(မေ ၃၊ ၂၀၁၉ခုနှစ်။ စောထွန်းလင်း)
မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်းခရီးမှာ ၁ဝ စုနှစ်တစ်ခုအတွင်းသို့ ရောက်ရှိလာပြီးဖြစ်သည်။ ဒီမိုကရေစီတွင် အခြေခံ ကျသည့် လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့် အခြေအနေမှာမူ တိုးတက်မှုမရှိဘဲ အချို့ကိစ္စရပ်များတွင် ဆုတ်ယုတ်ကျ ဆင်းသွားသည်ဟု မေ ၂ ရက်နေ့တွင် ပဲန်မြန်မာက ထုတ်ပြန်သည့် အကဲဖြတ်ချက်တွင် မီးမောင်းထိုးပြလိုက်သည်။
လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို ပဲန်မြန်မာအနေဖြင့် ၂၀၁၈ မေလမှ ၂၀၁၉ခုနှစ် မေလအထိ တစ်နှစ် တာကာလအတွင်း အကဲဖြတ်ထားခြင်းဖြစ်သည်။ ထိုသို့ အကဲဖြတ်ရာတွင်လည်း မီဒီယာနယ်ပယ်မှ ထင်ရှားသည့် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာဂျာနယ်ကွန်ရက်၊ မြန်မာ့သတင်းသိပ္ပံ၊ ရန်ကုန်သတင်းစာပညာသင်တန်းကျောင်း၊ တိုင်းရင်း သတင်းဌာနများဖြင့် စုဖွဲ့ထားသည့် ဘီအဲန်အိုင်၊ မြန်မာအမျိုးသမီးဂျာနယ်လစ်အဖွဲ့ စသည့်အဖွဲ့များ ပါဝင်သည်။
ထို့အပြင် လူမှုရေးနယ်ပယ်တွင် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ အသံအဖွဲ့၊ ပြည်ကြီးခင်၊ Equality Myanmar၊ Myanmamr ICT for Development ၊ Free Expression Myanmar၊၊ Myanmar Media Lawyers’ Association စသည့် မိတ်ဖက် အဖွဲ့စည်းများ အပါအဝင် စုစုပေါင်း အဖွဲ့ ၁၈ဖွဲ့က ပါဝင် အကဲဖြတ်ထားခြင်းဖြစ်သည်။
အကဲဖြတ်ရာတွင် အညွှန်းကိန်း ၆ခုသတ်မှတ်ထားပြီး ယင်းတို့မှာ ဥပဒေနှင့်လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များ၊ သတင်း မီဒီယာအမှီအခိုကင်းမှုနှင့် လွတ်လပ်မှု၊ ဒစ်ဂျစ်တယ် လွတ်လပ်မှု၊ လွတ်လပ်စွာ စုဝေးခွင့်၊ ပြောဆိုခွင့်နှင့် ထင်မြင်ယူဆခွင့်၊ သတင်းအချက်အလက် ရယူပိုင်ခွင့်၊ လုံခြုံဘေးကင်းခြင်းနှင့် အကာအကွယ်ရှိခြင်း စသည်တို့ဖြစ်သည်။
အဆိုပါ အညွှန်းကိန်းတစ်ခုချင်းစီကို ရမှတ် ၁ဝမှတ်ပေးထားပြီး အညွှန်းကိန်းခေါင်းစဉ် ခြောက်ခုအတွက် စုစုပေါင်း ရမှတ်မှာ ၆ဝ ဖြစ်သည်။ ထို့အပြင် အညွှန်းကိန်းတစ်ခုချင်းစီကို လွှမ်းခြုံသည့် သီးခြားမေးခွန်း ၅ခုခွဲကာ မေးခွန်းတစ်ခုချင်းစီကို ဝ မှ ၂မှတ်ထိ ပေးထားသည်။ ဝ မှတ်သည် ဆုတ်ယုတ်ကျဆင်းမှုကို ပြသည်။ ၁မှတ်မှာ အပြောင်းအလဲမရှိခြင်းဖြစ်ပြီး ၂မှတ်မှာမူ ထူးခြားတိုး တက်မှုကို ညွှန်းပြသည်ဟု သတ်မှတ် အမှတ်ပေးခဲ့ကြောင်း ပဲန်မြန်မာက ပြောသည်။
