မေလ ၁၃ ရက်၊ ၂၀၁၉ ခုနှစ်။ မောင်ကျော်စွာ
ကရင်သတင်းဌာန၊ ကေအိုင်စီက (၁၁-၅-၂၀၉) ရက်စွဲဖြင့် “ မြဝတီမြို့ သောင်ရင်းမြစ်ကမ်းအနီးရှိ လူနေအိမ် ၂၀ဝခန့်အား ဖယ်ရှားခိုင်းမှုကို ဖြေရှင်းပေးရန် တောင်းဆို” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းကို ဖတ်ရပါတယ်။ ပထမ ဦးဆုံး စပြီးစဉ်းစားမိတာက အရေအတွက် ကိစ္စပါ။ လူနေအိမ် ၂၀ဝ ဆိုတော့ အကြမ်းဖျင်း အိမ်ထောင်စု ၂၀ဝ ရဲ့ နေရေး ထိုင်ရေးကိစ္စဖြစ်တယ်ဆိုတဲ့အချက်ပါ။
နောက်တစ်ချက်က မကြာခင် မိုးရာသီဝင်ရောက်လာတော့မယ်။ အိမ်ထောင်စု ၂၀ဝ ထဲမှာ သက်ကြီး ရွယ်အို ပါမယ်၊ ကျောင်းနေအရွယ် ကလေးငယ်တွေပါမယ်။ ဒီတော့ ကျန်းမာရး၊ ပညာရေး စတာတွေပါ ဆက်စဉ်း စားစရာဖြစ်လာ တယ်။ ဒီလို ဆက်နွယ်နေတဲ့ အကြောင်းတရားတွေက ဒီကိစ္စကို ပြီးစလွယ် မဖြေရှင်းသင့်ဘဲ သင့်တော်မျှတကောင်းမွန်စွာ ဘယ်လို ဖြေရှင်းကြမလဲ ဆိုတဲ့အထိ စဉ်းစားမိပါတယ်။
ပြဿနာကို ကိုင်တွယ် ဖြေရှင်းကြမယ်ဆိုတဲ့အခါ အကျိုးစီးပွားချင်း ထိပ်တိုက် ပဋိပက္ခဖြစ်နေတဲ့ ဘက်တွေကို ရှာကြည့်တော့။ ပထမဦးစွာ အကျိုးစီးပွားချင်း ထိပ်တိုက်တွေ့မှုဟာ ဘယ်သူနဲ့ ဘယ်သူ့အကြားလဲ ဆိုတာကို ကြည့်ရမယ် မဟုတ်လား။ ဒီတော့ “နေမြဲနေရာမှာ ဆက်လက်နေထိုင်လိုသူတွေ”က တဖက်၊ “ ဖယ်ရှားခိုင်းနေသူတွေ” က တဖက် ဖြစ်ပွားနေတဲ့ ပဋိပက္ခကို တွေ့ရပါတယ်။
“နေမြဲနေရာမှာ ဆက်လက်နေထိုင်လိုသူတွေ” ဘက်က ပြောတဲ့ အခိုင်အမာအချက်အလက်တွေ သူတို့ ဟာ ဒီနေရာမှာ ဆယ်စုနှစ် ၃ ခုကြာ နေထိုင်လာခဲ့တာဖြစ်တယ်။ ပုံစံ(၆၆/၆) အိမ်စုစာရင်းများအား ခေတ်အဆက်ဆက် ဥက္ကဌ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများထံ အိမ်ထောင်စုစာရင်းများ ပြုလုပ်၍ နေထိုင်လာခဲ့တာဖြစ်တယ်။ ဧပြီလ ၂၅ ရက်နေ ့ရက်စွဲနဲ့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရအကြီး အကဲတွေထံ တင်ပြထားတယ်။ အစိုးရရဲ့ စီမံခန့်ခွဲမှုကို ခံယူလိုတယ်လို့ ဆိုပါတယ်။
ဒါတွေဟာ “နေမြဲနေရာမှာ ဆက်လက်နေထိုင်လိုသူတွေ” ဘက်က ပြောတဲ့ အခိုင်အမာ အချက်အလက်တွေပါပဲ။
“ ဖယ်ရှားခိုင်းနေသူတွေ” ဘက်ကို ကြည့်ကြပါဦးစို့။
ဒီဘက်မှာ အဖွဲ့အစည်းတွေအနေနဲ့ ဘယ်သူတွေပါဝင်ပတ်သက် နေသလဲဆိုတော့ (DKBA) ကနေ (BGF) အသွင်ပြောင်းလာတဲ့
