အပူချိန်မြင့်မားလာမှုအပေါ် အပူရှပ်ခြင်းအန္တရာယ် မဖြစ်ပွားစေရေးအတွက် ဆောင်ရန် ရှောင်ရန်များနှင့်ပတ်သက်ပြီး ဖားအံပြည်သူ့ဆေးရုံကြီးမှ ပြည်နယ်အထူးကုသမားတော်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်၏ ပြောကြားချက်များကို တင်ပြလိုက်ပါသည်။
အခုနွေရာသီရောက်လာပြီဆိုတော့ ပူပြင်းမှုကတဖြည်းဖြည်းနဲ့များလာပြီ။ အခုကျမတို့ဆေးရုံမှာလည်း အပူရှပ်ပြီး ရောက်လာတဲ့ လူနာတွေလည်းရှိလာပြီပေါ့နော်။ ဒါကြောင့် ကရင်ပြည်နယ်မှာရှိတဲ့ ပြည်နယ် သူပြည်နယ်သားတွေ အနေနဲ့အပူရှပ်ခြင်းနဲ့ပတ်သက်လို့ သိသင့်သိထိုက်တာလေးတွေကို ကျမအနေနဲ့ပြောပြချင်ပါတယ်။
ကျမတို့ခန္ဓာကိုယ်ရဲ့ Body Temperature ခန္ဓာကိုယ်အပူချိန်က ၃၇ ဒီဂရီစင်တီဂရိတ်၊ ၉၈.၅ ဒီဂရီဖာရင်ဟိုက်မှာ ကျမတို့ရဲ့ ခန္ဓာကိုယ်က လှုပ်ရှားနေတယ်ပေါ့။ ကျမတို့ ခန္ဓာကိုယ်က ဆဲလ်တွေ အကုန်လုံး၊ ပင်မဆဲလ်တွေ၊ နောက်ပြီး ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်၊ ကြွက်သား အားလုံးဟာ အဲဒီအပူချိန်နဲ့ပဲ ထိန်းထားပြီး အလုပ်လုပ်နေကြတာပေါ့နော်။
နွေရာသီရောက်လာပြီဆိုရင် မွန်းတည့်ချိန်မှာဆိုရင် ကျမတို့ခန္ဓာကိုယ်အပူချိန်က နည်းနည်းလေး တက်လာတယ်။ ပုံမှန် ၃၇.၅ ၊ ၉၉.၅ ဒီဂရီဖာရင်ဟိုက်လောက်အထိ တက်တတ်တယ်။ တက်ပေမယ့် ကျမတို့ ခန္ဓာကိုယ်က အဲဒါကို ခံနိုင်ရည်ရှိနေသေးတယ်။ ပုံမှန်ပါပဲ။ ဒါပေမယ့် ကျမတို့ခန္ဓာကိုယ်က ဘယ်လိုဖြစ်ပြီး အပြင်က သဘာဝအပူကို ခံနိုင်ရည်ရှိနေသလဲဆိုရင် အပူချိန်တွေ တက်လာပြီဆိုပါတော့ အားလုံးသိတဲ့အတိုင်း ချွေးထွက်ကြတယ်ပေါ့။ ပူလာပြီဆိုရင် ကျမတို့အရေပြားမှာရှိတဲ့ သွေးကြောလေးတွေက ကျယ်လာတယ်။ ကျယ်လာတဲ့အခါက ကျမတို့ ခန္ဓာကိုယ်ကချွေးတွေဟာ အာရုံကြောကနေတစ်ဆင့် လှုံ့ဆော်မှုကြောင့် ကျမတို့အရေပြားကို အသိပေးပြီးတော့ ချွေးတွေထွက်တယ်။
