စအိုင်ဆူး
(မေလ ၂၁ရက်၊ ၂၀၁၉)
“ကျမတို့လည်းလေး ပေးပြန်စေချင်ပြီး။ အကုန်လုံးက ပြန်စေချင်ပြီးပေါ့နော်။ မြိုင်ကြီးငူဆရာတော်က မရှိတော့ဘူးဆိုတော့ နိုင်ငံတော်ကလည်း မထောက်ပံ့တာ မဟုတ်ဘူး ထောက်ပံ့တယ်။ ရေရှည်မှာ ဘယ်လိုလုပ်မလဲ။ ကိုယ်လည်း ကိုယ်ချင်းစာ တယ်လေး။ အဲ့ဒါ ကိုယ်က ပြန်ဖို့ ရွာသားတွေကို စည်းရုံးနေတဲ့အချိန်မှာပဲ မိုင်းက တစ်ယောက်ထိသွားတယ်။ တစ်လ ကျော်ကျော်မှာ ၃လပိုင်း ၂၃ရက်နေ့မှာလေ။ အဲ့ဒီမှာလည်း တစ်ပွဲပြန်ဖြစ်ပြီး နားထောင်လိုက်အုံး။ နားထောင်လိုက်အုံး ဒီမှာက အိမ်ပြိုနေပြီး……”
၂၀၁၆ခုနှစ်ကစပြီး ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသကို စစ်ဘေးရှောင် ရောက်ရှိလာတဲ့ ဒေသခံ လူထု ငါးထောင်ကျော်ဟာ၂၀၁၉ခုနှစ်အထိ ၃နှစ်ကျော်ကြာ ရွှေ့ပြောင်းနေထိုင်လာခဲ့သည့်တိုင် ယနေ့အချိန်ထိ မိမိတို့ဒေသကို ပြန် လည်ဝင်ရောက်နေထိုင်ခြင်း မရှိသေးတဲ့အခြေအနေကို စစ်ရှောင်စခန်းကော်မတီဝင် နော်တင်လှက ပြောပြနေတာဖြစ်ပါတယ်။
ထိုနှစ် ဩဂုတ်လလောက်က မြိုင်ကြီးငူအထူးဒေသရဲ့ မဲသဝေါဒေသမှာ မြန်မာ့တပ်မတော်၊ နယ်ခြားစောင့်တပ်-BGF နဲ့ နယ်မြေ ခံ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ဖြစ်ပွားတဲ့ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ထွက်ပြေး တိမ်းရှောင်လာခဲ့ကြ ရခြင်းဖြစ်ပါတယ်။
လက်နက်ကိုင်အချင်းချင်း အပြန်အလှန်ပစ်ခတ်မှုနဲ့အတူ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် မိုင်းထောင်တိုက်ခိုက်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ တိုက်ပွဲတွေအပြီး အစိုးရတာဝန်ရှိသူတွေက အဆိုပါဒေသမှာ မြေမြုပ်မိုင်းရှင်းလင်းမှုတွေ မလုပ်ဆောင်သေး တာကြောင့် ဒေသခံစစ်ဘေးရှောင်တွေအနေနဲ့ ယနေ့အချိန်ထိ ပြန်လည် အခြေချနေထိုင်ဖို့ ကြောက်ရွံ့နေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အိမ်ပြန်မယ့်အရေးကို တောင်ကြားရွာကနေ အသက် ၂၅နှစ်အရွယ် စစ်ဘေးရှောင်သူ စောမောင်အေးညိုက “အခုတော့ အစီအ စဉ် သိပ်မရှိဘူး။ ပြန်လို့မရဲဘူး။ မိုင်းအန္တရာယ်တွေ ကြောက်လို့ပေါ့…။”လို့ ပြောပါတယ်။
မြိုင်ကြီးငူဒေသ မိုင်းရှင်းလင်းရေးကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးဇော်မင်းက မိုင်းရှင်း လင်းရေးကို ယခင်နှစ်ကတည်းက လုပ်ဆောင်ရန် စီစဉ်ထားခဲ့သော်လည်း မိုင်းရှင်းလင်းရေး ဦးစားပေး လုပ်ဆောင်မည့် ၎င်း မြိုင်ကြီးငူအထူးဒေသတွင် ကရင်လက်နက်ကိုင်အချင်းချင်းကြား ပစ်ခတ်မှုတွေ ရှိနေသေးလို့ အစီအစဉ်ကို လတ်တလော ဆိုင်း ငံ့ထားရတာဖြစ်တယ်လို့ ဆိုပါတယ်။
