နန်းဝေဖြိုးဇာ
ဇူလိုင် ၁၃ရက်၊ ၂၀၁၉ခုနှစ်။
နေရောင်မရှိတဲ့ နံနက်ခင်းမြူမှုန်တွေကြားက နှစ်ထပ်အိမ်ငယ်လေးရဲ့ မီးဖိုချောင်ထဲမှာ အသက် ၆၀ကျော်အမျိုးသမီးကြီးတစ်ဦး မီးသွေးမီးဖိုကို “တဟူးဟူး” မှုတ်ရင်း ထမင်းဟင်းချက်ပြုတ်နေပါတယ်။ မိုးတွင်းမို့ မိုးရွာလိုက်၊ မြူကျလိုက်ဖြစ်နေတဲ့ အေးစိမ့်တဲ့ ရာသီဥတုဒဏ်ကို အံတုရင်း အများအတွက် ချက်ပြုတ်ပေးဖို့ သူ့ရဲ့တစ်ရက်တာအလုပ်ကို စတင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
သူမကတော့ အသက် ၆၁နှစ်အရွယ် နော်လွဲဂေဖြစ်ပြီး ကရင်ပြည်နယ် မြောက်ဘက်အစွန်း၊ တောင်ပေါ်မြို့လေးလို့ခေါ်တဲ့ သံတောင်ကြီးမြို့က ဒေသခံအမျိုးသမီးကြီးတစ်ဦးဖြစ်သလို သံတောင်ကြီးအမျိုးသမီးများအဖွဲ့ ရုံးမှာ နေ့စားခဝင်ငွေလေးနဲ့ ထမင်းဟင်းချက်ပြုတ်တဲ့အလုပ်ကို လုပ်ပေးနေပါတယ်။
အဲဒီရုံးမှာတော့ ဝန်ထမ်းတွေစားဖို့ဖြစ်စေ၊ အစည်းအဝေး တက်ရောက်တဲ့သူအတွက်ဖြစ်စေ၊ တွေ့ဆုံပွဲတက်ရောက်သူတွေအ တွက်ဖြစ်စေ စားသောက်ရေးမှာ သူမဟာ အခရာအကျဆုံး ချက်ပြုတ်ပေးနေသူလည်း ဖြစ်ပါတယ်။ ရုံးမှာ ဧည့်သည်တွေရှိတဲ့ ရက်ဆိုရင် တောင်အောက်ဘက်ခြမ်းက သူမရဲ့နေအိမ်ကနေ တောင်ပေါ်လမ်းနံဘေးက သံတောင်ကြီးအမျိုးသမီးအဖွဲ့ ရုံးကို မနက်စောစော ထွက်လာပြီး မနက်စာ၊ နေ့လည်စာတွေအတွက် ချက်ပြုတ်ပေးရပါတယ်။
ဒေသခံ အမျိုးသမီးတွေအတွက် တစ်ဖက်တစ်လမ်း ဝင်ငွေရရှိဖို့ သံတောင်ကြီးအမျိုးသမီးအဖွဲ့က အလုပ်ရှိရင်ရှိသလို အလုပ်အ ကိုင်များ ဖန်တီးပေးလျက်ရှိပြီး အဲဒီအထဲမှ အသက်အရွယ်ရလာတဲ့ အမျိုးသမီးကြီး နော်လွဲဂေအတွက် သူတတ်ကျွမ်းတဲ့ ထမင်း ဟင်းချက်တဲ့အလုပ်က အံဝင်ခွင်ကျ ရှိလှပါတယ်။
ဒီလို ထမင်းဟင်း အငှားလိုက်ချက်တဲ့အလုပ်ကို သူလုပ်ကိုင်လာတာဟာ နှစ်ပေါင်းကြာနေပြီးဖြစ်သလို ယခင်ကတည်းက ဘုရား ကျောင်းအစည်းအဝေးတွေမှာလည်း ထမင်းဟင်းချက်ခဲ့ဖူးပါတယ်။ ဒီအသက်မွေးဝမ်းကျောင်းမှုနဲ့ အလုပ်လုပ်ရတဲ့သက်တမ်းက သူမအတွက် ဆယ်စုနှစ်တစ်ခု ရှိသွားခဲ့ပါပြီ။