အဲဒီချွေးဟာ အပြင်ကလေနဲ့တွေ့တဲ့အခါကျတော့ ရေငွေ့ပျံသွားတယ်။ အဲဒီတော့ အများသိကြတဲ့ အတိုင်း ရေငွေ့ပျံခြင်းနဲ့ခန္ဓာကိုယ်က ပြန်အေးသွားတယ်။ အဲဒီနည်းနဲ့ ပုံမှန်အားဖြင့် ကျမတို့ ခန္ဓာကိုယ်ရဲ့အပူချိန်ကို ထိန်းပေးထားခြင်းဖြစ်တယ်။ ဒါပေမယ့်လည်း အပြင်ရာသီဥတုက အရမ်းပူလာတဲ့အချိန်ကျတော့ ကျမတို့ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တွေကို ဒီအတိုင်းမထိန်းနိုင်တော့ဘူး။ အထူးသဖြင့် ဘယ်သူတွေလဲဆိုတော့ ရောဂါအခံရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါရှိသူတွေ၊ လေဖြတ်ထားဖူးသူတွေ၊ နောက်ပြီးအရေပြားရောဂါတွေပေါ့။ အဲလိုလူတွေဆိုရင် အပူဒဏ်ကို ပိုမခံနိုင်ဘူး။ အဲဒီအတွက် အပူရှပ်တဲ့အခြေအနေတွေဖြစ်တတ်တယ်။
နောက်တစ်ခုက နေပူထဲမှာ အလုပ်လုပ်နေတဲ့သူတွေပေါ့နော်။ ဥပမာ-ကာယလုပ်သားတွေပေါ့နော်။ အဲလိုလူတွေဆိုရင် အပူဒဏ်က ခန္ဓာကိုယ်ကို တိုက်ရိုက်ထိတွေ့တယ်။ တစ်ချို့က နေပူမှာ အားကစားလုပ်တယ်။ ခန္ဓာကိုယ်ကို အပူတိုက်ရိုက်ထိတွေ့ရင်လည်း အပူရှပ်တာဖြစ်တတ်တယ်။ နောက်ပြီး စိတ်ကြွဆေးတွေ၊ အရက်တွေသောက်သုံးသူတွေ ၊ စိတ်ငြိမ်ဆေးတွေ၊ ဆီးဆေးတွေသုံးထားတဲ့သူတွေကလည်း အပူရှပ်တာဖြစ်လွယ်တယ်။ နောက်ပြီးအသက် ၆၅ နှစ်အထက်ရှိသူတွေနဲ့ ကလေးငယ်တွေလည်း အပူရှပ်လွယ်ပါတယ်။
နောက်ပြီး နေအရမ်းပူတဲ့အထဲကနေပြီးတော့ အရမ်းအေးတဲ့ အဲယားကွန်းခန်းထဲလိုမျိုး တန်းဝင်သွား တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ဦးနှောက်က အပြင်ကအပူနဲ့ အတွင်းထဲကအပူကို ပြန်ထိန်းပေးတဲ့ Balance ရှိတယ်။ အဲဒီဟာ ပျက်သွားရင်လည်း အပူရှပ်တတ်တယ်။ တစ်ခါ အရမ်းအေးတဲ့ အဲယားကွန်းကနေ အပြင်ကို ရုတ်တရက်ထွက်လိုက်တဲ့အခါမှာလည်း ဦးနှောက်က Balance မထိန်းနိုင်ဘူး။ အပူရှပ်တတ်တယ်။
အဲဒီတော့ အပူရှပ်လာပြီဆိုရင် အပူရှပ်ခြင်းက ကျမတို့ခန္ဓာကိုယ်မှာ ၃ မျိုးရှိတယ်။ ပထမအဆင့်က “ ရိုးရိုးအပူရှပ်တဲ့အဆင့် ”၊ အဲဒီအဆင့်မှာဆိုရင် အပူထိတာနဲ့ခန္ဓာကိုယ်မှာ အနီကွက်(နေလောင်ကွက်) လိုဟာ မျိုးဖြစ်လာတာရှိတယ်။ နောက်တစ်ခုက အရမ်းပူတဲ့အခါကျတော့ ချွေးတွေထွက် လာပြီးတော့ ခန္ဓာကိုယ်က ဆားဓာတ်တွေ ဆုံးရှုံးမယ်။ အဲဒီလိုချွေးထွက်လာရင် ကြွက်တက်တာတွေဖြစ်လာတတ်ပါတယ်။ နောက်တစ်ခုက မူးမော်တာတွေဖြစ်လာမယ်။ အဲဒါတွေကတော့ ရိုးရိုးအပူရှပ်ခြင်းလို့ ခေါ်ပါတယ်။
