Home သတင်း ၂၀၁၉ ခုနှစ် နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်ဆု ကရင်အမျိုးသမီးခေါင်းဆောင် ရရှိ

၂၀၁၉ ခုနှစ် နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်ဆု ကရင်အမျိုးသမီးခေါင်းဆောင် ရရှိ

1022

မတ်လ ၇ ရက်၊ ၂၀၁၉ ခုနှစ်။ ကေအိုင်စီ

၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်ဆု (International Women of Courage Award – IWOC) ကို ကရင်အမျိုးသမီးအစည်းအရုံး-KWO ၏ အထွေထွေအတွင်းရေးမှူး နော်ကညောဖောအား ယခုနှစ် အတွက် ဆုရရှိသူ နိုင်ငံတကာ အမျိုးသမီး ၁၀ ဦးအနက် တစ်ဦးအပါအဝင်အဖြစ် ဂုဏ်ပြုချီးမြှင့်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးက သတင်းထုတ်ပြန်ထားသည်။

မတ်လ ၇ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့တော်ရှိ အမေရိကန် နိုင်ငံခြားရေးရုံးတွင် ပေးအပ် ချီးမြှင့်သွားမှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွမ်ပီယို(Michael R.Pompeo)က ကြီးမှူးကျင်းပမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၏ ၀က်ဘ်ဆိုဒ် စာမျက်နှာ သတင်းထုတ်ချက်တွင် ဖော်ပြထားသည်။

ယခုနှစ်ပေးအပ်သည့် ဆုသည် ၁၃ နှစ်မြောက် ပေးအပ်ခြင်းဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဌာန အနေဖြင့် IWOC Award ကို ကမ္ဘာပေါ်ရှိ အမျိုးသမီးများအား ၎င်းတို့၏ ရဲစွမ်းသတ္တိနှင့် ထင်ရှားထူးခြားသည့် လူ့အခွင့်အ ရေး၊ တရားမျှတမှု၊ ကျား/မ တန်းတူညီမျှရေးနှင့် ငြိမ်းချမ်းရေးအတွက် ဦးဆောင်ထောက်ခံအားပေးမှု၊ အမျိုး သမီးများဘဝမြှင့်တင်ရေး ကိစ္စများနှင့် ပတ်သတ်ပြီး ၎င်းတို့၏ပုဂ္ဂိုလ်ရေး စွန့်စားမှုများနှင့် အနစ်နာခံမှုများ အပေါ် အသိအမှတ်ပြု ဂုဏ်ပြုနေခြင်း ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ယခုလိုဆုချီးမြှင့်ခြင်းအပေါ် နော်ကညောဖောက “ အခု ဆုပေးချီးမြှင့်ခံရတာ ကျမတစ်ယောက်တည်းရဲ့ လုပ် ဆောင်မှုကြောင့်မဟုတ်ပါဘူး။ ကျမတို့ ကရင်အမျိုးသမီးအစည်းအရုံး တစ်ဖွဲ့လုံးရဲ့ လုပ်ဆောင်မှုကြောင့်ပါ။ အစတုန်းက ကျမတို့အဖွဲ့အစည်းအနေနဲ့ ချီးမြှင့်ဖို့ပြောဆိုခဲ့ပေမဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဆုပေးအပ်မှု စည်းမျဉ်းစည်းကမ်းအရ လူပုဂ္ဂိုလ် တစ်ဦးဦးကို အဆိုပြုလိုက်ရ တာဖြစ်ပါတယ်။ ဘာဘဲဖြစ်ဖြစ် ကျမတို့ KWO အနေနဲ့ စုပေါင်းခေါင်းဆောင်မှုကို တန်ဖိုးထားတဲ့အဖွဲ့ဖြစ်တဲ့အတွက် အခုရရှိတဲ့ဆုဟာ ကျမတို့အဖွဲ့က ဦးစီးဦး ဆောင် ပြုနေသူအားလုံးနဲ့ လုပ်ဖော်ကိုင်ဖက်အားလုံးကို ကိုယ်စားပြုပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၏ ၀က်ဘ်ဆိုဒ် စာမျက်နှာတွင် ဖော်ပြထားသည့် နော်ကညောဖော၏ အထ္ထုပတ္တိထဲတွင် သူမသည် ၂၀၁၇ ခုနှစ်က မြန်မာအစိုးရတပ်မှ ဦးဆောင်ပြီး ရိုဟင်ဂျာ(သူတို့အခေါ်) လူမျိုး များအား အင်အားသုံးခြေမှုန်းမှုများအပေါ် သူမ၏ ဦးဆောင်မှုဖြင့် KWOသည် လူသိရှင်ကြား ရဲရဲရင့်ရင့် ရှုတ်ချခဲ့ သည်ဟု ဖေါ်ပြထားသည်။

အဆိုပါဆုကို ၂၀၀၇ ခုနှစ်မှစ၍ အမေရိကန် နိုင်ငံခြားရေးဌာန အနေဖြင့် မတူညီသည့် နိုင်ငံပေါင်း ၆၅ နိုင်ငံမှ အမျိုးသမီး ၁၂၀ ကျော်ကို နှစ်စဉ် ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်သည်။ နိုင်ငံတလွှား အမေရိကန် သံရုံးများမှ သက်ဆိုင် ရာ အိမ်ရှင်နိုင်ငံများထဲမှ အမျိုးသမီးတစ်ဦးအား အဆိုပြုကာ နောက်ဆုံးအဆင့်အနေဖြင့် အကြီးတန်း ဌာနမှ တာဝန်ရှိသူများက ရွေးချယ်အတည်ပြုပြီးပေးအပ်ခြင်းဖြစ်သည်။

ယင်း IWOC ဆုကို မြန်မာနိုင်ငံမှ ကျား၊ မတန်းတူညီမျှရေး၊ ဒီမိုကရေစီရေးနှင့် နိုင်ငံရေးအကျဉ်း သားဟောင်း များအရေး လုပ်ဆောင်သူ အမျိုးသမီး နှစ်ဦးအား ၂၀၁၂ခုနှစ်နှင့် ၂၀၁၅ခုနှစ်များတွင် အသီးသီး လက်ခံရရှိခဲ့ကြ သည်။

KWO -ကရင်အမျိုးသမီးအစည်းအရုံးအနေဖြင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင်လည်း အမေရိကန်သံရုံးမှပေး အပ်သည့် Women of Change Award အား မတ်လ ၂၂ ရက်နေ့တွင် လက်ခံရရှိခဲ့သည်။