“ပြည်နယ်ဝန်ကြီးချုပ်ရဲ့ လိုလားချက်အရ ကရင်ပြည်နယ် အဓိက ကတော့ ကျုံထော်ရေတံခွန်တစ်ဝိုက်ပေါ့။ ရင်းပိုင်းအုပ်စု ကျေးရွာပေါင်း ၃၀လောက်ရှိတာပေါ့။ ကရင်ပြည်နယ် ဝန်ကြီးချုပ်ကြီးက ပြည်ထောင်စုကို တင်ပြတယ်။ ပြည်ထောင်စုကိုတင်ပြ ပြီးတဲ့အခါမှာ ပြီးခဲ့တဲ့နှစ် ဧပြီလလောက်က မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ စပြီးလုပ်မယ်ဆိုပြီး ပြည်ထောင်စုကခွင့်ပြုပေးပြီးပြီ။ သို့သော်ငြားလည် အဲ့လိုလုပ်မယ်လို့ ဆောင်ရွက်နေတဲ့ အစီအစဉ်ကြားမှာပဲ အနည်းငယ် အဲ့ရက်ပိုင်းကလည်းပဲ အပေါ်ပိုင်းမှာ နည်းနည်း အချင်းချင်းတွေ တိုက်ပွဲတွေ ဘာတွေဖြစ်တယ်လို့သိရတာပေါ့။ အဲ့လိုသိရတဲ့အတွက်ကြောင့်မို့လို အဲ့အစီအစဉ်လေး က လောလောဆယ် အနေအထားမှာ ခေတ္တဆိုင်းငံ့နေတဲ့ အနေအထားမှာ ရှိပါသေးတယ်”
၎င်းဒေသမှာ နယ်ခြားစောင့်တပ်-BGF ၊ အစိုးရတပ်မတော်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ခွဲထွက် DKBAစတဲ့ လက်နက်ကိုင် အုပ်စု၄စုခန့် အထူးလှုပ်ရှားနေကြပြီး အစိုးရနဲ့ ကေအဲန်ယူအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ်-NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့်တိုင် အပစ်ရပ်ပြီးနောက်ပိုင်းမှာလည်း မကြာခနဆိုသလို လက်နက်ကိုင်အချင်းချင်းတွေအကြား ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။
အဆိုပါ ပစ်ခတ်မှုနဲ့ မြေမြုပ်မိုင်းအန္တရာယ်တွေကြောင့် ထွက်ပြေးလာခဲ့ရတဲ့ ဒေသခံစစ်ဘေးရှောင်တွေကို မြိုင်ကြီးငူ၏ အထင်ကရ ဆရာတော် ဦသုဇနမှ မြိုင်ကြီးငူ နှစ်သစ်ကူးကွင်းဘေးတွင် အေးလင်းမြတ်ရှင်နဲ့ မြတ်ပန်းဝတ်မှုန် ဆိုပြီး စစ်ဘေးရှောင်စခန်း ၂ခုဖွင့်လှစ်ကာ ခိုလှုံဖို့နေရာချထားပေးခြင်းဖြစ်ပါတယ်။
ကျေးရွာပေါင်း ၃၀ကျော်လောက်က ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ပြည်သူဦးရေဟာ ယခင် ၅,၈၀၀ကျော် ရှိရာက လက်ရှိမှာ မိမိနေရပ်သို့ ပြန်လည် ဝင်ရောက်နေထိုင်တချို့ရှိနေပြီး ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့က စခန်းကော်မတီရဲ့ ကောက်ယူထား တဲ့ စာရင်းတွေအရ စခန်းနှစ်ခုပေါင်းတွင် စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း ၅,၂၇၄ဦး ရှိနေသေးတယ်လို့ သိရပါတယ်။
၎င်း စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ နေထိုင် စားသောက်မှု အကူအညီတွေကို မြိုင်ကြီးငူဆရာတော် ဦးသုဇနရဲ့ လမ်းညွန်ချက်အပြင် နိုင်ငံတကာနှင့် ပြည်တွင်း စေတနာရှင် အလှူရှင်တွေ၊ ပြည်နယ်အစိုးရရဲ့ ကူညီထောက်ပံ့မှုတွေနဲ့သာ ရပ် တည်လာခဲ့ကြပေမယ့် ခုချိန်မှာ ကူညီထောက်ပံ့မှုက လျော့နည်းလာနေတယ်လို့ စခန်းတာဝန်ရှိသူတွေက ဆိုပါတယ်။
