မေလ ၂၇ ရက်၊ ၂၀၁၉ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ နေရပ်ပြန် ဒုက္ခသည်များအတွက် ဆောက်လုပ်ပေးထားသည့် လေးကေကော် မြို့သစ်တွင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုကြောင့် မြို့သစ်ထဲ နေထိုင်သည့် မိသားစုများက ၎င်းတို့ ရှေ့ ရေးအတွက် စိုးရိမ်မှုများရှိနေသည်ဟု ပြောဆိုကြသည်။
ဒုက္ခသည်စခန်းမှ ပြန်လာနေထိုင်သူ ဦးစောလေဝီး “မိသားစုအတွက်က စိုးရိမ်မှုနည်းနည်းရှိတာက ဘာရှိလဲဆို ရင် အလုပ်အကိုင်မရှိဘူး။ ကျနော်တို့ ရေရှည်လုပ်ငန်း တစ်ခုမှမရှိသေးဘူးပေါ့နော်။ ဒီရေရှည်လုပ်ငန်းကို ဘာ တွေများလုပ်ရင်ကောင်းမလဲဆိုတာတော့ နည်းနည်းတော့စိုးရိမ်တာပေါ့ဗျာ” ဟု ကေအိုင်စီသို့ ပြောသည်။
လေးကေ့ကော်မြို့သစ်စီမံကိန်းကို ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှစ၍ စတင်အကောင်အထည်ဖော်ခဲ့ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မိသားစုဝင်များ၊ ပြည်တွင်းစစ်ရှောင် ဒုက္ခသည်များ၊ ရွှေ့ပြောင်း နေထိုင်သူများနှင့် ထိုင်းနယ်စပ်ရှိ ဒုက္ခသည်မိသားစုဝင်များ စုစုပေါင်းလူဦးရေ (၃,၀၀၀)ခန့် နေထိုင်လျက်ရှိ သည်။
အဆိုပါ လေးကေကော်မြို့သစ်မှာ ၅ နှစ်ကျော်ကြာပြီးနောက် မြို့သစ်ထဲတွင် နေထိုင်သူများမှာ ပုံမှန်အလုပ်အ ကိုင်မရှိသေးခြင်းကြောင့် လက်ရှိတွင် မိသားစု စားဝတ်နေရေးကို ဖြေရှင်းရန်အတွက် ကြုံရာကျပန်း အလုပ်မျိုး စုံကို လုပ်ကိုင်နေကြသလို စိုက်ပျိုးရေး၊ မွေးမြူရေး အလုပ်များကိုလည်း လုပ်ကိုင်နေကြရသည်ဟု မြို့သစ်နေ ဒေသခံများက ဆိုသည်။
လေးကေကော်တွင် နေထိုင်သူ စောအောင်မင်းက “အခုလောလောဆယ်တော့ ကျနော်ဝက်မွေးမြူပါတယ်။ တောင်ယာလုပ်တယ်။ ပြီးတော့ ဆိုင်ကယ်တက္ကစီတို့ မောင်းစားတာပေါ့နော်။ နည်းနည်းပါးပါးပါ။ နေ့တိုင်းတော့ မဟုတ်ဘူး ပေါ့နော်။ ကျနော်တို့နေတဲ့နေရာကလည်း သူများသွားလာတဲ့နေရာမှ မဟုတ်တာ။ ဒီမှာပြန် လာကြ ပြီး ကျနော်တို့နဲ့အတူ ပြန်လာနေထိုင်ကြတဲ့လူတွေက ဒီလိုပါပဲ။ နေ့စားအလုပ်ပဲ လုပ်စားကြတယ်။ တချို့က လမ်းသွားပြင်တာလည်း ရှိတယ်” ဟု ပြောသည်။
မြို့သစ်စီမံကိန်းတွင် နေထိုင်ကြသည့် ပြည်သူလူထုများ အလုပ်အကိုင်ရရှိရန်အတွက် လာမည့် ၂၀၂ဝ ခုနှစ်တွင် ဒေသထွက်သီးနှံများ တင်ပို့ရောင်းချခြင်း၊ အပန်းဖြေနေရာ တည်ဆောက် ပေးခြင်းနှင့် အလုပ်အကိုင်ဖန်တီး ပေးရေး လုပ်ငန်းများကို စတင်အကောင်အထည်ဖော်သွားမည်ဟုု လေးကေကော်အုပ်ချုပ်ရေးမှူး စောဌေးမြင့်အောင်က ပြောသည်။
၎င်းက“၂ဝ၂ဝ ကစပြီးတော့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေကတော့ နံပါတ် ၁ က ဒီမှာနေပြီး အရွယ် ရောက်တဲ့လူတွေ တရားဝင် စာရွက်စာတမ်းတွေရအောင်ကြိုးစားပြီး လုပ်ဆောင်ပေးမယ်။ တရားဝင် စာအုပ်အ ထောက်အထား တွေရရှိပြီးဆိုရင် နိုင်ငံခြားကိုသွားပြီး အလုပ်လုပ်နိုင်ဖို့ အဲဒါလမ်းကြောင်းတစ်ခုလျာထား တယ်။ ဒုတိယ တစ်ခုကတော့ ကျနော်တို့ နေရာမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်မယ်ပေါ့နော်။ အထူး သဖြင့် ကျနော်တို့ဆီကထွက်တဲ့ သီးနှံတွေကို တင်ပို့ရောင်းချသွားဖို့ပါ” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အပန်းဖြေစရာနေရာနည်းပါးသည့် မြဝတီ၊ မဲဆောက်ကဲ့သို့နေရာမျိုးတွင် ဒေသတွင်း တောတောင် ရေမြေနေရာများကို အသုံးပြု၍ အပန်းဖြေနေရာများကိုဖန်တီးပြီး Eco Tourism လုပ်ငန်းများကို လုပ်ကိုင်သွား မည်ဆိုပါက မြို့သစ်လူထုများအနေဖြင့် အလုပ်အကိုင်ရရှိသွားမည်ဖြစ်ကြောင်းလည်း စောဌေးမြင့်အောင်က ဆက်ပြောသည်။
သို့သော် မြို့သစ်တွင် နေထိုင်သူအချို့သည် အလုပ်သမားအနေဖြင့်မဟုတ်ဘဲ မိမိကိုယ်ပိုင်လုပ်ငန်းများ ရရှိရန် မျှော်လင့်နေကြပြီး ကူညီပံ့ပိုးပေးသူများရှိပါက ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများကို ကြိုးစားအားထုတ်လုပ် ဆောင်သွားရန် ဆန္ဒရှိကြကြောင်းလည်း မြို့သစ်တွင် နေထိုင်သူတချို့က ဆိုသည်။
ကေအဲန်ယူနှင့် မြန်မာအစိုးရတို့ ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် ကာလအတွင်း ကေအဲန်ယူနယ်မြေထဲရှိ ဖားအံ၊ ဘိတ်-ထားဝယ်နှင့် ဒူးပလာယာခရိုင်များတွင် ၂၀၁၄ ခုနှစ်ကစပြီး ကေအဲန်ယူ မိသားစုဝင်များနှင့် ပြည်တွင်းစစ်ဘေးရှောင်ဒုက္ခသည်-IDPs များအတွက် ရည်ရွယ်၍ တန်ဘိုးနည်းအိမ်ရာများကို အကောင် အထည်ဖော် ဆောက်လုပ်လာခဲ့ရာတွင် လေးကေကော် မြို့သစ်လည်း တစ်ခုအပါအဝင်ဖြစ်သည်။