Home သတင်း ရန်ကုန်တွင် တောင်ပိုင်းနှင့် မြောက်ပိုင်း ခရိုင်နှစ်ခုခွဲကာ ကရင်ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကျင်းပမည်

ရန်ကုန်တွင် တောင်ပိုင်းနှင့် မြောက်ပိုင်း ခရိုင်နှစ်ခုခွဲကာ ကရင်ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကျင်းပမည်

1254

ဇူလိုင် ၂၃၊ ၂၀၁၉ ခုနှစ်။ စောထွန်းလင်း

ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ဦးဆောင်ကာ ရန်ကုန် တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်တို့ တွင် ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားများ ကျင်းပသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ဇူလိုင်လ ၂၂ရက် နေ့လည်ပိုင်းက ကျင်းပသည့် တိုင်းစာယဉ် အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်း သဉ္ဇာမျိုးက “ဒီနှစ် လက်ချည်ပွဲတွေကို ရန်ကုန်တောင်ပိုင်းခရိုင်နဲ့ မြောက်ပိုင်းခရိုင်တို့မှာ ခရိုင်အဆင့် ကျင်းပသွားမယ်။ ဒီအတွက် ကျင်းပမဲ့နေရာ၊ ရက်၊ ခန့်မှန်းကုန်ကျစရိတ်တွေကို ဆိုင်ရာ ခရိုင်တာဝန်ရှိသူတွေက ဒီလကုန်အတွင်း တင်ပြပေး ပါ။”ဟု အစည်းအဝေးတွင် ပြောသည်။

ရန်ကုန်တောင်ပိုင်းခရိုင်အဆင့် လက်ချည်ပွဲကို ကွမ်းခြံကုန်းမြို့နယ်တွင် ကျင်းပသွားရန် တိုင်းစာယဉ်က ကနဦး လျာထား သော်လည်း လာမည့် သြဂုတ်လ ၁၃ရက်တွင် ကွမ်းခြံကုန်းမြို့နယ်အဆင့် လက်ချည်ပွဲကျင်းပရန် စီစဉ်ထားသဖြင့် ပူး ပေါင်းကျင်းပသွားရန်ရှိသည်ဟုလည်း ကွမ်းခြံကုန်းမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင် စောငယ်မင်းက ပြောသည်။

အလားတူ ရန်ကုန်မြောက်ပိုင်းခရိုင်အဆင့် လက်ချည်ပွဲကို ထန်းတပင်မြို့နယ်တွင် ကျင်းပသွားရန် ကနဦးလျာထားပြီး ကျင်းပမည့်နေရာနှင့် နေ့ရက်ကို ကွင်းဆင်းညှိနှိုင်းသွားမည်ဟု ခရိုင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဌ စောမောင်တိုး က ပြောသည်။

ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ရန်ကုန်တိုင်းအတွင်း ဗဟန်းမြို့နယ်၊ ခြောက်ထပ်ကြီးဘုရားဝင်းရှိ ပြည်နယ် ကျက်သရေဆောင်ကျောင်းတိုက်၌ နှစ်စဉ်ကျင်းပလေ့ရှိသလို လှိုင်မြို့နယ်၊ ဘုံကျော်ကျောင်းတိုက်တွင်လည်း နှစ်စဉ်ကျင်း ပလေ့ရှိသည်။

ယမန်နှစ်က တိုင်းစာယဉ်အနေဖြင့် ၂၀၁၈ခုနှစ်၊ သြဂုတ်လတွင် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ တိုင်းအဆင့် ချည် ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကျင်းပခဲ့ပြီး ယခုနှစ်တွင်မှု ခရိုင်နှစ်ခုခွဲကာ ကျင်းပသွားရန် တိုင်းစာယဉ် အစည်းအဝေးတွင် ဆွေး နွေးဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။