မောင်ကျော်စွာ
(၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၂ ရက်)
ဒီတစ်ပတ်မှာတော့ “အမွေအနှစ်” အကြောင်းကို ရေးပါရစေ။
အမွေနဲ့ အနှစ် ဆိုတဲ့ စကားလုံးနှစ်ခုကို စုပေါင်းထားတဲ့ စကားလုံးဖြစ်ပါတယ်။ တစ်လုံးစီမှာလည်း သီးခြားစီ အဓိပ္ပာယ် ရှိနေတာကို မြန်မာအဘိဓာန်ထဲမှာ တွေ့ရပါတယ်။ အဘိဓာန်ကပေးထားတဲ့ အဓိပ္ပာယ်တွေက ဒီလိုပါ။
အမွေ၊ န – ၁။ မိဘ၊ ဘိုးဘွား စသည်ထံမှ ဆက်ခံရရှိသော ပစ္စည်းဥစ္စာ၊ ၂။ [ဥပစာ] ဆက်ခံရရှိသော ပညာရောဂါ စသည်။ — တဲ့။
အနှစ်၊ န- ၁။ ပင်စည်အတွင်းရှိ မာကျောသည့် အသား။ ၂။ ကြက်ဥ၊ ဘဲဥ စသည်၏ အကာရည်အတွင်း၌တည်နေသောအရာ။ ၃။ သေးငယ်သော အဖတ်များနှင့်ရောနေသည့် အရည်ပျစ်။ — တဲ့။
အမွေအနှစ်၊ န – ရွှေငွေဥစ္စာ စသည့် အမွေ။ — တဲ့။
အဘိဓာန်မှာ ဖော်ပြထားတဲ့ အဓိပ္ပာယ်တွေက ကျနော်ပြောချင်၊ ကျနော်ရေးချင်တဲ့ အကြောင်းအရာတော့ မဟုတ်ပါ ဘူး။ ကျယ်ပြန့်လွှမ်းခြုံနိုင်တဲ့သဘော မပါသလိုဖြစ်နေပါတယ်။ ဒါပေမယ့် အဘိဓာန်က ဖော်ပြထားတဲ့ အဓိပ္ပာယ်တွေကနေ အမွေအနှစ်နဲ့ ပတ်သက်ပြီး ယေဘုယျသဘော ခြုံငုံရယူနိုင်တဲ့ အဓိပ္ပာယ်ကတော့ “ဘိုးဘွားမိဘများထံကနေ ဆက်ခံရရှိတဲ့ အရာဖြစ်တယ်။ အဲဒီအထဲမှာ ပညာ၊ အဖိုးတန်တဲ့ ရုပ်ဝတ္တုပစ္စည်း တစုံတရာနဲ့ ရောဂါ ဆိုတာတွေ ပါဝင်တယ်” ဆိုတဲ့သဘော ဖြစ်ပါလိမ့်မယ်။
အမွေအနှစ်နဲ့ပတ်သက်ပြီး ကိန်းဘရစ် အဂင်္လိပ်အဘိဓာန်ကတော့ အခုလို အနက်ပေးပါတယ်။
[Heritage – features belonging to the culture of a particular society, such as traditions, languages or buildings, which still exist from the past and which have a historical importance.]