ပဲန်မြန်မာ ဥက္ကဌ ဦးမြင့်ညိမ်းက “ကျနော်တို့နိုင်ငံရဲ့ အခြေအနေကို ပြည်တွင်းက သတင်းသမားတွေ၊ သတင်းအဖွဲ့အစည်းတွေ မီဒီယာတွေ ကိုယ်တိုင်ပါဝင်ဆုံးဖြတ်ပြီးတော့ သုံးသပ်တာက မှန်ကန်တဲ့ သုံးသတ်ချက်ကိုရမယ်လို့ ကျနော် ယူဆတယ်။ နိုင်ငံ တကာ သုံးသပ်ချက်တွေဆိုတာ ပြည်ပကနေ ရတဲ့ သတင်းတွေကို အခြေခံပြီးလုပ်တာဖြစ်တဲ့အတွက် ကျနော်တို့ သုံးသပ် ချက်တွေနဲ့ နည်းနည်း ကွဲလွဲပါတယ်။ နောက်သုံးသပ်ပုံ၊ သုံးသပ်နည်း အညွှန်းကိန်းတွေလုပ်တာလည်း မတူတာတွေ့ရပါတယ်။” ဟု မေ ၂ရက်နေ့တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းဈေးလမ်းရှိ ပဲန်မြန်မာရုံး၌ ပြုလုပ်သည့် ထုတ်ပြန်ချက်ရှင်းလင်း ခြင်း အခမ်းအနားတွင် ပြောသည်။
အညွှန်းကိန်းတစ်ခုဖြစ်သည့် ဥပဒေနှင့် လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များကို အကဲဖြတ်ရာတွင် ဝ.၂မှတ်သာရရှိသည်။ အဘယ်ကြောင့်ဆိုသော် ဥပဒေပြင်ဆင်မှုများနှင့် ဥပဒေသစ်များ ပြဌာန်းရာတွင် နှောင့်နှေးမှုများရှိကာ သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေပြုရေး အစီအစဉ်မှာ ပျောက်ကွယ်နေသည်။
ထို့အပြင် ပြဿနာ ဖြစ်ပွားစေသည့် ငြိမ်း၊ စု၊ စီ ဥပဒေပြင်ဆင်မှု နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကဲ့သို့ ပြင်ဆင်ရန် လိုအပ် သည့် ဥပဒေများကိုမူ လျစ်လျူရှုထားခြင်း၊ အစိုးရ တာဝန်ရှိသူများကလည်း ဥပဒေအများအပြားကို တလွဲအသုံးချမှုများ ရှိနေ ခြင်း စသည်တို့ကြောင့်ဖြစ်သည်ဟု အကဲဖြတ်ချက်တွင် ဖော်ပြထားသည်။
သတင်းမီဒီယာ အမှီအခိုကင်းမှုနှင့် လွတ်လပ်မှု အညွှန်းကိန်းတွင်မူ သတင်းမီဒီယာကောင်စီ ပေါ်ပေါက်လာပြီး ပွင့်လင်းမြင်သာ မှုအပိုင်းတွင် ဝ.၅မှတ်နှင့် မီဒီယာလိုင်စင်နှင့် မှတ်ပုံတင်ပြုလုပ်မှုအပိုင်းတွင်မှု ဝ.၉မှတ် ရရှိကာ စုစုပေါင်း ရမှတ် ၁.၄ ဖြစ်သည်။
“မဏ္ဍိုင်သုံးရပ်ကို အပြန်အလှန်ထိန်းကြောင်းပေးဖို့ ပရော်ဖက်ရှင်နယ် မီဒီယာတွေ လိုအပ်ပါတယ်။ ပရော်ဖက်ရှင်နယ် မီဒီ ယာတွေက အမှီအခိုကင်းကင်း ရပ်တည်မှသာ သူ့ရဲ့ အကြံပြုထောက်ပြ၊ ဝေဖန်တာတွေဟာ ပိုပြီးတော့ အမှီအခိုကင်းမှာ ပေါ့နော်။ အဲ့ဒီတော့ မီဒီယာတွေ အမှီအခို ကင်းကင်း ဖွံ့ဖြိုးဖို့အတွက် အစိုးရဘက်က လုပ်ပေးနိုင်တာတွေကို တတ်နိုင်သ လောက်လုပ်ပေးဖို့ အကြံပြုလိုတယ်။”ဟု အကဲဖြတ်ချက်တွင် ပါဝင်အမှတ်ပေးခဲ့သူ မြန်မာ့သတင်းသိပ္ပံမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်မင်းဆွေက ပြောသည်။