အမှန်တော့ နော်လွဲဂေဟာ ခင်ပွန်းသည်ကွယ်လွန်သွားခဲ့သူ မုဆိုးမ အမျိုးသမီးတစ်ဦးဖြစ်ပြီး ခုချိန်မှာ အသက် ၂၀ကျော်အရွယ် သားတစ်ယောက်ရှိသလို သားကလည်း အိမ်ထောင်သည်ဘဝ ရောက်နေပါပြီ။ အိမ်မှာ သား၊ ချွေးမ၊ မြေးလေးတစ်ယောက်နဲ့ အတူတကွ နေထိုင်ကြပါတယ်။ သားကလည်း လက်လုပ်လက်စား အခြေအနေနဲ့မို့ အဆင်ပြေတဲ့ မိသားစုမဟုတ်တဲ့အတွက် သူမမှာ အနားမယူနိုင်သေးဘဲ တစ်နည်းတစ်ဖုံ ဝင်ငွေရအောင် ကြိုးစားလုပ်ကိုင်နေရဆဲပါပဲ။
“သားက ပညာတတ်မဟုတ်တော့ ခက်ခဲတဲ့အလုပ်ကို လုပ်ရတယ်။ သူ ငယ်ငယ်က သူငယ်နာဖြစ်တာကြောင့် သူ့လက်က စာရေးလို့ မတတ်ဘူး။ အခုတော့ သူ အလုပ်လုပ်တတ်တယ်။ အခု ပန်းရံအလုပ်တွေလိုက်လုပ်တယ်။ သူများလိုတော့ အရမ်း မလုပ်နိုင်ဘူးပေါ့။”လို့ သားဖြစ်သူရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို ပြောပြပါတယ်။
အမှန်ဆိုုရင် အသက် ၆၀ကျော်ဆိုတဲ့အရွယ်ဟာ အိမ်မှာ မိသားစုနဲ့အတူ ဘုရားတရားနဲ့ အာရုံပြုနေရမယ့်အချိန်ဆိုပေမယ့် နော်လွဲဂေကတော့ နားချိန်မရသေးဘဲ မိသားစု စားဝတ်နေရေး ချောင်ချောင်ချိချိ ရှိဖို့အတွက် ကြိုးစား ရုန်းကန်ရင်း ဝင်ငွေ ရှာနေရဆဲ မိခင်အိုတစ်ဦး ဖြစ်နေပါတယ်။
ဒီလိုရုန်းကန်ကြိုးစားမှုအတွက် သူမရဲ့ဘဝအိပ်မက်ကတော့ သူ့မိသားစု သားသမီးမြေးတွေနဲ့အတူ လက်ရှိ ပိုင်ဆိုင်နေတဲ့ အိမ်ဟောင်းလေးထက် ပိုမိုကောင်းမွန်တဲ့ အိမ်လေးတစ်လုံးရှိဖို့ဖြစ်ပြီး အဲဒီမျှော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ ရှိတဲ့ခွန်အားနဲ့ သူမ ကြိုးစားနေတာပါ။
နော်လွဲဂေက “အခုအိမ်က သေးသေးပဲ။ အမိုးအကာ အားလုံး သွပ်နဲ့ဖြစ်သလိုဆောက်ထားတယ်။ သိပ်မလုံခြုံဘူး။ ဒီလိုပဲ နေ လာခဲ့တာ။ ကိုယ့်သား၊ မြေးတွေကို သူများလိုအိမ်ကောင်းကောင်းနဲ့ ထားချင်တာပေါ့။ ဒါပေမယ့် အဆင်မှမပြေတာ။” ဆိုပြီး စကားပြောရင်း ဝင်လာတဲ့ အားငယ်စိတ်ကို ခေါင်းလေးအောက်ငုံ့ကာ ပြောပြပါတယ်။
စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းကြတဲ့ သံတောင်ကြီးမြို့ဟာ ချမ်းအေးစိုစွတ်တဲ့ တောင်ပေါ်မြို့လေးဖြစ်တဲ့အတွက် အသက်အရွယ် ကြီးရင့်လာသူတွေအတွက် အလုပ်အကိုင်တွေကလည်း နည်းပါးသလို ရှိတဲ့အလုပ်တွေကလည်း ကြမ်းတမ်း ပင်ပမ်းလှပါတယ်။ အထူးသဖြင့် ဒေသခံ အမျိုးသမီးတွေဟာ တနိုင်တပိုင် စိုက်ပျိုးရာက ထွက်ရှိတဲ့ ကုန်ကြမ်းတွေအတွက် ဈေးကွက်ရှာဖို့ရာမှာ ပိုပြီး ခက်ခဲပါတယ်။
