ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၁၉ခုနှစ်။ စအိုင်ဆူး
မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတိုင်း၊ ပန်းတနော်၊ ဝါးခယ်မ၊ မအူပင်၊ ညောင်တုန်း စသည့် မြို့နယ်များတွင် ကရင် နှစ် ၂၇၅၈ ခုနှစ်အတွက် တပို့တွဲ(သလေးထိုင်ခုတ်ဖို)လဆန်း ၁ ရက်(ယနေ့)၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျ ရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို အစဉ်အလာမပျက် ပြုလုပ်ကျင်းပခဲ့ကြသည်။
ပြာသိုလဆန်း ၁ ရက်နေ့ကို ကရင်အမျိုးသားနှစ်သစ်ကူးနေ့အဖြစ် မြန်မာနိုင်ငံတဝှမ်းလုံးအပြင် ပြည်ပတို့တွင် အကျယ်တဝင့် သတ်မှတ်ကျင်းပကြသော်လည်း ယခင်ကရင်ဘိုးဘွားများ၏ စကြာဝဠာတည်ရှိပုံ၊ ရာသီပန်းမန်၊ အသက်မွေးမှုဘဝနှင့်ရိုးရာဓလေ့အပေါ် အခြေခံ၍ တွက်ချက်ထားသည့် ကရင့်ရိုးရာပြက္ခဒိန်ယူဆချက်အပေါ် အခြေခံ၍ ယခုလိုနေ့မျိုးတွင် ကျင်းပရခြင်းဖြစ်သည်ဟု နှစ်သစ်ကူးဦးဆောင်ကျင်းပသူများက ကေအိုင်စီသို့ ပြောသည်။
ပန်းတနော်မြို့နယ် တပို့တွဲလ နှစ်သစ်ကူးကို ဦးဆောင်ကျင်းပသူ မန်းထိန်ဝင်းစိန်က “ကျနော်တို့ ကရင်အမျိုး သားနှစ်ကူးနေ့ကို ကရင်ရိုးရာဓလေ့ ကရင့်နှစ်၊ လ၊ ရက်တွေ ကရင့်အသက်မွေးမှု ဘဝအကုန်လုံးအပေါ် အခြေ ခံပြီး ကရင့်ပြက္ခဒိန်ကို ကျနော်တို့ ကရင်ခေါင်းဆောင်တွေက သတ်မှတ်ထားပြီးသား။ ကရင့်ရိုးရာပြက္ခဒိန်ကို ဖာပွန် တောင်ပေါ်ဒေသမှာ သစ်သားနဲ့ပြုလုပ်ထားတာကို တွေ့ရတယ်။ စက္ကူစမပေါ်ခင်ကတည်းက ကရင့်ရိုးရာ ပြက္ခဒိန်ရှိပြီးသား။ ဒီအပေါ်အခြေခံယူဆပြီးတော့မှ ဒီကနေ့အထိ အစဉ်အလာမပျက် ကျင်းပလာခဲ့ခြင်း ဖြစ် တယ်” ဟု ပြောသည်။
ထိုသို့ပြက္ခဒိန်ယူဆချက်အပေါ် အခြေခံ၍ ပြောင်းလဲပြုလုပ်ခဲ့ခြင်းသည် ယခင်ကရင်အမျိုးသား ခေါင်းဆောင် များ၏ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်များကို ချေဖျက်ခြင်းမဟုတ်ဘဲ ကရင်နှစ်သစ်ကူးနေ့အတွက် ကိုယ်တိုင် သုတေသနပြုခဲ့သူ ဆရာမိုးလို၏ ကရင်နှစ်ကူးနေ့အမှန်ကို ရှာဖွေပြင်ဆင်ရန်ဟူသော နှောင်းကရင်များအတွက် မပြီးဆုံးသေးသည့် သမိုင်းအမွေအပေါ် လက်ဆင့်ကမ်းဆောင်ရွက်ခြင်းသာဖြစ်သည်ဟုလည်း မန်းထိန်ဝင်းစိန် က ဆက်ပြောသည်။
ဆရာမိုးလိုရေးသားသည့် (Lives of Great Men-Book II) စာအုပ်ပါ စာမျက်နှာ (၁၉-၂၀)တွင် ကရင့်ရိုးရာ ဓလေ့နှင့် ပြက္ခဒိန်စနစ်အကြံပြုချက်များမပါရှိသော အခြေအနေအရ ရရှိလာည့်အမျိုးသားအခွင့်အရေးအပေါ် လက်လွတ်မခံရရေးအတွက် ပြာသိုလဆန်း (၁)ရက်နေ့ကို ယာယီ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အဖြစ် သတ် မှတ်ပြီး နောင်လာနောက်သားများအနေဖြင့် ကရင့်နှစ်ကူးအမှန်ကို ရှာဖွေပြင်ဆင်ရန်ဟူ၍ ဖော်ပြထားသည်။