ထိုသို့ ပရော်ဖက်ရှင်နယ် မီဒီယာများ ဖွံ့ဖြိုးလာရေးအတွက် အမျိုးမျိုးသော အခွန်အခများကို လျော့ချပေးခြင်း၊ အစိုးရ သတင်း စာများအနေဖြင့် ကြော်ငြာစာမျက်နှာကို ကန့်သတ်ပေးပြီး ပုဂ္ဂလိက မီဒီယာများတွင် ကြော်ငြာရအောင် လုပ်ဆောင်ပေးခြင်း၊ အစိုးရဝါဒဖြန့် သတင်းစာနှင့် ပုဂ္ဂလိက သတင်းစာတို့အကြား မျှတသည့် ယှဉ်ပြိုင်မှုမျိုးဖြစ်အောင် လုပ်ဆောင်သင့်သလို အစိုး ရဝါဒဖြန့် သတင်းစာများကို အချိန်သတ်မှတ်ကာ ထုတ်ဝေမှု ရပ်ဆိုင်းသွားရန်လိုသည်ဟု ဦးကျော်မင်းဆွေက ဆက်ပြောသည်။
“ပြဿနာက ဘာလဲဆိုတော့ ပရော်ဖက်ရှင်နယ် ရပ်တည်တဲ့ မီဒီယာတွေဟာ ပြည်သူလူထုက ချစ်တဲ့သူ ခေါင်းဆောင်တဲ့ အစိုး ရကို ဝေဖန်ဖို့ ခက်လာတယ်။ ပြည်သူလူထု အမုန်းတရားနဲ့ တလျှောက်လုံးမုန်းခဲ့တဲ့ စစ်အာဏာရှင်နဲ့ တံဆိပ်တပ်ခံရမှာကို ကြောက်လာတယ်။ အဲ့ဒါကလည်း ဈေးကွက်မှာ ထိခိုက်မှုရှိတယ်။ ဒီအချက်တွေက ပရော်ဖက်ရှင်နယ် မီဒီယာတွေကို အသံ တိတ်စေတယ်။”ဟု ဦးကျော်မင်းဆွေက ကောက်ချက်ချ ပြောဆိုသည်။
ဒီဂျစ်တယ် လွတ်လပ်မှု အကဲဖြတ်ချင်း အညွှန်းကိန်းတွင်မူ အင်တာနက် ဆင်းမ်ကဒ် မှတ်ပုံတင်ခြင်း အပါအဝင် အချက်အလက် ရပိုင်ခွင့်တွင် ဝ.၇မှတ်နှင့် အမုန်းစကား၊ သတင်းအမှားနှင့် လုပ်ကြံသတင်းများကို တိုက်ဖျက်သည့်အပိုင်းတွင်လည်း ဝ.၇မှတ်ရ ရှိပြီး စုစုပေါင်း ၁.၄မှတ်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ဆင်းမ်ကဒ်များကို မှတ်ပုံတင်ခိုင်းခြင်းနှင့် ဖုန်းဆက်သွယ်ရေးကုမ္ပဏီများထံ အသုံးပြုသူ၏ အချက်အလက် ကို တောင်းခံမှုများအပေါ် ဥပဒေအရ ကြီးကြပ်မှုဖြင့် အကာအကွယ်မရခြင်း၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ရှိနေသည့် အတွက် ပြည်သူများအနေဖြင့် နိုင်ငံရေးသဘောထား အမြင်များကို ထုတ်ဖော်ပြောဆိုရန် စိုးရိမ်ကြောက်ရွံ့မှုများရှိနေပြီး အဆိုပါပုဒ်မကို ပယ်ဖျက်ကာ အချိုးအစားမျှတပြီး နိုင်ငံတကာ စံညွှန်းနှင့်ညီသည့် ဥပဒေဖြင့် အစားထိုုးသွားရန် အကဲဖြတ်ချက် တွင် အကြံပြုထားသည်။