ဒီအခြေအနေကို တစ်နည်းတစ်လမ်း ဖြေရှင်းမှုအနေနဲ့ သံတောင်ကြီးအမျိုးသမီးအဖွဲ့က ခင်ပွန်းမရှိတော့တဲ့ ဒေသခံအမျိုးသမီး အများစုတွေနဲ့ အိမ်ထောင်သည်အမျိုးသမီးတွေအတွက် မိမိတို့ကိုယ်ပိုင်စိုက်ခင်းက ထွက်ရှိလာတဲ့ ကော်ဖီတွေ၊ လက်ဖက်တွေ အတွက် ပြင်ပ ဈေးကွက်တွေကို ရှာဖွေရောင်းချပေးတာကိုလည်း လုပ်ငန်းစဉ်တစ်ခုအဖြစ် လုပ်ဆောင်နေရတယ်လို့ အဖွဲ့ တည် ထောင်သူ နော်မာမာချိုက ပြောပါတယ်။
ဒီအဖွဲ့ဟာ ၂၀၁၀လောက်မှာ စဖွဲ့ခဲ့ပေမယ့် ရုံးအနေနဲ့ကျတော့ ၂၀၁၂လောက်မှ စတင် ထားရှိ လည်ပတ်ဆောင်ရွက်ဖြစ်ခဲ့တာပါ။ ဒီရုံးလေး စရှိလာကတည်းက နော်လွဲဂေအတွက်လည်း အလုပ်လေးတစ်ခု လုပ်ကိုင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
သံတောင်ကြီးအမျိုးသမီးအဖွဲ့မှ နော်မာမာချိုက “အမိုး(နော်လွဲဂေ)ဟာ ကျမတို့အဖွဲ့ ဒီရုံးကို စငှားနေပြီး လုပ်လာကတည်းက တောက်လျှောက် ကူညီလုပ်ကိုင်ပေးခဲ့တာလေ။ အလုပ်အကိုင်ရှားပါးတဲ့ ဒီဒေသမှာ အမျိုးသမီးတွေအတွက် သူတို့ တကယ် လုပ်တတ်တဲ့အပိုင်းက လုပ်သွားနိုင်ဖို့ ကျမတို့တွေ အလုပ်အကိုင် ဖန်တီးပေးရတာလည်း ဖြစ်ပါတယ်။”လို့ နော်လွှဲဂေနဲ့ ပတ် သက်ပြီး မှတ်ချက်ပြုပါတယ်။
ယခုလို ထမင်းအငှားချက်တဲ့လုပ်ဟာ သူ့အတွက် အနည်းငယ် သက်သာတယ်လို့လည်း ဆိုလို့ရသလို အခုဆိုရင် သံတောင်ကြီး မြို့ပေါ်က တည်းခိုခန်းတချို့မှာ ထမင်းဟင်းချက်ဖို့ နော်လွဲဂေကို အလုပ်ကမ်းလှမ်းတာရှိပေမယ့်လည်း သံတောင်သူအမျိုးသမီး များဆုံရပ်ဖြစ်တဲ့ ဒီရုံးလေးမှာပဲ ဆက်လုပ်ဖို့ သူမ စိတ်အားထက်သန်နေပါတယ်။
သူမက “ဒီလို ထမင်းဟင်းလိုက်ချက်ရတာ အဆင်ပြေလားမေးရင် အဆင်မပြေလည်း လုပ်ရတာပဲ။ အားလုံးနဲ့ အဆင်ပြေ အောင် ပေါင်းသင်းဆက်ဆံပြီး စိတ်ရှည်ရှည်နဲ့လုပ်မှ ရေရှည်လုပ်နိုင်မယ်။ ဒီအဖွဲ့က ဆရာမကလည်း သဘောကောင်းတယ်။ ကျမကိုလည်း နားလည်တယ်။”လို့ ပြောပါတယ်။
