ဇန်နဝါရီလ ၃၁ရက်၊ ၂၀၁၉ခုနှစ်။ နန့်ဖောင်မွီးရှာ
ယနေ့ ဇန်နဝါရီလ ၃၁ရက်နေ့တွင် ကျရောက်သော နှစ် (၇၀)ပြည့် ကရင်တော်လှန်ရေး အခမ်းအနားကို KNU-ကရင်အမျိုးသား အစည်းအရုံး ထိမ်းချုပ်နယ်မြေ၊ တပ်မဟာ (၇) ဗဟိုဌာနချုပ် ၊ ကလို့ယော်လေးနေရာ၌ စည်းကားသိုက်မြိုက် ခမ်းနားစွာ စတင်ကျင်းပနေပြီ ဖြစ်သည်။
ယနေ့ ကျင်းပသည့် ပွဲတွင် KNU-ကရင်အမျိုးသားအစည်းအရုံး ၊ KNLA-ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ DKBA ၊ KNU/KNLA- PC ၊ အခြားတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ နှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် အပါအဝင် စုစုပေါင်း လူဦးရေ သိန်းချီ တက်ရောက် ဂုဏ်ပြုခဲ့ပါသည်။
၎င်းအခမ်းအနားတွင် အစီအစဉ် သုံးရပ်ဖြင့် ကျင်းပကာ ပထမပိုင်းအစီအစဉ်အရ တက်ရောက်လာသော ခေါင်းဆောင်များ မှ နေရာယူခြင်း၊ ဂုဏ်ပြုတပ်ဖွဲ့မှ KNLA စစ်ဦးစီးချုပ်အား အလေးပြုခြင်း၊ ကရင်အမျိုးသား အလံတော်အား အလေးပြုခြင်း စသည့် အစီအစဉ်များ ပါဝင်သည်။
ဒုတိယပိုင်း အစီအစဉ်အရ KNU-ကရင်အမျိုးသား အစည်းအရုံး ဥက္ကဌ စောမူတူးစေးဖိုးမှ နှုတ်ခွန်းဆက် စကား ပြောကြားခြင်း၊ KNLA- ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်မှ မိန့်ခွန်းပြောကြားခြင်း၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်မှ နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ကိုယ်စား ရခိုင်လွတ်မြောက်ရေး တပ်မတော် ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင်မှ မိန့်ခွန်း ပြောကြားခြင်း၊ ပေးပို့လာသော သဝဏ်လွှာများအား အသိပေးခြင်း နှင့်ဂုဏ်ပြုတပ်ဖွဲ့မှ KNU-ကရင်အမျိုးသား အစည်းအရုံး ဥက္ကဌ ၊ KNLA-ကရင်အမျိုးသား လွှတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ်နှင့် ဂုဏ်ပြုခံခေါင်းဆောင်တို့အား ချီတက်အလေးပြု ပြန်လည်ထွက်ခွာခြင်း စသည့် အစီစဉ်များ ပါဝင်သည်။
တတိယပိုင်း အစီအစဉ်အရ ဂုဏ်ပြုတပ်ဖွဲ့မှ ပြန်လည်နေရာယူခြင်း၊ နှစ် (၇၀)၊ နှစ်(၅၀)၊ နှစ်(၅၀)၊ (၂၅) နှစ်ပြည့် ကရင်တော်လှန်ရေး ခေါင်းဆောင် ရဲဘော်များအား ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ခြင်း၊ ကရင်တော်လှန်ရေးနေ့ အခမ်းအနား အောင်မြင်စွာပြီးဆုံးကြောင်း ကြေညာခြင်းတို့ ဖြစ်သည်။
နှစ် ၇ဝပြည့် ကရင်တော်လှန်းရေးနေ့ အခမ်းအနားတွင် ငြိမ်းချမ်းရေးပြခန်းများ နှင့် KNU ဌာနဆိုင်ရာ ပြခန်းများလည်း ခင်းကျင်းပြသထားပြီး ကရင်ရိုးရာဒုံးအကပြိုင်ပွဲများ၊ ကရင်ဇာတ်သဘင်အဖွဲ့များ၊ ကရင်တေးသံရှင်များနှင့် နိုင်ငံကျော် တေးသံရှင်များ၏ တေးဂီတ ဖျော်ဖြေပွဲများ ဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။