၎င်းအပြင် လွတ်လပ်စွာ စုဝေးခွင့်၊ ပြောဆိုခွင့်နှင့် ထင်မြင်ယူဆခွင့် အညွှန်းကိန်းတွင် အစိုးရအနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်း များနှင့် အမိန့်ညွှန်ကြားချက်များကို နိုင်ငံတကာစံညွှန်းများနှင့် ကိုက်ညီစေရန် လုပ်ဆောင်မှုတွင် ဝ.၁မှတ်ရရှိပြီး လွတ်လပ်စွာ စုဝေးခွင့်၊ ပြောဆိုခွင့်နှင့် ထင်မြင်ယူဆခွင့်၊ ဥပဒေအရ အရေးယူမှု၊ ဆန္ဒထုတ်ဖော်ရန်အတွက် ခွင့်ပြုမှု၊ ဒေသအာဏာပိုင်များ ဥပဒေနှင့်အညီ ဆောင်ရွက်မှုအပိုင်းတို့တွင် ရမှတ် မရရှိဘဲ ဆုတ်ယုတ်လျက်ရှိသည်ဟု အကဲဖြတ်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၁၈ခုနှစ်အတွင်း ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေဖြင့် အမှု ၃၆မှု ဖြစ်ပွားခဲ့ ပြီး လူ ၁၂၅ဦး တရားစွဲခံခဲ့ရသည်။ ထို့အပြင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲ မှု ၁၄မှုရှိကာ လူ ၃၃ဦး တရားစွဲခဲ့ ထားရသည်ဟု လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် လှုပ်ရှားနေသည့် အသံအဖွဲ့က ဆိုသည်။
“ရန်ကုန်တိုင်းဒေသကြီး အစိုးရက ၂၀၁၇ နိုဝင်ဘာ ၇ ရက်မှာ ရန်ကုန်မြို့တွင်း ၁၁ မြို့နယ်မှာ ဆန္ဒပြခွင့်ပိတ်ပင်တယ်။ အဲ့ဒါကို လည်း အခုထိ မရုပ်သိမ်းသေးဘူး။ တက်ကြွလှုပ်ရှားသူတွေ ဒီနေရာတွေမှာ ဆန္ဒပြခွင့်တင်တော့ မပေးတာတွေ့ရတယ်။ တပ်မ တော်ထောက်ခံပွဲတွေ အခြားသော အစိုးရထောက်ခံပွဲတွေဟာ ခွင့်မပြုဘူးပြောတဲ့ မြို့တွေမှာ ခွင့်ပြုချက်ရနေတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းရေးတောင်းဆိုပွဲတွေဆို ခွင့်မပြုဘူး။ ဒါဟာ ခွင့်ပြုမိန့်ကို ခွဲခြားဆက်ဆံမှု ကင်းကင်းနဲ့ပေးနေတာ မဟုတ်တာကို တွေ့နေရတယ်။”ဟု အသံအဖွဲ့၏ သုတေသနမှူး ကိုရဲဝေက ပြောသည်။
သတင်းအချက်အလက် ရပိုင်ခွင့် အညွှန်းကိန်း အကဲဖြတ်ချက်တွင်မှု စုစုပေါင်း ရမှ ၂.၉မှတ်ဖြင့် အမှတ် အများဆုံးရခဲ့သည်။ သို့သော် သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေကြမ်းကို ၂၀၁၇တွင် ရေးဆွဲထားပြီးဖြစ်သော်လည်း အဆိုပါ ဥပဒေကြမ်းကို လွှတ်တော်သို့ ယနေ့ထိ တင်ပြနိုင်ခြင်း မရှိခြင်း၊ ရိုက်တာ သတင်းထောက်များကို ထောင်ချောက်ဆင်ဖမ်းခဲ့သည်ဟု သတင်း အချက်အလက်ထုတ်ဖော်ပြောဆိုခဲ့သူ ထိုစဉ်က ဒုရဲမှူးဦးမိုးရန်နိုင်ကို ရဲစည်းကမ်းချိုးဖောက်မှုဖြင့် ထောင်ချအလုပ်မှ ထုတ်ပယ်ခဲ့ သည့်အတွက် သတင်းအချက်အလက်ဖော်ထုတ်သူများကို အကာအကွယ်ပေးမှုအပိုင်းတွင် အားနည်းခဲ့သည်ဟု အကဲဖြတ်ချက် တွင် ဖော်ပြထားသည်။