ဒီဖွင့်ဆိုချက်မှာတော့ ပိုပြီး ကျယ်ပြန့်လာတာ တွေ့ရပါတယ်။ လူ့အဖွဲ့အစည်းတစ်ရပ်မှာ အတိတ်ကနေ မျက်မှောက် ကာလတိုင် တည်ရှိနေတဲ့ သမိုင်းဆိုင်ရာအရေးကြီးတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ၊ ဘာသာစကား၊ အဆောက်အအုံတွေ ပါဝင် နေတာ တွေ့ရပါတယ်။
အားလုံးကို လွှမ်းခြုံပြီး ယေဘုယျပြုကြည့်မယ်ဆိုရင် အမွေအနှစ်ဆိုတာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုထဲမှာ ရှေးအစဉ်အဆက် တည်ရှိလာတဲ့ လူ့အဖွဲ့အစည်းရဲ့ အခြေခံယူနစ်ဖြစ်တဲ့ မိသားစုတစ်စုကနေ လူသား လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဆက်ခံရရှိမှု အားလုံး ပါဝင်နေတာကို တွေ့ရပါလိမ့်မယ်။
အမွေအနှစ်ကို ဆက်ခံမှုနဲ့ပတ်သက်ပြီး ယေဘုယျအားဖြင့် နှစ်ပိုင်းပြန်ခွဲလို့ရပါတယ်။ တစ်ခုက ဇီဝဗေဒဆိုင်ရာဆက်ခံ မှုနဲ့ လူမှုဆိုင်ရာ စုစည်းမှုဆိုပြီးဖြစ်ပါလိမ့်မယ်။ ဇီဝဗေဒဆိုင်ရာ ဆက်ခံမှုကတော့ ရုပ်ရည်သွင်ပြင်၊ အသားအရောင်နဲ့ ရောဂါတို့ပဲ ဖြစ်ပါတယ်။ လူမှုဆိုင်ရာ စုစည်းမှုကတော့ ဘာသာစကားနဲ့ အခြားအသိပညာ၊ အတတ်ပညာတွေ ပါဝင်ပါလိမ့်မယ်။ အာဖရိကန် ကလေးငယ်တစ်ယောက်ကို တရုတ်မိသားစုထဲကိုထည့်လိုက်ပါ။ ဒီကလေးဟာ လူမည်းတစ်ယောက်အဖြစ် ကြီးပြင်းလာပြီး တရုတ်စကားကို ပြောနေပါလိမ့်မယ်။ သူ့အသားအရောင်ဟာ ဇီဝဗေဒဆိုင်ရာ ဆက်ခံမှုဖြစ်ပြီး သူပြောနေတဲ့ ဘာသာစကား ကတော့ လူမှုဆိုင်ရာ စုစည်းမှုဖြစ်ပါတယ်။
နောက်တဆင့် တိုးမြင်နိုင်တာက ဇီဝဗေဒဆိုင်ရာ ဆက်ခံမှုတွေဟာ လူမှုဆိုင်ရာစုစည်းမှုနဲ့ မတူတဲ့အချက်ပါ။ ဇီဝဗေဒ ဆိုင်ရာ ဆက်ခံမှုကို ငြင်းပယ်လို့ မရတဲ့အချက်ပါ။ သူ့အသားအရောင်နဲ့ သူ့သွင်ပြင်ကို ပြောင်းလဲပစ်လို့ မရနိုင်ပါဘူး။ လူမှုစုစည်း မှုဖြစ်တဲ့ ဘာသာစကားတို့၊ ဘာသာရေး ယုံကြည်ကိုးကွယ်မှုတို့ကိုတော့ သူ့ဆန္ဒနဲ့အညီတစ်ခုကနေ အခြားတစ်ခုသို့ ပြောင်းလဲခံ ယူနိုင်ပါလိမ့်မယ်။
အမွေအနှစ်နဲ့ပတ်သက်ပြီး ဒီကနေ ကျယ်ကျယ်ပြန့်ပြန့် ပြောလာနေတာကတော့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အမွေ အနှစ်နဲ့၊ လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ ဒြပ်ရှိနဲ့ ဒြပ်မဲ့ဆိုတဲ့ ခွဲခြားပြောဆိုမှုပါပဲ။ ဒြပ်ရှိအမွေအနှစ်ဆိုတာကတော့ ဒဂင်္ါးပြားတို့ နံရံဆေးရေး၊ ပန်းချီကား၊ တူရိယာပစ္စည်းတို့ကနေ နန်းတော်၊ ဂူ၊ စေတီ၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အဆောက်အအုံတွေအထိ ပါဝင်ပါတယ်။ ဒြပ်မဲ့ အမွေအနှစ်ထဲမှာတော့ သီဆိုကဟန်ကြ သီဟကဟန်တွေ၊ အဝတ်အစားအဆင်ဒီဇိုင်း အပျောက်အမွမ်း ဆင်ယင်ခြယ်သဟန် စတဲ့ အရောင်တွေ၊ ရနံ့တွေ ပါဝင်ပါလိမ့်မယ်။
