Home သတင်း ဖားအံမြို့ မဟာသင်္ကြန်ပွဲတော်တွင် သံချပ်ထိုး ပြိုင်ပွဲ ထည့်သွင်းကျင်းပမည်

ဖားအံမြို့ မဟာသင်္ကြန်ပွဲတော်တွင် သံချပ်ထိုး ပြိုင်ပွဲ ထည့်သွင်းကျင်းပမည်

454

မတ်လ ၈ရက်၊ ၂၀၁၉ခုနှစ်။ နန့်ဖောင်မွီးရှာ

ကရင်ပြည်နယ်၊ ဖားအံမြို့၏ မဟာသင်္ကြန်ပွဲတော်တွင် ဆယ်စုနှစ်သုံးခုကြာ ပျောက်ဆုံးနေသည့် သံချပ်ကို ပြိုင် ပွဲတစ်ခုအနေဖြင့် ထည့်သွင်းကျင်းပသွားမည်ဟု ပြည်နယ်အစိုးရ အဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ယနေ့(မတ် ၈ရက်) ကေအိုင်စီသို့ ပြောသည်။
ယခင်နှစ်( မြန်မာသက္ကရာဇ် ၁၃၇၉ခုနှစ်) ဖားအံသင်္ကြန်ပွဲတော်တွင် သံချပ်ကို သရုပ်ပြ ဖျော်ဖြေခြင်း ပုံစံ တစ်ခုအနေဖြင့်သာ ထည့်သွင်း ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် ပထမဆုံးအကြိမ် ပြိုင်ပွဲတစ်ခုအနေဖြင့် ထည့်သွင်းကျင်းပရန် စီစဉ်ထားခြင်းလည်း ဖြစ်သည်။
ဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက“ ဒီနှစ်ကတော့ သံချပ်ပြိုင်ပွဲလေးက အစ လုပ်ပေးဖို့ စီစဉ်ထားတယ်။ သံချပ်ကတော့ ပျောက်ကွယ်သွားတာ ဆယ်စုနှစ် သုံးခုလောက် ပျောက်ကွယ်သွားတော့ မနှစ်ကမှ ပြန်စရတယ်။ ဒီနှစ်မှာတော့ ပိုပြီးတော့ စည်စည်ကားကားဖြစ်အောင် သံချပ်ပြိုင်ပွဲလည်း ထည့်လုပ်မယ်ပေါ့” ဟု ပြောသည်။
အဆိုပါ ဖားအံမြို့ အတာသင်္ကြန်ပွဲတော်တွင် ထည့်သွင်းပြုလုပ်မည့် သံချပ်ပြိုင်ပွဲကို အစိုးရမှ ခွင့်ပြုထားပြီ ဖြစ်သော်လည်း ပြိုင်ပွဲဝင်မည့် အဖွဲ့ မရှိပါက ယခင်နှစ်က ပြုလုပ်ခဲ့သည့်အတိုင်း သရုပ်ပြဖျော်ဖြေခြင်းသာ ပြုလုပ်သွားရမည်ဟု ဦးတေဇထွဋ်လှိုင်ထွေးက ဆက်လက်ပြောကြားသည်။
ယခုနှစ် ဖားအံမြို့ အတာသင်္ကြန် ဗဟိုမဏ္ဍပ်ကို ကမ်းနားလမ်း သရဖီလမ်းထိပ်တွင် ပြုလုပ်မည်ဖြစ်ပြီး သက် ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် စိတ်ပါဝင်စားသော ယိမ်းအဖွဲ့များ၊ တပင်တိုင်များ၊ သံချပ်အဖွဲ့များ ကိုလည်း ဖိတ်ခေါ်ထားပြီး ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
ပြည်နယ်၏ မြို့တော် ဖြစ်သော ဖားအံမြို့ မဟာသင်္ကြန်ပွဲတော်ကို သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူး၊ ကြီးကြပ် ရေး ကော်မတီများဖြင့် ဖွဲ့စည်းထားပြီး ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်လည်း ဖြစ်သည်။