နောက်တစ်ဆင့်က “ ပြင်းထန်တဲ့ အပူရှပ်ခြင်း” ပေါ့။ အဲလိုဖြစ်လို့ ရောက်လာတဲ့လူနာတွေက ဘာဖြစ်လာလဲဆိုရင် ချွေးတွေအရမ်းထွက်လာမယ်။ ချွေးထွက်ရင်းနဲ့မှ ခန္ဓာကိုယ်ဖြစ်စဉ်တွေက အလုပ်မလုပ်နိုင်တော့ပဲ ချွေးတိတ်သွားတယ်ပေါ့။ အရပ်အခေါ်တော့ ချွေးငုပ်သွားတာပေါ့။ ချွေးငုပ်သွားတဲ့ အခါကျတော့ အရေပြားတွေ ပူလာပြီး ခန္ဓာကိုယ်က အပူချိန်အရမ်းတက်လာမယ်။ အဲဒီအချိန်မှာ နှလုံးခုန်နှုန်းတွေမြန်လာ မယ်။ အသက်ရှူနှုန်းတွေ အရမ်းမြန်လာမယ်။ ဆီးထွက် တာနည်းလာမယ်။ အဲဒီလိုဖြစ်လာတဲ့အခါကျရင် သွေး ပေါင်ချိန်တွေကျလာမယ်။ အဲဒီအချိန်က အရမ်းကြီးလာပေါ့နော်။ အဲဒီကနေတစ်ဆင့် ခန္ဓာကိုယ်အပူချိန်က ၄ဝ ဒီဂရီစင်တီဂရိတ်၊ ၁၀၄ ဒီဂရီဖာရင်ဟိုက်ရောက်သွားပြီဆိုရင် သွေးပေါင်ချိန်ကျလာမယ်။ သတိလစ်မယ်၊ နှလုံးခုန်နှုန်းတွေမြန်လာမယ်။ ကယောင်ကတမ်းတွေဖြစ်လာမယ်။ နောက်ဆုံးသတိလစ်သွားမယ်။ နောက်ဆီး မထွက်တော့ဘူး။ ကျောက်ကပ်တွေ အလုပ်မလုပ်တော့ဘူး။ အဲဒါကို အပူရှပ်ပြီးသတိလစ်သွားတာ၊ အပူရှပ်ပြီး လေဖြတ်တဲ့အဆင့်ရောက်သွားမယ်။
လူ့ခန္ဓာကိုယ်က နောက်ဆုံး ၄၂ ဒီဂရီစင်တီဂရိတ်၊ ၁၀၇ ဒီဂရီဖာရင်ဟိုက်ရောက်ပြီဆိုရင် လူဟာ အသက်မရှင်နိုင်တော့ဘူး။ အဲဒါကတော့ အပူရှပ်ခြင်းလို့ခေါ်တဲ့ ဝေဒနာခံစားရခြင်းအဆင့်ဆင့်ပေါ့။
နောက်တစ်ခုက အဲဒီလိုဖြစ်လာရင် ကျမတို့ဘယ်လို လုပ်မလဲပေါ့နော်။ အဲဒီတော့ ရိုးရိုးအပူရှပ်ခြင်းကိုတော့ လူတစ်ယောက်မှာ နေရင်းထိုင်ရင်းချွေးထွက် များလာမယ်။ ကြွက်တက်မယ်၊ မောလာမယ် နှုံးလာမယ်ဆိုရင် အရိပ်ရတဲ့နေရာ၊ အေးတဲ့နေရာကိုသွားမယ်။ တင်းကြပ်တဲ့အဝတ်အစားတွေဝတ်ထားရင် ချွတ်လိုက်မယ်။ ပေါ့ပါးချောင်ချိတဲ့အဝတ်ကို ပြန်ဝတ်မယ်။ အရေများများသောက်မယ်။ ဒါပေမယ့် အချိုရည်တော့မသောက်ရ ဘူး။ ဥပမာ -အားဖြည့်အချို လိုမျိုးတွေ၊ အရက်တွေ လုံးဝမသောက်ရပါဘူး။ ရေ ၁ လီတာမှာဆိုရင် ဆားကို လက်ဖက်စား ဇွန်းတစ်ဇွန်းခပ်ပြီးတော့ သောက်လို့ရတယ်။ လှုပ်လှုပ်ရှားရှား မလုပ်ရဘူး၊ ငြိမ်နေရမယ်။ ပန်ကာ ဒါမှမဟုတ် အဲယားကွန်းစတဲ့ အေးတဲ့နေရာမှာနေမယ်။ မနေနိုင်ဘူးဆိုရင် ချွေးတွေကို ရေဝတ်နဲ့အသာသုတ်ပြီးတော့ အေးအောင်ထားမယ်။