ယနေ့ တပို့တွဲလဆန်း ၁ ရက်နေ့အပေါ် အခြေခံပြုလုပ်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ဧရာဝတီတိုင်း ဒေသကြီး ပန်းတနေ်ာ၊ ဝါးခယ်မ၊ ညောင်တုန်း၊ မအူပင် စသည့်မြို့နယ်များတွင် ကျေးရွာများ စုပေါင်း၍ သော် လည်းကောင်း၊ တစ်ရွာချင်းသော်လည်းကောင်း ကျင်းပကြပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာအချို့ တွင် လည်း နှစ်စဉ်ပြုလုပ်ကျင်းပနေကြကာ ပြာသိုလနှင့် တပို့တွဲလဟူ၍ ကွဲလွဲကျင်းပခြင်းအပေါ် ကရင်အမျိုး သား များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ကရင်အမျိုးသားများအကြား ဝေဖန်ပြောဆိုမှုများ ရှိသည်။
ကရင်နှစ်သစ်ကူးနေ့ကို ပြာသို/တပို့တွဲကိစ္စနှင့် ပတ်သက်၍ ၁၉၆၇၊ အောက်တိုဘာလ ၁၂မှ ၁၄ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကိုယ်စားလှယ်ပေါင်း (၂၁၈)ဦး ပါဝင်ဆုံးဖြတ်ခဲ့သော ကရင်ယဉ်ကျေးမှု ဆွေးနွေးပွဲတွင် ကရင်လူမျိုးများ၏ နှစ်၊ လ၊ ရက်များနှင့် မြန်မာ နှစ်၊ လ၊ ရက်များ ပူးတွဲပါရှိသော ပြက္ခဒိန်မှန် တစ်ခုကို သုတေသနပြုဖော်ထုတ်ပြီး နှစ်သစ်ကူးနေ့ကို ပြောင်းလဲရန်လိုအပ်ပါက ပြောင်းလဲ ကျင်းပရန် သ ဘောတူခဲ့ကြသည်ဟုလည်း ဦးဆောင်ကျင်းပသူများက ဆိုသည်။
ယနေ့ ဒေသအသီးသီးတွင် ပြုလုပ်ကျင်းပကြသည့် တပို့တွဲလ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားတွင် ကရင်ရိုးရာချည်ဖြူထုံးဖွဲ့ခြင်း၊ ကရင်ရိုးရာ ဒုံးအက ဖျော်ဖြေမှုများ၊ ရိုးရာအကအလှများကပြခြင်း၊ တေးသီချင်း ဖျော်ဖြေခြင်း ကရင်အမျိုးသားအလံတော်တင်ခြင်း အခမ်းအနားများအပြင် ယခုနှစ်တွင် ရိုးရာလက်ဝှေ့ပြိုင်ပွဲများ ကိုလည်း ထည့်သွင်း ကျင်းပလာခဲ့ကြသည်။
၁၉၅၆ ခုနှစ်မှစ၍ ကရင်အမျိုးသားအစည်းအရုံးပါတီ-KNUP မှ တပို့တွဲလဆန်း ၁ ရက်နေ့ကို ကရင်အမျိုးသား နှစ်သစ်ကူးနေ့အဖြစ်ပြောင်းလဲကျင်းပရန် ထုတ်ပြန်ခဲ့ချိန်မှစ၍ မြစ်ဝကျွန်းပေါ် ဒေသအချို့တွင် စတင်ပြောင်းလဲ ကျင်းပလာခဲ့ကြသည်။ လက်ရှိ နိုင်ငံတဝှမ်း အစိုးရမှ တရားဝင် ရုံးပိတ်ရက်သတ်မှတ်ထားသည့် ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျရောက်သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ၁၉၃၈ ခုနှစ်မှစ၍ ကျင်းပခဲ့ကြသည်။