Home သတင်း ကရင်ပြည်နယ်တွင် ၂ နှစ်အတွင်း နိုင်ငံခြားသား ခရီးသွား ‌လေးသိန်း‌ကျော် ဝင်‌ရောက်

ကရင်ပြည်နယ်တွင် ၂ နှစ်အတွင်း နိုင်ငံခြားသား ခရီးသွား ‌လေးသိန်း‌ကျော် ဝင်‌ရောက်

2399

‌ဖေ‌ဖော်ဝါရီ ၈ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်တွင် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် (၂ နှစ်)အတွင်း အလည်အပတ်လာ‌ရောက်ကြသည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည် လူဦး‌ရေ ‌လေးသိန်းသုံး‌သောင်း(၄၃ဝ,ဝဝဝ)‌ကျော်အထိ ရှိ‌ကြောင်း ပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ ပြုစုထားသည့် စာရင်းများအရ သိရသည်။

နိုင်ငံတကာ ‌လေ‌ကြောင်းလိုင်းများအပြင် တရားဝင်နယ်စပ် ဖြတ်‌ကျော်ဝင်‌ရောက်မှုများဖြင့် လည်ပတ်ခဲ့ကြ သည့် နိုင်ငံခြားသားခရီးသွားဦး‌ရေမှာ ၂၀၁၇ ခုနှစ်တွင် ၂၂၅,၃၁၁ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် ၂၀၇,၈၂၆ ဦးအထိ ကရင်ပြည်နယ်သို့ လာ‌ရောက်လည်ပတ်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

ပြည်နယ်အစိုးရအဖွဲ့ ‌ပြောခွင့်ရပုဂ္ဂိုလ် ဦး‌တေဇထွဋ်လှိုင်‌ထွေးက “ကရင်ပြည်နယ်ဟာ ငြိမ်းချမ်းလာတာနဲ့အမျှ နိုင်ငံခြားဧည့်သည် သာမက နိုင်ငံတကာရင်းနှီးမြှုပ်နှံမယ့်သူ‌တွေလည်း လာတာ‌ပေါ့‌နော်။ မြန်မာနိုင်ငံမှာ ကရင် ပြည်နယ်ဟာ ဖွံ့ဖြိုးမှု အလားအလာအ‌ကောင်းဆုံး ပြည်နယ်တစ်ခုလို့‌တောင် သတ်မှတ်ထားကြတာကိုး။ ‌နောက် ပြီး လည်ပတ်စရာ‌တွေ၊ သဘာဝအရင်းအမြစ်‌တွေများတဲ့အတွက်‌ကြောင့်လည်း ပါတာ‌ပေါ့‌နော်”ဟု ‌ပြောသည်။

မြန်မာအစိုးရနှင့် KNU-ကရင်အမျိုးသားအစည်းအရုံးတို့ အပစ်အခတ်ရပ်စဲခဲ့သည့် ၂၀၁၂ ခုနှစ်‌နောက်ပိုင်းတွင် ကရင်ပြည်နယ်အတွင်း၌ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ဝင်‌ရောက်လည်ပတ်မှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြား လာ‌ကြောင်းလည်း ပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူများက ‌ကေအိုင်စီသို့ ‌ပြောဆိုထားခဲ့သည်။

လက်ရှိအ‌ခြေအ‌နေအရ ကရင်ပြည်နယ်အတွင်းရှိ အချို့‌နေရာများတွင် ကန့်သတ်နယ်‌မြေများ ရှိ‌နေ‌သေးသည့် အတွက် နိုင်ငံခြားသားအများစုမှာ အခြားမြို့နယ်များသို့ လည်ပတ်မှု သိပ်မရှိဘဲ ဖားအံမြို့နယ် အနီးတဝိုက်၊ အထူးသဖြင့် သဘာဝလိုဏ်ဂူများသို့သာ ဝင်‌ရောက်လည်ပတ်မှု အများဆုံးဖြစ်ပြီး မြဝတီနှင့် သံ‌တောင်ကြီး မြို့နယ်များသို့လည်း လည်ပတ်မှုများရှိ‌နေသည်။

ထို့အပြင် ကရင်ပြည်နယ်အတွင်း လာ‌ရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များအနက် ပြင်သစ်နိုင်ငံမှ ပထမ အများဆုံး၊ ဂျာမဏီမှ ဒုတိယ အများဆုံးဖြစ်ကြပြီး နိုင်ငံခြားသားများအ‌နေဖြင့် နှစ်တစ်နှစ်၏ မိုးတွင်း ကာလတွင် ဝင်‌ရောက်မှု အနည်းဆုံးဖြစ်သည်ဟုလည်း သိရသည်။

ကရင်ပြည်နယ်တွင် တိုင်းရင်းသား ရိုးရာဂျပ်ခုတ်လုပ်ငန်းကို ပြန်လည်‌ဖော်‌ရေး ထုတ်လုပ်ကိုင်‌နေသူ ကိုပီတိ က“နိုင်ငံခြားသား‌တွေ လာတဲ့အတွက် ‌ဒေသမှာ စီးပွား‌ရေးဖွံ့ဖြိုးဖို့အတွက် အလားအလာ‌ကောင်းတယ်။ ကရင် ပြည်နယ်အားသာချက်က ကုန်း၊ ‌ရေလမ်း‌ကြောင်း၊ ‌တောင်တက်၊ စက်ဘီးစီး၊ ‌တောခရီးသွားတဲ့ပုံလည်း လုပ်လို့ ရတယ်။ စား‌သောက်ဆိုင်၊ တည်းခိုခန်း၊ သယ်ယူပို့‌ဆောင်‌ရေးအပြင် ကရင်တိုင်းရင်းသား‌တွေရဲ့ အသက်‌မွေး ဝမ်း‌ကျောင်းက‌နေလည်း ဝင်‌ငွေရှာလို့ ရတယ်။ ဥပမာ-ကိုယ့် ‌မြေ၊ လယ်၊ ဥယျာဉ်ခြံကို နိုင်ငံခြားသား‌တွေလာ ‌အောင် ဘယ်လိုလုပ်မလဲ။ အဓိကက‌တော့ စနစ်တကျနဲ့ အခုကတည်းက ကြိုတင် ပြင်ဆင်လုပ်ကိုင်သွားဖို့ပါပဲ ” ဟု ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း နိုင်ငံခြားသားခရီးသွားများ လာ‌ရောက်လည်ပတ်မှုမှာ ပြီးခဲ့သည့် ၂၀၁၃ခုနှစ်တွင် နိုင်ငံခြားသားခရီးသွားဦး‌ရေ ‌လေး‌သောင်း‌ကျော်၊ ၂၀၁၄ ခုနှစ်တွင် ငါး‌သောင်း‌ကျော်၊ ၂၀၁၅ခုနှစ်တွင် ခုနှစ် ‌သောင်း‌ကျော်နှင့် ၂၀၁၆ခုနှစ်တွင် တစ်သိန်းငါး‌သောင်း‌ကျော်အထိရှိခဲ့‌ကြောင်း ပြည်နယ်၊ ဟိုတယ် နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနပြုစုထားသည့် စာရင်းများအရ သိရသည်။