Home သတင်း DKBA(ခွဲထွက်)အဖွဲ့နှင့် နယ်ခြား စောင့်တပ်-BGFတို့ကြား ပစ်ခတ်မှုဖြစ်ပွား

DKBA(ခွဲထွက်)အဖွဲ့နှင့် နယ်ခြား စောင့်တပ်-BGFတို့ကြား ပစ်ခတ်မှုဖြစ်ပွား

565

မေလ ၁၇ ရက်၊ ၂ဝ၁၉ ခုနှစ်။ နေနော်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကောင်းမှုရွာအနီးတွင် ယနေ့ (မေလ ၁၇ ရက်) နံနက်ပိုင်းက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA-ခွဲထွက်)အဖွဲ့နှင့် နယ်ခြားစောင့်တပ် (BGF)တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကောင်းမှုကျေးရွာနှင့် ပျားပင်ချောင်းဖျားနေရာ၌ ယနေ့ နံနက် ၁၀း၁၅ နာရီ အချိန်တွင် DKBA ခွဲထွက် အဖွဲ့ မှ စောဖားကော် ဦးစီးသော ၁၉ ဦးပါအဖွဲ့နှင့် BGF အမှတ် (၁ဝ၁၇)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးစောကျော်နော် ဦး စီးအဖွဲ့တို့အကြား မိနစ် ၃ဝခန့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ရာ DKBA ခွဲထွက်အဖွဲ့မှ တပ်သား တစ်ဦး အား အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ကရင်ပြည်နယ်၊ နယ်ခြား စောင့်တပ်များ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ၏ ကိုယ်ရေးအရာရှိဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။

“ဒီနေ့မနက် ၁၀ နာရီ ၁၅ မိနစ်မှာ ထိတွေ့မှုဖြစ်တယ်ဗျ။ ခွဲထွက် DKBA အဖွဲ့က စောဖားကော် ဦးစီးတဲ့ အဖွဲ့ နဲ့ ဖြစ်တာပါ။ နယ်ခြားစောင့်တပ်အမှတ် (၁ဝ၁၇)က ဒုရင်းမှူးကိုယ်တိုင်ဦးဆောင်ပြီး ရှင်းလင်းခဲ့ရာမှာ သူတို့ဘက်ကတစ်ဦးကို ဒဏ်ရာနဲ့ အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ ဒဏ်ရာနဲ့အရှင်ဖမ်းမိတဲ့သူက တပ်သား အဆင့်ရှိတဲ့ စည်သူလို့ သိရပါတယ်။ သူ့ကိုလည်း ဆေးကုသပေးနေပါတယ်။ အသက်အန္တရာယ်တော့ စိုးရိမ်စရာ မရှိပါဘူး။ အခုချိန်ထိတော့ နယ်ခြားစောင့်တပ်ဖွဲ့တွေ လိုက်လံ ရှင်းလင်းရေးဆောင်ရွက်နေပါ တယ်။”ဟု ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။

အဆိုပါ ဖမ်းဆီးရမိသူ တပ်သားအဆင့်ရှိ စည်သူ (၂၆)နှစ်မှာ ညာဘက်ပေါင်၌ ကျည်ဆံထိမှန်ခဲ့ပြီး သူနှင့်အတူဖောက်ခွဲရေးမိုင်း အလုံး ၃ဝကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု ကရင်ပြည်နယ်၊ နယ်ခြားစောင့် တပ်အဖွဲ့က ထုတ်ပြန်ထားသည်။