တကယ်တော့ အမွေအနှစ်ဆိုတာ ပထဝီဒေသအရ၊ သမိုင်းဖြစ်ပေါ်တိုးတက်မှုအရ မတူညီတဲ့ လူ့အဖွဲ့အစည်းအသီးသီး အဆင့်ဆင့် တိုးတက်ဖြစ်ထွန်းလာပုံ သမိုင်းကြောင်းကို ကိုယ်ပိုင်ဝိသေသလက္ခဏာတွေနဲ့ ဖော်ပြနေတဲ့ အကြောင်းအချင်းအ ရာတွေပဲ မဟုတ်ပါလား။
ဒီလိုပြောလိုက်လို့ လူ့အဖွဲ့အစည်းအသီးသီးရဲ့ ဖြစ်ထွန်းတိုးတက်မှုဟာ တစ်ပြေးညီ တိုးတက်လာတော့ မဟုတ်ပါဘူး။ ထို့အတူ တိမ်ကောပပျောက်သွားတဲ့ ယဉ်ကျေးမှုတွေလည်း အများကြီးရှိခဲ့တယ် မဟုတ်ပါလား။ မာယာလူမျိုးတွေ၊ ပျူလူမျိုးတွေ ဘယ်လိုတိမ်ကော ပပျောက်သွားသလဲဆိုတာ အခုထိ ပဟေဠိဖြစ်နေဆဲ မဟုတ်ပါလား။ အဖြေရှာနေကြဆဲ မဟုတ်ပါလား။ ဒါ့ အပြင် ဆက်ခံတိုးချဲ့ သင့်တဲ့၊ ကောင်းတဲ့ အမွေအနှစ်ရှိသလို၊ မဆက်ခံသင့်တဲ့ အမွေအနှစ်တွေလည်း လူ့အဖွဲ့အစည်းတိုင်းမှာ ရှိပါတယ်။
ဒါကြောင့် လူမျိုးတိုင်းရဲ့ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို တိတိကျကျ ဖော်ထုတ် စုစည်းရပါလိမ့်မယ်။ ပြီးတော့ ဆက်ခံတိုးချဲ့သင့်တဲ့ အမွေအနှစ်လား၊ ပြတိုက်ထဲမှာထားပြီး အတွေ့အကြုံနဲ့ သင်ခန်းစာအဖြစ် ထားရှိရမယ့် အမွေ အနှစ်လားဆိုပြီး ခွဲခြားဖို့လိုပါတယ်။ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဆိုတိုင်း အစစ်အဆေးမရှိ အားလုံးလက်ခံမယ် (သို့ မဟုတ်) အားလုံးဆန့်ကျင်မယ်ဆိုတဲ့ ဆိုတဲ့ သဘောထားနဲ့လုပ်ရပ်ဟာ မှန်ကန်ပြီး ကြောင်းကျိုးဆီလျော်တဲ့ သဘောထားနဲ့ လုပ်ရပ် မဟုတ်ပါဘူး။
အကြင် သမိုင်းအမွေအနှစ်တစ်ရပ်ဟာ မျက်မှောက်တည်ရှိနေတဲ့ ခေတ်ကာလ၊ ပြည်သူများရဲ့ အပြန်အလှန် သိနား လည်ရေး၊ ချစ်ကြည်သွေးစည်းရေးနဲ့ အတူတကွ တိုးတက်ဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ ဟာမိုနီဖြစ်ရေး စတဲ့ လိုအပ် ချက်တွေနဲ့ ကိုက်ညီ ဆီလျော်မယ်။ အများပြည်သူရဲ့ ကျန်းမာရေး၊ ပညာရေးတွေနဲ့ ကိုက်ညီဆီလျော်မယ်ဆိုရင် ဒါဟာ ဆက်ခံ တိုးချဲ့ ဖွံ့ဖြိုးစေသင့်တဲ့ အမွေအနှစ်လို့ ဆိုရပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ သမိုင်းပြတိုက်ထဲမှာ စနစ်တကျ မှတ်တမ်း တင်ပြီး သိမ်းဆည်းထားရှိရပါလိမ့်မယ်။ ဥပမာ – ယခုအခါ တိမ်ကောနေပြီဖြစ်တဲ့ ခေါင်းဖြတ်ယစ်ပူဇော်တဲ့ဓလေ့၊ လည်ပင်း ကြေးကွင်းစွပ်ဓလေ့၊ မျက်နှာဆေး မင်ကြောင်ထိုးတဲ့ (ပါးရဲထိုး)ဓလေ့၊ ပဒေသရာဇ်ဘုရင်များရဲ့ နိုင်ထက်စီးနင်းပြုကျင့်မှု သမိုင်း မှတ်တမ်းတွေ စတာတွေဟာ ဆက်ခံတိုးချဲ့သင့်တဲ့ အမွေအနှစ်တွေတော့ လုံးဝ မဟုတ်တော့ပါ။