နောက်တစ်ခုက ပန်ကာလေခံရင်ရော ကောင်းလားပေါ့။ ပန်ကာလေဆိုတာက အပြင်က အရမ်းပူတယ်။ ကိုယ့်ခန္ဓာကိုယ်က အဲဒီလောက်မပူတဲ့အချိန်မှာ ပန်ကာလေခံခြင်းအားဖြင့် အဲဒီပန်ကာလေပူတွေဟာ ကိုယ့်ခန္ဓာကိုယ်ထဲကို ဝင်သွားမယ်။ အဲဒီအတွက် ကိုယ်ပါ အပူချိန်ပိုတက်လာမယ်။ ဒါကြောင့်မို့လို့ သိပ်ပူတဲ့အချိန် အရိပ်ရတဲ့နေရာမှာ အနားယူပါ။
နောက်တစ်ခု အဆင့်ဖြစ်တဲ့ ပြင်းထန်အပူရှပ်ခြင်းဖြစ်လာပြီဆိုရင် အရေးပေါ်ကုသရတော့မယ်။ အဲဒီအတွက် အနီးစပ်ဆုံး ဆေးရုံဆေးခန်းကို သွားဖို့လိုတယ်။ မသွားခင်မှာ ရှေးဦးသူနာပြုစုနည်းနဲ့ပြုစုထားရမယ်။ အဖျား သိပ်ကြီးမယ်ဆိုရင် ခန္ဓာကိုယ်ကို ရေစိုအဝတ်တွေနဲ့ပတ်ပြီး ယပ်တောင်ရှိရင် ယပ်တောင်နဲ့ခပ်ပေါ့။ အဲဒါမှအပူက အဲဒီရေစိုအဝတ်ကအပူက ယပ်တောင်ကနေတစ်ဆင့်ပြန်ပါသွားမယ်။ အဲဒါမှမဟုတ်ရင် ပန်ကာဖွင့်ပေးမယ်။ Air fun တွေ အဲယားကွန်းတွေ ရှိရင်ဖွင့်ပေးမယ်ပေါ့။ အဲဒီလိုအချိန်မှာဆိုရင် အရေးကြီး လာပြီ။ ဆေးရုံကိုပို့မယ်။ လူနာက သွေးပေါင်ချိန်ကျတဲ့အတွက်ကြောင့်မို့ အောက်ပိုင်းကို အပေါ်ကိုမြှင့်ထားမယ်။ အဲဒါမှ heat stoke ရပြီဆိုရင် လူနာကို ဆေးရုံကိုချက်ချင်းပို့ရမှာဖြစ်ပါတယ်။ မပို့ရင် အသက်ဆုံးရှုံးမှာပဲဖြစ်ပါ တယ်။ အဲဒါတွေကတော့ ဖြစ်လာတဲ့အခါတွေမှာ လုပ်ဆောင်ရမယ့်အရာတွေပဲဖြစ်ပါတယ်။
နောက်တစ်ခုက သိပ်အပူပြင်းတဲ့အခါမှာ ဦးနှောက်တို့ ဂျိုင်းတို့ ပေါင်ခြံတို့ကို အဝတ်ကိုရေစိုစေပြီး အုပ်ထား ပေးလို့ရတယ်၊ အပူလျှော့ပေးတာပေါ့နော်။ အဲလိုမဖြစ်အောင် ဘယ်လိုလုပ်ရမလဲပေါ့နော်။ ကျန်းမာရေးဝန်ကြီးဌာနကလည်း လက်ကမ်းစာစောင်တွေ၊ TV တွေ စာစောင်တွေမှာရော၊ သတင်းစာတွေ၊ ရေဒီယိုတွေ စတဲ့ မီဒီယာပေါင်းစုံကနေ ပြည်သူလုထုကို သတိပြုရမယ့်။ အပူဒဏ်အန္တရာယ်များဆိုပြီး အဲဒီအထဲမှာအကုန်ပါပါတယ်။ ကျမတို့ အဲဒါကြောင့်မို့လို့ မနက် ၁ဝ နာရီကနေ ညနေ ၄ နာရီအတွင်းမှာ နေနဲ့တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကျဉ်ရမယ်။ အတတ်နိုင်ဆုံးအပြင်ကို မထွက်နဲ့ပေါ့နော်။ တကယ်လို့ မဖြစ်မနေသွားရလာရမယ်ဆိုရင်လည်း ဦးထုပ်၊ နေကာမျက်မှန်၊ ထီးဆောင်းပြီးသွားရမယ်။
