Home သတင်း ဖလုံပညာတဝေါင့်၏ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် မင်္ဂလာဆင်ရုပ် ဖွင့်လှစ်

ဖလုံပညာတဝေါင့်၏ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် မင်္ဂလာဆင်ရုပ် ဖွင့်လှစ်

297

ဇန်နဝါရီ ၃ ရက်၊ ၂၀၁၉ ခုနှစ်။ စောရှား

ဖားအံမြို့နယ်၊ ဖလုံပညာတဝေါင့်၏ (၂၇) ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်၊ မင်္ဂလာဆင်ရုပ် ဖွင့်ပွဲကို တောင်ကလေးနှစ်သစ်ကူးကွင်း၌ ယနေ့ (ဇန်နဝါရီ ၃ ရက်) အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ကြသည်။

နှစ်သစ်ကူးကွင်း၏ အလယ်ဗဟိုတွင် ပြုလုပ်ထားသော မင်္ဂလာဆင်ရုပ်ကြီး ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ကရင်နှစ်သစ်ကူးနေ့အခမ်းအနား ဖြစ်မြောက်ရေး ဦးဆောင်နာယက ဆရာတော် ဦးဥတ္တမ(မာန်နဲာဃှီ့)က ကေအိုင်စီသို့ ယခုလို မိန့်ကြားခဲ့သည်။

“ဒေသခံတိုင်းရင်းသားတွေ တတ်မြောက်ထားတဲ့ ဒီလက်ရက်မှုပညာကိုတွေ ခေတ်ပညာရပ်တွေနဲ့ ပေါင်းစပ် ပြီးတော့ ဒီထက်ပိုကောင်းအောင် ပြန်လည်ထိန်းသိမ်းမြှင့်တင်နိုင်ဖို့၊ နောက်ပြီး ကရင်တိုင်းရင်းသားတွေဟာ ဟိုး အရင်အချိန်ကနေ ယခုထိ ဆင်နဲ့ အကျွမ်းတဝင်ရှိနေတဲ့လူမျိုးတွေဖြစ်သလို အခုခေတ်မှာ ရှားပါးလာနေတဲ့ ဆင်တွေမျိုးမတုံးရအောင် ထိန်းသိမ်းကြဖို့ကိုလည်း ရည်ရွယ်ပါတယ်။”ဟု မိန့်ကြားသည်။

ရက်ပေါင်း ၂၀ ရက်ကျော် အချိန်ယူပြုလုပ်ခဲ့သည့် ယခု ဆင်ရုပ်ကြီးကို ဝါး၊ ရွှံ့၊ ဖွဲပြာ၊ ထုံး၊ နွားချေး၊ ကောက်ရိုး များဖြင့် ပြုလုပ်ခဲ့ကြရပြီး ဆင်ရုပ်နှင့် ဆင်ထိန်းမှာ အမြင့် ၃၃ ပေ၊ အလျားပေ ၄၀ နှင့် သစ်တုံးကြီးမှာ အမြင့် ၈ ပေ၊ အလျား ၄၈ ပေတို့ဖြစ်ကြောင်း သိရသည်။

ယနေ့ အခမ်းအနားဖွင့်ပွဲတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ဆင်ရုပ်ကြီးနှင့်ပတ်သက်သည့် မိန့်ခွန်းများ ပြောကြားခြင်း၊ မိုးပျံပူဖောင်းများလွှတ်တင်ကာ အခမ်းအနားဖွင့်လှစ်ပေးခြင်း၊ ဧည့်ခံကျွေးမွေးခြင်းများပြုလုပ်ခဲ့ ကြပြီး ကရင်ဘာသာရေးခေါင်းဆောင်များ၊ ကရင်နိုင်ငံရေးသမားများ၊ ဒေသခံလူထုများအပါအဝင် လူဦးရေ တစ်ထောင်ကျော် ပါဝင်တက်ရောက်ခဲ့ကြသည်။

တောင်ကလေးဆရာတော် အရှင်ပညာသာမိ၏ သြဝါဒလမ်းညွှန်မှုဖြင့် ၂၀၁၅ ခုနှစ်မှ စတင်၍ ဒုံးစင်မြင့်၏ ညာ ဘက်တွင် မုဆိုးရုပ်ပုံနှင့် ဘယ်ဘက်တွင် လက်ဝှေ့သမားပုံ၊ ၂၀၁၆ ခုနှစ်တွင် နှစ်သစ်ကွင်း၏ အလယ်ဗဟို၌ ကရင်မုဆိုးကြီးနှင့်သူ၏ခွေးပုံ၊ ၂၀၁၇ခုနှစ်တွင် မလုပ်ဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် တစ်ဖန် ပြန်လည်ပြုလုပ် ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။