ကရင်ပြည်နယ်၊ နယ်ခြားစောင့် (BGF)တပ်နယ် ၃ နဲ့ ထိုင်းစီးပွားရေးလုပ်ငန်းရှင်တို့ ပါဝင်နေတာတွေ့ ရပါတယ်။
ဖယ်ရှားလိုသူတွေဘက်ကပြောတဲ့ အခိုင်အမာအချက်အလက်တွေက “ကျနော်တို့က (DKBA) ကနေပြီး (BGF) ကို အသွင်ပြောင်းလာခဲ့တာပါ။ အဲဒီတော့ DKBA တပ်ဖွဲ့ဝင်တွေဘဝမှာ ဒီနေရာကို အမှတ် ၁ဝ ဂိတ်ဖွင့်တယ်။ ဂိတ်ဖွင့်ပြီး တစ်ဖက်နိုင်ငံနဲ့ ကုန်ပစ္စည်းတွေ ကုန်သွယ်ကြတာပေါ့။ အဲဒီတော့ အလုပ်သမားတွေ လိုအပ်တာကြောင့် အလုပ်သမားတွေ ကို ယခုနေရာမှာ နေအိမ်တွေ ယာယီဆောက်လုပ်နေထိုင်ခွင့်ပေးခဲ့တာပါ။ အခု နှစ်ကြာလာတော့ ဒီနေရာဟာလည်း ပိုင် ဆိုင်မှု အထောက်အထားတွေရရှိခဲ့ပြီး နေအိမ်အဆောက်အဦးတွေ ဆောက်လုပ်တော့မှာဖြစ်လို့ သူတို့ကို ခေါ်ယူညှိနှိုင်း ဆွေးနွေးခဲ့ပြီးပါပြီ။ နေအိမ်တွေအတွက် ပြောင်းရွှေ့ စရိတ်တွေပေးပြီး တိုက်ခန်းတွေဆောက်မှာ ဖြစ်ကြောင်းနဲ့ ၎င်းတိုက် ခန်းတွေမှာ နေစရာပြန်ပေးသွားမှာ ဖြစ်ပြီး တိုက်ခန်းလစာအနေနဲ့ တစ်လကို ဘတ် ၁,ဝဝဝ ပေးဖို့ ညှိနှိုင်းတာကို သူတို့က လက်မခံဘဲဖြစ်နေကြတာပါ။” လို့ ဆိုပါတယ်။
ဒါ့အပြင် “အဆိုပါ မြေနေရာကို နေထိုင်သူများဘက်က နေရာဖယ်ပေးခြင်းမရှိပါက ဥပဒေကြောင်းအရ ဆက် လက်ဆောင် ရွက်သွားမယ်”လို့ လည်း ဆိုပါတယ်။ ဒီအချက်အလက်တွေကို ပြောကြားခဲ့သူဟာ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ဗိုလ်မှူးနိုင်မောင်ဇော် ဆိုသူဖြစ်ပါတယ်။ သူဟာ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်များ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူရဲ့ ကိုယ်ရေးအရာရှိလို့ ဆိုပါတယ်။
လက်ရှိနေရာမှာ စတင်အခြေချနေထိုင်စဉ်က လက်ရှိအစိုးရလည်း မပေါ်ပေါက်သေးပါဘူး။ ပြဿနာ ကတော့ လက်ရှိအစိုးရက တာဝန်ယူနေတဲ့ကာလမှာ ပေါ်လာတာပါ။ ဒီတော့ ဒိကိစ္စကို လက်ရှိအစိုးရ ဖြေရှင်းပေးရတော့မယ် အနေအထားဖြစ်ပါတယ်။ လောလောဆယ် တိုက်ရိုက်သက်ဆိုင်တာကတော့ ကရင်ပြည်နယ် အစိုးရဖြစ်ပါတယ်။ နှစ်ဖက်ပြောဆိုချက်တွေကို ကြည့်ရတာမှာတော့ ဖယ်ရှားပစ်လိုသူတွေဘက်က ဘက်ပေါင်းစုံ (အဖွဲ့အစည်း အင်အား၊ ဥပဒေကြောင်းစတဲ့) အပေါ်စီး ရထားတာတွေ့ရပါတယ်။ လက်ရှိ နေထိုင်နေကြတဲ့ လူနေအိမ် ၂၀ဝ ဘက်ကတော့ ထိုက်သင့်တဲ့ ငွေကြေး သို့မဟုတ် ပြန်လည်နေရာချထားပေးဖို့ဆိုတာကို မျှော်လင့်တောင်းဆိုနေတဲ့ သဘောရှိပါတယ်။ ပြည်ထောင်စုအစိုးရနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေဆီမှာတော့ ဒီလိုကိစ္စတွေကိုင်တွယ်ရေးနဲ့ ပတ်သက်ပြီး ဘယ်လို ပေါ်လစီတွေ၊ ဥပဒေတွေရှိထားသလဲ သေချာမသိပါဘူး။
ပြည်တွင်းက လုပ်ငန်းကိုင်ငန်းတွေထက် စီးပွားရေးအရ တစုံတရာ အဆင်ပြေတတ်တဲ့ လှုပ်သာရှားသာရှိတဲ့ နယ်စပ်ဒေသ တွေ/ ရွှေတွင်းကျောက်တွင်းတွေကို အနယ်နယ်အရပ်ရပ်က ပျံကျတွေစုပြုံရောက်ရှိ လာတတ်ပါတယ်။ ရရာ နေရာမှာ ဖြစ်သလို နေထိုင်လုပ်ကိုင်စားသောက်ကြပါတယ်။ နေရာမျိုးစုံက အကြောင်း ပေါင်းစုံနဲ့ရောက်ရှိလာသူတွေ ဆိုတော့ ပြဿနာနဲ့ပဋိပက္ခပေါင်းစုံ၊ ရောဂါဘယမျိုးစုံကို သယ်ဆောင်လွယ်ပိုးထားကြတာဖြစ်ပါတယ်။ ဒီတော့ မူးယစ် ဆေးဝါး အပါအဝင် အခြားရာဇဝတ်ပြစ်မှုမျိုးစုံ ဖြစ်ပွားစေနိုင်တဲ့ ရေခံမြေ ခံတွေလို့လည်း ဆိုနိုင်ပါတယ်။
ဒီလို သဘောသဘာဝတွေရှိနေတာကြောင့် ဒီလိုကိစ္စတွေကို အလေးထားကိုင်တွယ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ပုံမှန်အလုပ်အကိုင်နဲ့ ပုံမှန်နေထိုင်စားသောက်မှုဆိုတဲ့ ဘက်နှစ်ဖက်လုံခြုံဖူလုံမှုရရှိရေးဟာ အဓိက ဦးကြရမယ့် အချက်ပဲ ဖြစ်ပါတယ်။ ဒီနှစ်ချက်ကို အရင်းခံကျကျ ဖြေရှင်းမပေးနိုင်ဘဲ တရားဥပဒေစိုးမိုးရေးကိုချည်း နင်းကန်အော်ဟစ်နေလို့ လည်း အကျိုးထူးလာစရာ မရှိနိုင်ပါဘူး။
နောက်တစ်ချက်ကလည်း “လူမျိုးရေး” အခြေခံအဖွဲ့အစည်းတွေရဲ့ ထိပ်ပိုင်းပုဂ္ဂိုလ်တွေဟာ အုပ်စိုးသူ အစိုးရနဲ့ နားလည်မှုယူသွားပြီးတဲ့အခါ သူတို့ဟာ တချိန်က “လူမျိုးရေးအလံကိုင်-လူမျိုးရေးခေါင်းဆောင်” ဆိုတဲ့ သူတို့အဆင့်နေရာ တွေကို ကျောခိုင်းသွားကြပြီး ကိုယ့်တိုင်းရင်းသား ဒေသခံပြည်သူတွေအပေါ်မှာ ဖိနှိပ်အနိုင်ကျင့်သွေးစုပ်တဲ့ လုပ်ငန်းရှင် သို့မဟုတ် စီးပွားရေးသမား၊ သူဋ္ဌေး သူကြွယ်ဘဝကို တဖြည်းဖြည်း သက်ဆင်းလျောကျသွားတဲ့ အချက်ပါပဲ။
မေးစရာမေးခွန်းက သူတို့ တချိန်က အော်ဟစ်ခဲ့ကြတဲ့ “မဟာဗမာလူမျိုးကြီးဝါဒ တိုက်ဖျက်ရေးနဲ့ အမျိုးသားဒီမိုကရေစီ တော်လှန်ရေး”နိဂုံးချုပ်သွားပြီလား – ပြီဆုံးသွားပြီလား။