နောက်တစ်ခါ အမည်းရောင်က အပူကိုစုပ်တဲ့အတွက်ကြောင့် ဖြစ်နိုင်ရင် အမည်းရောင်ကို ရှောင်မယ်ပေါ့။ ချည် ထည်တွေ၊ အရောင်ဖျော့ဖျော့နဲ့ခပ်ပွပွနဲ့ပေါ့ပေါ့ ပါးပါးအဝတ်အစားတွေဝတ်မယ်။ နောက်ပြီးတော့ ရေများများ သောက်ပေးရမယ်။ ရေဆာမှမဟုတ်ဘူး၊ ပူပြင်းတဲ့အချိန်မှာ ရေကိုခဏခဏသောက်ပေးရမယ်။ ရေခဲရေတွေ ဘာတွေ သောက်လို့ရှိရင်တော့ သူကအေးသွားတဲ့အတွက်ကြောင့်မို့ အရေပြားကသွေးကြောတွေ ကျုံ့ပြီး အပူကအပြင်ကို ပြန်မထွက်နိုင်တော့ဘူး။ အဲဒီအတွက် ရေခဲရေသောက်တာတော့ အတတ်နိုင်ဆုံးရှောင်ပေး မယ်။ အပြင်နေပူထဲက ပြန်လာပြီးတော့ ရေချိုးတာ၊ ခေါင်းကိုလောင်းပြီးရေချိုးတာမလုပ်ရဘူး။
သက်ကြီးရွယ်အိုတွေအနေနဲ့ကတော့ အသက် ၆၅ အထက်တွေဆိုရင် ဖြစ်နိုင်ရင်တော့ မနက် ၁ဝ နာရီကနေ ညနေ ၄ နာရီအပြင်ထွက်တာကိုရှောင်မယ်။ အဲဒီအချိန်အတွင်းရေချိုးတာကိုရှောင်မယ်။ အေးတဲ့နေရာမှာနေပြီး ချည်ထည်ပွပွချောင်ချောင်ချိချိရှိတဲ့ အဝတ်အစားတွေဝတ်မယ်။ ရေများများသောက်မယ်။ ဆီးချို၊ သွေးတိုးရှိမယ်ဆိုလည်း သွေးပေါင်ချိန်တွေ ဆီးချိုတွေကို သေချာထိန်းမယ်။ သောက်လက်စဆေးတွေရှိရင် လည်း ဆရာဝန်နဲ့သေချာတိုင်ပင်မယ်။ အရည်များများပါတဲ့ အသီးအရွက်တွေ ကျွေးရပါမယ်။
ကလေးသူငယ်တွေကျတော့ အခုအချိန်က ကျောင်းကလည်းပိတ်ထားတော့ ပြေးလွှားဆော့ကစားနေတာပေါ့။ အဲဒါကို အခုလိုအပူရှိန်ပြင်းတဲ့အချိန်မှာ မိဘတွေအနေနဲ့ မကစားခိုင်းဖို့ပေါ့။ အဲဒီအစား အိမ်ထဲမှာ ဒါမှမဟုတ် အရိပ်ကောင်းကောင်းရတဲ့နေရာမှာ ဆော့ကစားစေပြီး ချည်ထည်တွေ သက်တောင့်သက်သာရှိတဲ့အဝတ်အစားတွေပေးဝတ်မယ်ပေါ့။
နောက်ဆုံးတစ်ခုအနေနဲ့ကတော့ အရက်ကိုရှောင်ကျဉ်ရပါမယ်။ အစားအသောက်တွေဆိုရင်လည်း အပူရှိန်ပြင်းတဲ့အခါကျတော့ အသီးအရွက်တွေ ပုပ်လွယ်တယ်။ ပုပ်တော့ယင်တွေနားမယ်။ ယင်နားစာစားမိရင် ဝမ်းပျက်ဝမ်းလျောတွေဖြစ်တတ်ပါတယ်။ နောက်ပြီး Read Make (အသင့်သုံး)လုပ်ထားတဲ့အချိုရည်တွေ၊ အပူထဲက ပြန်လာပြီး ချက်ချင်းရေခဲရေတွေ သောက်ချတာမျိုးကိုလည်း ရှောင်ကျဉ်ရပါမယ်။