စခန်းကော်မတီဝင် နော်တင်လှက “၂၀၁၈-၂၀၁၉ခုနှစ် စခန်းလူဦးရေနည်းလာတယ်။ လူဦးရေနည်းလာတော့ အကူအညီတွေ လည်း နည်းလာတယ်။ ရှိနေတာက အစိုးရရဲ့ ဆန်ထောက်ပံ့မှုပဲ။ အဲ့ဒါလည်း မလောက်ဘူး။ ကရင်တွေ စားတာကလည်း သိတဲ့ အတိုင်းပဲ။ ပိုက်ဆံတွေ သုံးစရာမရှိတော့ တစ်နေ့ကို ၃နှပ်၊ ၄နှပ်လောက်စားတဲ့သူတွေလည်းရှိတယ်။”လို့ ရှင်းပြပါတယ်။
စခန်းတွင်း စားနပ်ရိက္ခာ မလုံလောက်မှုအပြင် လက်ရှိ စစ်ရှောင်စခန်းမှာရှိကြတဲ့ မိသားစုအချို့တွေအတွက်လည်း ယခုနှစ် မိုးရာသီအမှီ နေအိမ်တွေကို ပြန်လည်မွမ်းမံဖို့အတွက် ဝါးနဲ့ အမိုးအကာအတွက် အင်ဖက်တွေ လိုအပ်နေတယ်လို့လည်း နော်တင်လှက ဆက်ပြောပြပါတယ်။
ဒါပေမဲ့ ယခင်စခန်းဖွင့်လှစ်ချိန်ကစလို့ ပြည်နယ်အစိုးရက ယခုနှစ် ဖေဖော်ဝါရီလအထိ ဆန်အိတ်ပေါင်း ၇၀၀၀ကျော်နဲ့ အခြား စားနပ်ရိက္ခာခြောက်တွေ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ၂၀၁၈ခု နှစ်ကုန်အထိ ဆန်အိတ်ပေါင်း ၂၀၀၀ကျော်နဲ့ ရိက္ခာခြောက်အချို့အပြင် လှိုင်းဘွဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှာရှိတဲ့ စေတနာရှင်အလှူရှင်တွေကလည်း ပံ့ပိုးကူ ညီခဲ့တယ်လို့ ဖားအံခရိုင် အုပ်ချုပ်ရေးမှူး ဦးဆန်းမော်ကတော့ ပြောပါတယ်။
သို့သော်လက်ရှိမှာ လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေတဆင့် စစ်ဘေးရှောင် ပြည်သူတွေအတွက် ယခင် က သုံးလစာကို ဆန်အိတ် ၁၇၇ဝအိတ် ကူညီထောက်ပံ့ပေးရာက ၂၀၁၈ -၂၀၁၉ ခုနှစ်အတွင်း စစ်ဘေးရှောင်ပြည်သူတွေ လျော့နည်းလာတာကြောင့် ဆန်အိတ် ၉၀၀ကျော်သာ ထောက်ပံ့ပေးတော့တယ်လို့ သိရပါတယ်။
အဲဒီလိုရရှိလာတဲ့ ဆန်အထောက်အပံ့တွေကို စခန်းတွင်းတာဝန်ရှိသူတွေက ဆန်ကို ခွဲဝေပေးခြင်းမျိုးမဟုတ်ဘဲ နိုင်ငံတကာက ကူညီထောက်ပံ့ထားတဲ့ မီးဖိုများနဲ့ အလှည့်ကျချက်ပြုတ်ကာ ထမင်းတစ်မျိုးတည်းကိုသာ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် နှုန်း ဖြင့် အိမ်ထောင်စုအလိုက် ပေးဝေစားသောက်နေရတဲ့ စနစ်မျိုးနဲ့ စီမံခန့်ခွဲနေတာမျိုး ဖြစ်ပါတယ်။
“စားသောက်ချင်တာလေးတွေရှိလည်း ကိုယ့်မှာက ပိုက်ဆံမှမရှိတာ မဝယ်စားနိုင်ဘူး။ ဒီမှာနေတာ ရေအခက်အခဲလည်း ရှိပါ တယ်။ အစားအသောက်လည်း မလုံလောက်ဘူး။ အသီးအရွက်တွေ စသဖြင့်ပေါ့။ ဒီမှာ သောက်ရတဲ့ရေကလည်းမကောင်းဘူး။ ရေတွင်းတွေထဲက ရေတွေလည်း ခမ်းခြောက်လာပြီး။ ရေကိုဖြစ်သလိုပဲ သောက်သုံးနေရတာပေါ့။ အဲ့အတွက် ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျောတာလည်းဖြစ်တယ်။ ဖျားတာ နာတာလည်းဖြစ်တယ်။ နေပူရှိန်ကလည်းပြင်းတာလည်း ပြင်းတော့။”လို့ ကလောကွီးကျေးရွာက ပြောင်းရွှေ့လာသူ ယခင် ရွာလူကြီးဟောင်း စောသာဂေက စခန်းတွင်းအခက်အခဲအချို့ကို ပြောပြပါ တယ်။
