Home သတင်း ကရင်ပြည်နယ်တွင် ပထမဆုံးဖြစ်လာမည့် မီးပုံးပျံစီးနင်းခရီးစဉ်ဝန်‌ဆောင်မှုအတွက် အကြိုစမ်းသပ်ပျံသန်းမှုပြုလုပ်

ကရင်ပြည်နယ်တွင် ပထမဆုံးဖြစ်လာမည့် မီးပုံးပျံစီးနင်းခရီးစဉ်ဝန်‌ဆောင်မှုအတွက် အကြိုစမ်းသပ်ပျံသန်းမှုပြုလုပ်

2874

မတ်လ ၂၅ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၏ အလှအပများကို ခရီးသွားဧည့်သည်များ မီးပုံးပျံစီးနင်းပြီး ကြည့်ရှုခံစားနိုင်သည့်အခွင့်အ‌ရေး တစ်ခုဖြစ်လာမည့် Oriental Ballooning Myanmar ခရီးစဉ်အတွက် အ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်‌နေ သည့် Myanmar Ballooning Co-Ltd မှ အကြိုစမ်းသပ်ပျံသန်းမှုများကို ဖားအံမြို့တွင် စတင်လုပ်‌ဆောင် ‌နေပြီဖြစ်သည်။

ပြည်နယ်ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်‌စေ‌ရေးအတွက် အ‌ထောက်အကူတစ်ခုဖြစ်လာနိုင်မည့် အဆိုပါ ခရီးစဉ်အတွက် စမ်းသပ်ပျံသန်းမှုများကို Myanmar Ballooning Co-Ltdက မတ်လ ၂ဝ ရက်‌နေ့မှ စတင်ကာ ယ‌နေ့ (မတ်လ ၂၅ ရက်)အထိ ဖားအံမြို့ သီရိကွင်းတွင် စမ်းသပ်လုပ်‌ဆောင်‌နေခြင်းလည်းဖြစ်သည်။

မီးပုံးပျံ ပျံသန်း‌ရေးခရီးစဉ် ဦး‌ဆောင်သူ Myanmar Ballooning Co-Ltd မှ မန်‌နေဂျာ ကိုဇာနည်က “ အဓိက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ခရီးသွားလုပ်ငန်းရဲ့ Activity တစ်ခုအဖြစ် ကျ‌နော်တို့ပါဝင်တာ‌ပေါ့။ နိုင်ငံခြားသား‌တွေ ဖားအံကိုလာလည်ရင် လုပ်စရာတစ်ခုတိုးလာတာ‌ပေါ့။ အဲဒီအတွက် နိုင်ငံခြားဝင်‌ငွေလည်း ပိုရလာမှာဖြစ်တယ်။ အခုစမ်းသပ်ပျံသန်းမှုအတွက်လည်း ကရင်ပြည်နယ်အစိုးရက အများကြီးကူညီမှု‌တွေ‌ပေး ပါတယ် ” ဟု‌ပြောသည်။

မီးပုံးပျံ ခရီးစဉ်စမ်းသပ်ပျံသန်းခြင်းကို ‌လေ‌ကြောင်းဆိုင်ရာ အမှတ်အသားများ၊ ပျံသန်း‌ရေး လမ်း‌ကြောင်းများ၊ ‌မြေပြင်ဆင်းသက်ကွင်း‌နေရာများ မှတ်သားခြင်း၊ ရာသီဥတုဆိုင်ရာ အချက်အလက်များတိုင်းတာ တွက်ချက် မှတ်တမ်းပြုစုခြင်းများဖြင့် မနက်ပိုင်းအချိန်များတွင် ‌လေ့လာစမ်းသပ်မှုများပျံသန်း ပြုလုပ်‌နေခြင်း ဖြစ်သည်။

Myanmar Ballooning Co-Ltd အ‌နေဖြင့် ပုဂံ၊ အင်း‌လေး၊ ငပလီနှင့် မန္တ‌လေးစသည့် မြို့များတွင် မီးပုံးပျံခရီး စဉ်ပျံသန်းဝန်‌ဆောင်မှုများ‌ပေး‌နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခု ကရင်ပြည်နယ်တွင် လုပ်ငန်းတိုးချဲ့နိုင်‌ရေး အတွက် ပဏာမအ‌နေဖြင့် ကွင်းဆင်းကာအကြိုစမ်းသပ်ပျံသန်းမှုများပြုလုပ်ခြင်းဖြစ်သည်ဟုလည်း သိရသည်။

မီးပုံးပျံစီးနင်းပြီး သဘာဝအလှအပများကို ခံစားနိုင်သည့် ခရီးသွားဝန်‌ဆောင်မှုများမှာ ယခင်က ကရင်ပြည်နယ် တွင် မရှိခဲ့ဘူးသည့်ခရီးသွားလုပ်ငန်းအစီအစဉ်တစ်ခုဖြစ်သည်။