နော်လွဲဂေရဲ့ ဘဝဖြစ်တည်လာမှုက အများနဲ့နှိုင်းယှဉ်ရင် ခက်ခဲကြမ်းတမ်းမှုအပြည့်နဲ့ပါ။ သူမမှာ သားတစ်ယောက်ရှိပေမယ့် လည်း အဖေတာဝန်၊ အမေတာဝန်တွေကို နှစ်ပေါင်း ၂ဝနီးပါး သူမတစ်ယောက်ထဲသာ စိတ်ဓာတ်ကြံ့ခိုင်စွာ တာဝန်ယူလာခဲ့တာ ဖြစ်ပါတယ်။
သူမရဲ့ခင်ပွန်းဟာ အစိုးရစစ်တပ်ထဲကဖြစ်ပြီး မချစ်မနှစ်သက်ဘဲ အရှက်တရားကြောင့်သာ အိမ်ထောင်ရေးကို တည်ဆောက်ခဲ့ ရတဲ့အတွက် ဘယ်လိုမှ မကျေနပ်နိုင်ခဲ့ဘူးလို့လည်း သူမက ဆိုပါတယ်။ ဒါ့အပြင် သားလေး ၂နှစ်ကျော်အရွယ်မှာ ခင်ပွန်းသည် က ရှေ့တန်းထွက်ရင်း ကျဆုံးသွားတာကြောင့် မုဆိုးမဘဝနဲ့ သားလေးကို ကြီးပြင်းလာတဲ့အထိ ခက်ခဲပင်ပမ်းစွာ ကျွေးမွေး စောင့်ရှောက်လာခဲ့ရတယ်လို့လည်း ပြောပါတယ်။
“သူ ဆုံးတော့ ကျမ သူ့ကိုမနှမြောဘူး။ သူ့ကို ချစ်လို့ယူတာမဟုတ်တော့ သူ့ကိုတောင် သွား မသဂြင်္ိုလ်ဘူး။ သူ့ပင်စင်လစာ ကျမ တစ်ပြားမှ မယူဘူး။ သူ့ဆွေမျိုးမောင်နှမတွေကိုလည်း ကျမ အဆက်အသွယ်မလုပ်ဘူး။ ကျမသားတစ်သက်ပဲ။”လို့ နော်လွဲဂေ က မလှပခဲ့တဲ့ သူမရဲ့ဘဝနောက်ကြောင်းကို ပြန်ပြောင်း ပြောပြပါတယ်။
တောင်တက်တောင်ဆင်းလမ်းနဲ့ ကွေ့ဝိုက်ကာ သွားရောက်ရတဲ့ သံတောင်ကြီးမြို့ရဲ့ပတ်ပတ်လည်မှာ စစ်တပ်ရှိပြီး စစ်မက်ရေး ရာ မငြိမ်းချမ်းခင်ကာလကတည်းက အဲဒီဒေသခံတွေဟာ စစ်ရဲ့မြေစာပင်ပါလို့ ရှေ့မှီနောက်မှီ လူကြီးသူမတွေက ပြောဆိုကြပါ တယ်။ မြို့အနေအထားအရ သံတောင်ကြီးမြို့နဲ့ ဘုရင့်နောင်တပ်မြို့ နှစ်ပိုင်း ဖြစ်နေပါတယ်။ သံတောင်ကြီးမြို့မှာတော့ ဒေသခံ ကရင်လူမျိုးတွေ နေထိုင်ကြပြီး ဘုရင့်နောင်တပ် မြို့ဘက်အပိုင်းမှာ တပ်မိသားစုများ နေထိုင်ကြပါတယ်။ ဒါကြောင့်မို့လည်း ဒေ သခံ ကရင်အမျိုးသမီး တော်တော်များများဟာ စစ်သည်တွေနဲ့ အိမ်ထောင်ကျသွားကြပြီး တချို့က အဆင်ပြေကြသလို တချို့ ကတော့ သူမလိုပဲ အလားတူ အဆင်မပြေမှုတွေလည်းရှိတယ်လို့ အမိုး နော်လွဲဂေက ဆိုပါတယ်။