အဆိုပါ မြိုင်ကြီးငူအထူးဒေသမှာနေထိုင်သူတွေဟာ မြိုင်ကြီးငူဆရာတော်ရဲ့ လမ်းညွန်မှုနဲ့ သက်သတ်လွတ် အစားအစာကိုသာ စားသောက်နေထိုင်ကြရပြီး မြိုင်ကြီးငူဆရာတေ်ာအပေါ် အလွန်အမင်း သက်ဝင်ယုံကြည်ကြသလို ပညာရေး၊ ကျန်းမာရေး၊ သွား လာရေးနဲ့ လုံခြုံရေးအတွက် မှီခိုအားထားနေရသူတွေလည်းဖြစ်တာကြောင့် ၎င်းတို့နေရပ်ပြန်ခြင်းမပြန်ခြင်းမှာလည်း ဆရာတော် အပေါ် များစွာမူတည်နေတယ်လို့လည်း ဆိုပါတယ်။
ဒီအပေါ်မှာ ဖားအံခရိုင် အုပ်ချုပ်ရေးမှူး ဦးဆန်းမော်ကလည်း ယခုလို ထောက်ခံပါတယ်။
၎င်းက “ကျနော်တို့ စခန်းတာဝန်ရှိသူတွေနဲ့ ဒေသမှာရှိတဲ့ တာဝန်ရှိသူတွေ ပူးပေါင်းပြီးတော့ မိမိရပ်ရွာတွေကိုပြန်နေဖို့ စီမံဆောင်ရွက်ခဲ့ကြသော်လည်းပဲ ယခင်မြိုင်ကြီးငူဆရာတော်ကြီးရဲ့ အစီအစဉ်အရ ပြန်လည်ပို့ဆောင်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ အခု မြိုင်ကြီးငူဆရာတော်ဦးစီးတဲ့ အဖွဲ့ကနေပြီးတော့ နေရပ်ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိတာကို သိရှိရပါတယ်။”
သို့ပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၁၃ရက်နေ့မှာတော့ မြိုင်ကြီးငူဆရာတော်ဘုရားကြီး ဦးသုဇနဟာ ရောဂါဝေဒနာ ကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာပဲ ပျံလွန်တော်မူခဲ့ပြီး ဆရာတော်မရှိတဲ့ နောက်ပိုင်း စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ နေထိုင်စားသောက်ရေး အခက်အခဲတွေ ပိုမို ကြုံတွေ့လာခဲ့ကြသလို ဒေသတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာမှာကို လည်း စိုးရိမ်နေကြတာကြောင့် စစ်ရှောင်ပြည်သူတို့ရဲ့ အိမ်ပြန်လမ်းက မရေမရာဖြစ်လာပါတယ်။
မြိုင်ကြီးငူ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အိမ်ပြန်ခရီးဟာ ၎င်းတို့နေထိုင်ရာဒေသမှာ မြေမြုပ်မိုင်း ရှင်းလင်းထားမှုနဲ့ စစ်ရေး ပဋိပက္ခတွေ ဆက်လက် မဖြစ်ပေါ်ရေး အခြေအနေပေါ်မူတည်တာကြောင့် ပြည်နယ်အစိုးရအနေနဲ့ အဆိုပါ စစ်ဘေးရှောင် ၅၀၀၀ကျော်ကို ရေရှည်မှာ ကူညီထောက်ပံ့ထားနိုင်မလား? ဒါမှမဟုတ် မိုင်းရှင်းလင်းရေးနဲ့ နယ်မြေအေးချမ်းရေးကို ပိုမိုအား ထုတ်ဆောင်ရွက်မလားဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ပြည်နယ်အစိုးရအနေနဲ့ ပြည်နယ်အတွင်း မြေမြုပ်မိုင်းရှင်းလင်းရေး စီမံချက်တွေချမှတ်ထားသလို မြေမြုပ်မိုင်းရှင်းလင်းရေးအ တွက် နည်းပညာ၊ ငွေကြေးစတဲ့ ကူညီထောက်ပံ့ပေးမည့် နိုင်ငံတကာ NGO အဖွဲ့အစည်းများလည်း အဆင်သင့်ရှိနေပါတယ်။ သို့ပေမဲ့ မိုင်းရှင်းလင်းခြင်းနဲ့ပတ်သက်ပြီး ၎င်းတို့ရဲ့စိုးရိမ်ချက်ကိုလည်း ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးဇော်မင်းက ယခုလိုပဲ ရှင်းပြခဲ့ပါတယ်။
