Home သတင်း မြဝတီမြို့ သင်္ဃန်းညီနောင်ဂိတ်တွင် ရှေးဟောင်းဗုဒ္ဓဝင်ပြခန်းအရုပ်များ ဖမ်းဆီးရမိ

မြဝတီမြို့ သင်္ဃန်းညီနောင်ဂိတ်တွင် ရှေးဟောင်းဗုဒ္ဓဝင်ပြခန်းအရုပ်များ ဖမ်းဆီးရမိ

959

ဇွန်လ ၇ ရက်၊ ၂ဝ၁၉ ခုနှစ်။ နေနော်

ထိုင်း-မြန်မာနယ်စပ် မြို့တစ်မြို့ဖြစ်သော မြဝတီမြို့ သင်္ဃန်းညီနောင်အဖွဲ့စုံ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယနေ့ (ဇွန် ၇ရက်) ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့မှ မြဝတီမြို့သို့ ရှေးဟောင်းဗုဒ္ဓဝင်ပြခန်းအရုပ်အမြောက်အများနှင့်အတူ ယာဉ်မောင်းနှင့် ပိုင်ရှင်ဆိုသူအား ဖမ်းဆီးရမိသည်ဟု
သင်္ဃန်းညီနောင် နယ်မြေရဲစခန်း မှတ်တမ်းအရ သိရသည်။

ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်ခန့်တွင် မြဝတီမြို့ သင်္ဃန်းညီနောင် အဖွဲ့စုံစစ်ဆေးရေးဂိတ်တွင် တာဝန်ကျရဲ အရာရှိ ရဲအုပ်နိုင်မျိုးအောင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များက ကော့ကရိတ်ဘက်မှ မြဝတီဘက်သို့ ယာဉ်မောင်း ဦးမျိုးနွယ်မောင်းနှင်လာသော STAREX ဟွန်ဒိုင်း(ခဲရောင်)ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်အမိုးပေါ်တွင် ဗုဒ္ဓဝင်ပြခန်းအရုပ်များပါ ပီနံအိတ်(၁၀)လုံးဖြင့် ထည့်ထားသည့် အလျား (၂ ပေ ၄ လက်မ) အနံ(၃ပေ ၂လက်မ)ခန့်ရှိ ကျွန်း/ပျဉ်းမ/ပိန္နဲသားများဖြင့် ပြုလုပ်ထားသော ဗုဒ္ဓဝင်ပြခန်း ရုပ်ကြွများပါ (၁၀)ချပ်၊ အလျား ၁ ပေ အနံ ၉ လက်မခန့်ရှိ ဗုဒ္ဓရုပ်ပွားတော်ရုပ်ကြွများပါ (၂၆)ချပ်တို့အား ရှာဖွေသိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် ယာဉ်မောင်းဦးမျိုးနွယ်အား မေးမြန်းစစ်ဆေးရာ မြဝတီမြို့တွင် ရောက်နှင့်နေသူ ဦတင်အောင်ထံပို့ဆောင်ပေးရမည်ဖြစ်ကြောင်း ပြောပြသောကြောင့် ဦးတင်အောင်အား ခေါ်ယူမေးမြန်းခဲ့ရာ ၎င်းမှ အဆိုပါ ပစ္စည်းများကို ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကျေးရွာတစ်ခုမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ရှေးဟောင်းပစ္စည်းများဟု ယူဆရသော ပစ္စည်းများကို သယ်ဆောင်မောင်းနှင်လာသူ ယာဉ်မောင်း ဦးမျိုး နွယ်(၅၃)နှစ် မြောက်ဥက္ကလာပမြို့နယ် ရန်ကုန်တိုင်းဒေသကြီးနေသူနှင့် ပိုင်ရှင်ဆိုသူ ဦးတင်အောင် (၆၂) နှစ် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ လက်ပံကျေးရွာနေသူတို့အား သင်္ဃန်းညီနောင်နယ်မြေရဲစခန်းမှ (ပ) ၈၂/ ၂၀၁၉၊ ၂၀၁၅ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ.၁၇/၁၈(က)ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။