Home သတင်း အန္တရာယ်ရှိ ‌ကျောင်း‌ဆောင်တွင် စာသင်‌နေရ၍ အခက်ကြုံ

အန္တရာယ်ရှိ ‌ကျောင်း‌ဆောင်တွင် စာသင်‌နေရ၍ အခက်ကြုံ

2448

ဇန်နဝါရီ ၂၂ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်အတွင်းရှိ အစိုးရ စာသင်‌ကျောင်းအချို့တွင် ‌ကျောင်း‌ဆောင်မလုံ‌လောက်သည့်အတွက် ပြိုကျမည့် အန္တရာယ်ရှိ ‌ကျောင်း‌ဆောင်၌ စာသင်ကြား‌နေရသဖြင့် အခက်အခဲ ကြုံ‌တွေ့‌နေရသည်ဟု ‌ကျောင်းဆရာ၊ ဆရာမများက ‌ကေအိုင်စီသို့ ‌ပြော သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ‌ကော့ကရိတ်မြို့နယ် ဝင်းကအထက်တန်း‌ကျောင်း(ခွဲ)မှ အလယ်တန်းပြ ဆရာမနန်းသီတာထွန်းက “ခု‌ကျောင်း‌ဆောင်‌ဟောင်းက ပြိုကျ‌တော့မယ်။ ‌ကျောင်း‌ဆောင်‌ခြေတိုင်‌တွေ ပတ်ပတ်လည်သစ်‌ချောင်း‌တွေနဲ့ ခုထား‌နေရတယ်။ အန္တရာယ်ရှိတဲ့အ‌ဆောင်ဆိုပြီး သတ်မှတ်ထားတယ်။ တာဝန်ရှိသူ‌တွေက ဖြိုခိုင်းတာ‌ပေါ့‌နော်။ ‌လော‌လောဆယ် ဖြိုလိုက်ရင် က ‌လေး‌တွေ စာသင်ဖို့ ‌နေရာမရှိဘူး။ ယာယီစာသင်‌ဆောင်နှစ်‌ဆောင်လည်း ပြည့်‌နေတယ်။ ‌ကျောင်းသူ၊ ‌ကျောင်းသား ၈ဝဝ ‌ကျော်ရှိ‌တော့သင်ကြား၊ သင်ယူမှုထိ‌ရောက်လာဖို့ ‌ကျောင်း‌ဆောင် အမြန်ရချင်တယ်” ဟု ဇန်နဝါရီ ၂၁ရက်တွင် ‌ပြောသည်။

အလားတူ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ရွာရှိ အမှတ် ၄ အ‌ခြေခံပညာ မူလတန်း‌ကျောင်းသည် လွန်ခဲ့သည့် ၂၅နှစ်ခန့်က ‌ဆောက်လုပ် ထားခြင်းဖြစ်ပြီး တန်းခွဲ ၆ ခုကို ‌ကျောင်း‌ဆောင်သုံး‌ဆောင်တွင် စု‌ပေါင်းသင်ကြား‌နေရပြီး ‌နေရာအခက်အခဲ ဖြစ်‌ပေါ် ‌နေသလို ‌ကျောင်း‌ဆောင်သစ်ချ‌ပေးမည်ဟု သိထား‌သော်လည်း လက်ရှိအချိန်ထိ ထူးခြားမှုမရှိ‌သေး‌ကြောင်း ‌ကျောင်းအုပ်ဆရာ ဖြစ်သူ ‌စောထွန်းသင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်နယ်အတွင်းရှိ ‌ကျောင်းများတွင် ‌ကျောင်း‌ဆောင်သစ်နှင့် ‌ကျောင်း‌ဆောင်‌ဟောင်းကို ပြန်တည်‌ဆောက်ရန် ခွင့်ပြုချက်ရရှိ ထားပြီး ဖြစ်‌သော်လည်း အစိုးရက ဘတ်ဂျက်ချ‌ပေးရန် ယာယီဆိုင်းငံ့ထားသည့်အတွက် ‌ဆောက်လုပ်ရန် ခဏဆိုင်းငံ့ထားခြင်း ဖြစ်သည်ဟု တာဝန်ရှိသူများက ‌ပြောသည်။

ပြည်နယ် ပညာ‌ရေးမှူး ဦးစိုးမြင့် “‌ကျောင်း‌ဆောင်သစ်အတွက် တင်ဒါက‌တော့ မနှစ်ကတည်းက ‌ခေါ်ထားပြီးသား‌ပေါ့‌လေ။ အ‌ဆောက်အဦး‌တွေက မနှစ်ကတည်းက ချထားပြီးသားဘဲ။ ဒါ‌ပေမဲ့ ဘတ်ဂျက်က ခဏယာယီရပ်ဆိုင်းထားတယ်။ ခုပြန်ပြီး ခွင့်ပြုတယ်။ အန္တရာယ်ရှိတဲ့‌ကျောင်း‌ဆောင်နဲ့ စာသင်‌ဆောင် မလုံ‌လောက်တဲ့‌ကျောင်း‌တွေကို ဦးစား‌ပေးချထားပါတယ်။ စာချုပ် ချုပ်ဖို့ အစိုးရဆီကို ခွင့်ပြုချက်‌တောင်းထားတယ်။ ခွင့်ပြုချက်ကျလာတာနဲ့ ဒီဘတ်ဂျက်နှစ်မှာ ပြီး‌အောင်‌ဆောင်ရွက်သွားမယ်” ဟု ဇန်နဝါရီ ၂၂ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း ယခုဘဏ္ဍာနှစ်တွင် အန္တရာယ်ရှိ ‌ကျောင်း‌ဆောင်များ၊ စာသင်ခန်းလုံ‌လောက်မှုမရှိသည့် ‌ကျောင်းများကို ဦးစား‌ပေးကာ ‌ကျောင်းအ‌ဆောက်အဦး ၁၃၆ လုံးကို ‌ဆောက်လုပ်ရန် အစိုးရက ခွင့်ပြုထားသည်ဟု ပြည်နယ်ပညာ‌ရေးဌာနမှ သိ ရသည်။