၎င်းက “အကယ်၍ ကျနော်တို့က မိုင်းရှင်းတာတော့ ရှင်းပေးလို့ရတယ်။ သို့သော် နောက်ပိုင်းပေါ့။ ကိုယ့်ရဲ့ပြည်သူလူထုထဲမှာ အကြောင်းအမျိုးမျိုးနဲ့ ကျနော်တို့ မိုင်းရှင်းပြီးပါပြီး ကဲ… ရွာသားတွေ ပြန်နေပါတော့လို့ ပြောတဲ့အချိန်မှာ တစ်စုံတစ်ယောက်က များ ပြန်ပြီးတော့မှ မိုင်းတွေထောင်လိုက်မယ်ဆိုရင် ကျနော်တို့က စိုးရိမ်စရာအနေအထားတွေရှိတယ်။ အဲ့လိုအခြေအနေ ကြောင့်မု့ိလို့ ကျနော်တို့အနေနဲ့ အားလုံးကို သဘောတူပြီးတော့မှ အားလုံးပူးပေါင်းပါဝင်နိုင်တဲ့ အခြေအနေမျိုးကို ရောက်အောင် လေး နည်းနည်းလေး အချိန်ကိုစောင့်နေတဲ့ သဘောပဲဖြစ်ပါတယ်။”လို့ ပြောပါတယ်။
ကရင်ပြည်နယ်ဟာ ၂၀၁၂ခုနှစ်ကစလို့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေ စတင်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ယုံကြည်မှု တွေ တည်ဆောက်လာခဲ့ကြပြီး ၂၀၁၅၊ အောက်တိုဘာ ၁၅ရက်မှာ အစိုးရနဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား တစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ပြည်နယ်အတွင်း ပစ်ခတ် တိုက်ခိုက်မှုတွေလည်း လျော့နည်းလာပါတယ်။
သို့သော်လည်း ကရင်ပြည်နယ် အပါအဝင် လက်ရှိမြန်မာနိုင်ငံရဲ့ တိုင်းရင်းသားနယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေကြောင့် စစ် ဘေးရှောင်ပြည်သူတွေ လျော့နည်းလာမှုမရှိတဲ့အပြင် ပိုမိုတိုးများလာနေသလို မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခ မချုပ်ငြိမ်း နိုင်သေးသရွေ့ စစ်ဘေးရှောင်ပြည်သူတွေကို မြင်တွေ့နေရအုံးမှာပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မြိုင်ကြီးငူ စစ်ဘေးရှောင်ပြည်သူတွေရဲ့ မျှော်လင့်အားထားရမဲ့ မြိုင်ကြီးငူဆရာတော် ကံတော်ကုန်ပြီးတဲ့ နောက်ပိုင်း တချို့မှာ မိမိနေရပ်သို့ ပြန်မနေလိုကြတော့ဘဲ အခြေအနေအရ ဘဝကို ဆက်လက်ရှင်သန်သွားကြလိုသူတွေ လည်းရှိသလို တချို့ကလည်း မိမိမူလနေရပ်ရင်း ပြန်နေနိုင်ဖို့ကို မျှော်လင့်နေကြတုန်းပဲလို့ နော်တင်လှက ဆိုပါတယ်။
“ငြိမ်းငြိမ်းချမ်းချမ်းရှိမယ်ဆိိုရင်တော့ အဒေါ်တို့အိမ်ပြန်ချင်တယ်။ အကုန်လုံးက ပြန်ဖို့ပဲ မျှော်လင့်နေတယ်။ ပြန်ချင်တယ်”လို့သာ ဖြစ်ပါတော့တယ်။