ထို့အပြင် နိုင်ငံတကာစံညွှန်းနှင့်အညီ သတင်းအချက်အလက်ရယူပိုင်ခွင့် ဥပဒေတစ်ရပ်သာ ပြဌာန်းခဲ့ပြီးပါက ရိုက်တာ သတင်းထောက်များကို နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေဖြင့် အရေးယူခြင်းမှ ကာကွယ်စောင့်ရှောက်မှု အချို့ပေးနိုင်လိမ့် မည်ဖြစ်သည်ဟု ပဲန်မြန်မာအမှုဆောင်အဖွဲ့ဝင် မသီတာ(စမ်းချောင်း)က ပြောသည်။
လုံခြုံဘေးကင်းခြင်းနှင့် အကာအကွယ်ရှိခြင်း အညွှန်းကိန်း အကဲဖြတ်ချက်တွင်မူ ရမှတ် သုညသာရှိပြီး ဆုတ်ယုတ်သည့် သဘော ရှိနေသည်ဟု အကဲဖြတ်ချက်တွင် ဖော်ပြထားသည်။ ဥပမာအနေဖြင့် မြစ်ကြီးနားသတင်းဂျာနယ် သတင်းထောက် နှစ်ဦးကို သခင်စစ် သတ္တုတူးဖော်ရေးကုမ္ပဏီက ဖမ်းချုပ်ခဲ့မှု၊ ရခိုင်ပြည်နယ် စစ်ပွဲများကြောင့် သတင်းမီဒီယာဌာနများကို ခြိမ်းခြောက်စာပေးပို့မှု၊ ရန်ကုန်မြို့တာမွေအဝိုင်းတွင် ငြိမ်းချမ်းရေး ဆန္ဒထုတ်ဖော်ပွဲတွင် အရပ်ဝတ်လူမိုက်များ၏ တိုက်ခိုက်မှု စသည့်ဖြစ်စဉ်များကြောင့် ဆုတ်ယုတ်သည့်သဘော ရှိနေခြင်းဖြစ်သည်။
အဆိုပါ အညွှန်းကိန်း ၆ခုတွင် ရမှတ် ၆ဝ ထိရှိသော်လည်း စုစုပေါင်း ရမှတ်မှာ ၆မှတ်သာဖြစ်သည်။ ထို့အတွက် ၂၀၁၈၊ မေလမှ ၂၀၁၉ မေလအထိ မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေမှာ ဆုတ်ယုတ်နေသည်ဟု အကဲ ဖြတ်ချက်တွင် ထောက်ပြထားသည်။ လူထုတင်မြှောက်ထားသည့် အစိုးရအနေဖြင့် လူထုအသံကို နားထောင်ကာ ပြုပြင်သင့် သည်များကို အချိန်မှီပြုပြင်ရန်လည်း ပဲန်မြန်မာက တိုက်တွန်းလိုက်သည်။
“ကျနော်တို့နိုင်ငံ ဒီမိုကရေစီစံနှုန်းအတွက် ဒီထုတ်ပြန်ချက်တွေကို အစိုးရအနေနဲ့ အသိအမှတ်ပြုဖို့ လိုပါတယ်။ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ လိုအပ်နေတယ်ဆိုတာလည်း ကျနော်ပြောလိုပါတယ်။ ဒါမှသာလျှင် ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေ စီအဆင့်ကို မြင့်စေမှာဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်အဆင့်ကို မြှင့်ချင်ပါတယ်။ ကျနော် တို့က အမှတ်အများကြီးပေးချင်ပါတယ်။”ဟု ပဲန်မြန်မာ ဥက္ကဌ ဦးမြင့်ညိမ်းက ဆိုသည်။