ဇူလိုင် ၉ ရက်၊ ၂၀၁၉ ခုနှစ်။ စောရှား
ကရင်ပြည်နယ်၊ ဖာပွန် (မူတရော်ခရိုင်)တွင် အသွင်ပြောင်းပိုလီယိုအကြောသေရောဂါပိုး (Vaccine Derived Polio Virus Type1) ကူးစက်ခံရသည့် ကလေးများရှိနေသည့်အတွက် နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့-BPHWTက သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းများဖြင့်ပူးပေါင်းကာ ရောဂါကာကွယ် တိုက် ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု သိရသည်။
နယ်စပ်တစ်လျှောက် အစိုးရ ကျန်းမာရေးဌာနများမှ လက်လှမ်းမမှီသည့် နေရာဒေသများတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အစဉ်တစိုက်လုပ်ဆောင်ပေးနေသည့် (BPHWT)အနေဖြင့် ဇူလိုင်လ ၇ ရက်နေ့က ထိုသို့ သတင်းထုတ်ပြန်ကြေညာလိုက်ခြင်းလည်း ဖြစ်သည်။
BPHWT တာဝန်ခံ စောဝင်းကျော်က “အခုတခါ ပိုးပြန်တွေ့တာက ကိုယ့်ဒေသမှာဖြစ်နေတယ်။ ကျနော်တို့ BP HWT ကလည်း အရမ်းစိုးရိမ်နေတယ်။ ဒါကြောင့် ဒေသဆိုင်ရာကျန်းမာရေးအဖွဲ့ဖြစ်ဖြစ်၊ နိုင်ငံတကာဖြစ်ဖြစ် အ ကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သံဓိဌာန်ချထားပါတယ်↔ဟု ယမန်နေ့(ဇူလိုင် ၈)ရက်တွင် ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ဖာပွန်(ဒွယ်လိုး)မြို့နယ်၊ ကတိုင်တိကျေးရွာအုပ်စု ထီးကဆောမဲ(ဆင်စွယ်) ကျေး ရွာတွင် ကလေးငယ်တစ်ဦးထံမှ အဆိုပါ အသွင်ပြောင်း ပိုလီယိုရောဂါပိုးတွေ့ရှိကြောင်းကို မြန်မာနိုင်ငံ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ ဇွန်လတွင် သတင်းထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
ပြည်နယ် ကျန်းမာရေးဦးစီးဌာနကလည်း ယခုပြန်လည်တွေ့ရှိရသည့် အသွင်ပြောင်းပိုလီယိုရောဂါပိုး တိုက် ဖျက် ရေးလုပ်ငန်းများကို ကရင်ပြည်နယ် မြို့နယ်များအပါအဝင် ရောဂါကူးစက်ပျံ့နှံ့နိုင်ခြေများသော နေရာဒေသ၊ လူ အုပ်စုများရှိသည့် မြို့နယ် (၁၂) မြို့နယ်တွင် အသွင်ပြောင်းပိုလီယိုပိုးကူးစက်မှုကို ဖြတ် တောက်ရန် ရည်ရွယ်၍ ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်းလုပ်ငန်းကို ပြုလုပ်သွားမည်ဟု သိရသည်။
ထို့အပြင် ပြည်နယ်ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို ဇူလိုင်လ ၇ ရက်မှစတင်ကာ ဩဂုတ်လ ၆ ရက်နေ့အထိ ၃ ကြိမ်တိုင် တိုက်ကျွေးသွားမည်ဖြစ်ပြီး ဝေးလံခေါင်ဖျား သည့် ဒေသများရှိ ကလေးသူငယ်များအတွက် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင် ရွက်သွား မည်ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပိုလီယိုကင်းစင်ကြောင်း ကြေညာပြီးသည့်နောက်ပိုင်း ယခုတဖန် ဖာ ပွန်မြို့နယ်တွင် နေထိုင်သူကလေး ၃ ဦးတွင် အသွင်ပြောင်းပိုလီယိုပိုးကူးစက်မှုတွေ့ရှိခဲ့ရကြောင်း ကရင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။