Home သတင်း ဒေသ ၁၁ ခုမှ ကရင်လူငယ်များပါဝင်သည့် Karen Youth Fellowship ပြုလုပ်

ဒေသ ၁၁ ခုမှ ကရင်လူငယ်များပါဝင်သည့် Karen Youth Fellowship ပြုလုပ်

921

ဇန်န၀ါရီလ ၂၉ ရက်၊ ၂၀၁၉ ခုနှစ်။ နန့်ဖောင်မွီးရှာ

ကရင်လူငယ်များပိုမိုစုစည်းရန် ရည်ရွယ်ကာ ပြည်တွင်း၊ နယ်စပ် အပါအဝင် ဒေသကြီး ၁၁ခု လူငယ်များ ပါဝင်တက်ရောက်သည့် ကရင်လူငယ် မိတ်သင်္ဂဟာရ (Karen Youth Fellowship ) ကို ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၏ ဖားအံခရိုင်၊ သေ့ဘေ့ထာ့ နေရာ၌ ယနေ့ (ဇန်နဝါရီလ ၂၉ရက်) နေ့တွင် ကျင်းပခဲ့သည်။

ယနေ့ ကျင်းပသည့် အခမ်းအနားကို ကရင်လူငယ်အစည်းအရုံး(KYO)၊ ကရင်လူငယ်ကွန်ရက်(KYN) ၊ ကရင်လူငယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ ခေါင်းဆောင်များမှ ဦးဆောင်ကာ ကျင်းပခြင်း လည်းဖြစ်သည်။

KYO ဥက္ကဌ စောလယ်နယ်က“ နှစ် ၇၀လုံးလုံး ကရင်အမျိုးသား ခေါင်းဆောင်တွေ ကြိုးစားရုန်းကန် လှုပ်ရှားခဲ့ရ တဲ့ သမိုင်းကြောင်းတွေကို သိရှိနားလည်ပြီးတော့ မပြီးဆုံးသေးတဲ့ တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ရယ်၊ ပြည် တွင်းပြည်ပ ကရင်လူငယ်တွေ စုစည်းနေတဲ့အချိန်မှာ လိုအပ်တာတွေကို ဝိုင်းဝန်းလုပ်ဆောင်နိုင်ဖို့ အတွက် ဒီအစီအစဉ်ကို လုပ်တာဖြစ်တယ် ” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုပြုလုပ်သည့် ကရင်လူငယ် မိတ်သင်္ဂဟာရတွင် ကရင်အမျိုးသားခေါင်းဆောင်များက ၎င်းတို့ ဖြတ်သန်းခဲ့ရ သည့် သမိုင်းကြောင်းများကို ကရင်လူငယ်များအား ပြန်လည် မျှဝေဆွေးနွေးခြင်း၊ ကရင်လူငယ်အဖွဲ့အစည်း များ (KYO, KYN, KSNG , KWO )၏ လှုပ်ရှားမှုများကို လူငယ်များအား ပြန်လည်မျှဝေပေးခြင်း၊ ပြီးခဲ့သည့် လူငယ်ညီလာခံ (Youth Seminar )မှ ဖွဲ့စည်းထားတဲ့ ၁၅ဦးကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များကို ချပြခြင်း၊ Game ကစားခြင်း စသည့် အစီအစဉ်များ ပါဝင်မည် ဖြစ်သည်။

ကန်ကြီးထောင့်မြို့နယ်မှ ကရင်လူငယ်တစ်ဦးဖြစ်သူ နော်ကလျာရီမွန်မြင့်က “ ဒီ Fellowship မှာဆိုရင် တောင်ပေါ်ဒေသရော၊ မြေပြန့်ဒေသရော နယ်စပ်ဒေသကရော ကရင်လူငယ်တွေကို တွေ့ရတဲ့ အခါကျတော့ အကုန်လုံးနဲ့ ခင်မင်ရင်းနှီးမှုတွေ ရတယ်။ သူတို့ရဲ့ အသိအမြင်တွေနဲ့ ကိုယ်ရဲ့အသိအမြင်တွေကို အချင်းအချင်း တစ်ယောက်နဲ့ တစ်ယောက် ဖလှယ်လို့ရတဲ့အတွက် အသိပညာ ဗဟုသုတတွေလည်း တိုးလာတယ် ”ဟု ပြောသည်။

ဒေသကြီး ၁၁ခုဖြစ်သည့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ မွန်၊ သံတောင်၊ ကရင်နီ၊ တနင်္သာရီ၊ အ ထက်မြန်မာပြည်၊ နယ်စပ်ဒေသ နှင့် ကရင်ပြည်နယ် အပါအဝင် ကရင်လူငယ် အဖွဲ့အစည်းများ ဖြစ်သည့် ကရင်ကျောင်းသားများ ကွန်ရက် (KSNG) ၊ ဒုက္ခသည်စခန်း၊ ၊ ကောလိပ်ကျောင်းမှ ကရင်လူငယ်များ စုစုပေါင်း လူဦးရေ ၂၀၀ ဝန်းကျင်ခန့် ပါဝင်တက်ရောက်ခဲ့ကြသည်။

အဆိုပါ ကရင်လူငယ် မိတ်သင်္ဂဟာရမှာ ယခုနှစ်ကျင်းပသည့် (၇၀) ပြည့်နှစ် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားတွင် ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပခြင်း ဖြစ်ပြီး နောက်နှစ်များတွင်လည်း ဆက်လက် လုပ်ဆောင်သွားမည်ဟု ဦးဆောင်စီစဉ်သူများထံမှသိရသည်။