အဲဒီမြို့မှာနေထိုင်တဲ့သူတွေကတော့ ဝမ်းစာအတွက် ဖာလာ၊ ကော်ဖီ၊ လက်ဖက်၊ ဓညင်း စတာတွေစိုက်ပြီး ဥယျာဉ်ခြံနဲ့ လုပ် ကိုင်စားသောက်နေပါတယ်။ ဒါပေမယ့် စစ်တပ်များ တိုးချဲ့လာတဲ့နောက်ပိုင်းမှာ ဒေသရဲ့ဥယျာဉ်ခြံတွေကလည်း တပ်မြေအဖြစ် သိမ်းယူခံတာ အတော်များပါတယ်။ အဲဒီအထဲမှာ သူမရဲ့ဥယျာဉ်ခြံတွေလည်း ပါသွားတာကြောင့် နော်လွဲဂေတစ်ယောက် ပိုပြီး ဒုက္ခရောက်သွားပါတယ်။
“ဥယျာဉ်ခြံရှိတုန်းက နည်းနည်းအဆင်ပြေတယ်။ တပ်က မြေသိမ်းလိုက်တဲ့ နောက်ပိုင်း ဒုက္ခရောက်တာပေါ့။ အလုပ်အကိုင် လည်း မရှိ၊ လျော်ကြေးလည်း မရ။ ကိုယ်စိုက်ထားတဲ့အပင်တွေကို သူတို့ အကုန်ခုတ်ပစ်လိုက်တယ်။ ကြည့်လို့တောင် မပျော် ဘူး။ အဲဒါကြောင့် စစ်တပ်တွေက ကျမကို ကောင်းကျိုးမပေးဘူး။”လို့ သူမက ပြောပါတယ်။
ကရင်ပြည်နယ်အတွင်း နေရာအတော်များများမှာ မငြိမ်းချမ်းခင်ကာလတစ်လျှောက်လုံး စစ်တပ်က ရှေ့တန်းထွက်ဖို့သွားပြီဆို ရင် ပြည်သူတွေက အမြဲဒုက္ခရောက်ရပါတယ်။ ဒီအထဲမှာ သံတောင်ကြီး ဒေသခံ ပြည်သူလူထုတွေလည်း ပါဝင်ပါတယ်။ စစ် တပ်အတွက် ပြည်သူတွေက ကိုယ့်ထမင်းကိုယ်ထုပ်ပြီး မိုင်ပေါင်းများစွာ ပေါ်တာထမ်းပေးရပါတယ်။ အမျိုးသမီး၊ အမျိုးသား မခွဲ ခြားဘဲ တစ်အိမ်တစ်ယောက် ပေါ်တာ လိုက်ထမ်းပေးရတာဖြစ်လို့ လူခွဲမရှိတဲ့ နော်လွဲဂေတစ်ယောက် မကြာခဏ ပေါ်တာ ထမ်းခဲ့ရပါတယ်။
“အရင်ကဆိုရင် စီးပွားရေးကလည်း အဆင်မပြေ။ ပေါ်တာတွေကလည်း ခဏခဏ လိုက်ရတယ်။ ကလေးငယ်ရှိလည်း ကလေး ကို အိမ်နီးနားချင်းတွေနဲ့ထားပြီး ပေါ်တာလိုက်ထမ်းရတာပဲ။ အခုတော့ အဲဒါတွေ မရှိတော့တာ ကောင်းပါတယ်။”လို့ နော်လွဲဂေ က မှတ်ချက်ပြု ပြောဆိုပါတယ်။
ဖြတ်သန်းခဲ့ရတဲ့ ဘဝက ကြမ်းတမ်းလွန်းလို့ နော်လွဲဂေရဲ့စိတ်က သူစားနေတဲ့ ကွမ်းသီးထက် လုံးဝ မာကြောသွားခဲ့ပါပြီး။ ဘဝ နေမဝင်ခင်အချိန်ထိတော့ အားရှိသလောက် အလုပ်ဆက်လုပ်သွားမှာလို့ ဆိုပါတယ်။ ဒါ့အပြင် သားသမီးမြေးအတွက် လုံခြုံတဲ့ အိမ်လေးနဲ့ ထားပေးသွားနိုင်ဖို့က အဖြစ်ချင်ဆုံးဆန္ဒပါလို့ပြောပြီး ဇရာလွှမ်းပေမယ့် ရိုးသားဖြူစင်တဲ့ မျက်ဝန်းလေးကို မမြင် သာအောင် ငုံ့ချရင်း သူမ လိုချင်တမ်းတတဲ့ အိမ်လေးတစ်လုံးအတွက် နော်လွဲဂေဆန္ဒ ပြည့်ဝပါစေလို့ ယုံကြည်စွာ ဆုတောင်း နေမိပါတော့တယ်။