Home သတင်း ရန်ကုန်တိုင်း ကရင့်‌ရေးရာအတွက် လာမည့် ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၂၅ဝ သုံးစွဲမည်

ရန်ကုန်တိုင်း ကရင့်‌ရေးရာအတွက် လာမည့် ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၂၅ဝ သုံးစွဲမည်

2191

ဇူလိုင်လ ၂၄ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီး ကရင့်‌ရေးရာလုပ်ငန်းများလုပ်‌ဆောင်ရန် လာမည့် ၂၀၁၉-၂ဝ ဘာဏ္ဍာနှစ်တွင် ကျပ် သန်း ၂၅ဝ (သိန်း ၂၅၀၀) သုံးစွဲရန် ဘတ်ဂျက်ရရှိထားသည်ဟု ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပန်း သဉ်ဇာမျိုးက ‌ကေအိုင်စီသို့ ဇူလိုင် ၂၂ ရက်‌နေ့တွင် ‌ပြောသည်။

၎င်းက “အခုလာမဲ့ ၂၀၁၉-၂ဝ ဘဏ္ဍာနှစ်မှာ တိုင်းရင်းသား‌ရေးရာအတွက် အသုံးပြုဖို့ ဘတ်ဂျက် ကျပ်သိန်း ၂,၅၀ဝ ရရှိထားပါတယ်။ စာအုပ်၊ စာ‌ပေ ကဏ္ဍအတွက် ကျပ်သိန်း ၁,၀၀ဝ သုံးမယ်။ ပြပွဲ၊ ပြိုင်ပွဲ‌တွေအတွက် ကျပ်သိန်း ၁,၅၀ဝ သုံးဖို့ လျာထားတယ်”ဟု ‌ပြောသည်။

အဆိုပါ တိုင်းရင်းသား စာအုပ်၊ စာ‌ပေ ကဏ္ဍအတွက် ကျပ်သိန်း ၁,၀၀ဝ ကို ကရင့်သမိုင်း စာအုပ်ပုံနှိပ်ခြင်း၊ ကရင် ဖတ်စာအုပ်အတွက် လိုအပ်သည့် ‌နေရာတွင် ပုံနှိပ်ခြင်းနှင့် အဂင်္လိပ်-ဗမာ-ကရင် အဘိဓာန်စာအုပ် ပုံနှိပ်ခြင်းတို့တွင် သုံးစွဲသွားရန် လျာထားသည်။ ထို့အပြင် ပြပွဲ၊ ပြိုင်ပွဲ အသုံးစရိတ်တို့တွင် တိုင်းရင်းသား လုပ်ငန်းရှင်များ ကြီးမှူးကျင်းပမည့် ‌သွေးချင်းတို့ရဲ့ပွဲ‌တော်ဆီ စသည်တို့တွင် ကရင်တိုင်းရင်းသားပြခန်းများ ပါဝင်ပြသခြင်းတို့တွင် သုံးစွဲသွားရန် လျာထားသည်ဟု ဝန်ကြီးက ဖြည့်စွက်‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီး ကရင့်‌ရေးရာကိစ္စရပ်များအတွက် လက်ရှိ အစိုးရလက်ထက် ၂၀၁၆-၁၇ ဘဏ္ဍာ‌ရေး နှစ် တွင် ကျပ်သိန်း ၇၀ဝ နှင့် ၂၀၁၇-၁၈ ဘဏ္ဍာ‌ရေးနှစ်များတွင်လည်း ကျပ်သိန်း ၇၀ဝ သုံးစွဲခဲ့ပြီးဖြစ်သည်။ ဘဏ္ဍာ‌ရေးစနစ် ‌ပြောင်းလဲကျင့်သုံးသည့် ၂၀၁၈ ဧပြီမှ စက်တင်ဘာအထိ ကြားဘတ်ဂျက်တွင် ကျပ်သိန်း ၇၀ဝ သုံးစွဲ ထားသည်။

ထို့အပြင် လက်ရှိ ၂၀၁၈-၁၉ ဘဏ္ဍာ နှစ်အတွက် ကျပ်သိန်း ၁,၀၀ဝ ဘတ်ဂျက်ရရှိထားပြီး ကရင့်‌ရေးရာ စာအုပ်၊ စာ‌ပေ ကဏ္ဍအတွက် ကျပ်သိန်း ၃၀ဝ နှင့် ပြပွဲ၊ ပြိုင်များအတွက် ကျပ်သိန်း ၄၀ဝ နှင့် ကျန်ဘတ်ဂျက်ကို အခြား တိုင်းရင်းသားများအတွက် ခွဲ‌ဝေသုံးစွဲခဲ့သည်ဟု ကရင့်‌ရေးရာဝန်ကြီးထံမှ သိရသည်။