရှင်စာရင်းများ မှန်မှန်ကန်ကန် ပြုစုလျက်ရှိသော အခါသင့်အချိန်တွင် တိုင်းရင်းသား မဲဆန္ဒရှင်များ၏ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ပါဝင်ဆောင်ရွက်နိုင်သော အခွင့်အရေးကို အသုံးပြုလျက် နိုင်ငံသား၊တိုင်းရင်းသားတိုင်း ကြိုး ပမ်းဆောင်ရွက်ကြရန် အသိပေး နှိုးဆော်တိုက်တွန်း ရေးသားလိုက်ရပေသည်။
ဆရာမောင်(ပန်းတနော်)