Home သတင်း ကရင်ပြည်နယ် ရေကြီးချိန်တွင် ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ်သန်း (၁၇,ဝဝဝ) ကျော်ရှိ

ကရင်ပြည်နယ် ရေကြီးချိန်တွင် ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ်သန်း (၁၇,ဝဝဝ) ကျော်ရှိ

1294

ဇန်နဝါရီ ၂၁ ရက်၊ ၂၀၁၉ ခုနှစ်။ နန်းဝေဖြိုးဇာ

ကရင်ပြည်နယ်တွင်၂၀၁၈ခုနှစ်၊ ဇူလိုင်လမှစတင်ကာ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီး ရေလျှံမှု များကြောင့် မြို့နယ် ၃ မြို့နယ်တွင် ပျက်စီးဆုံးရှုံးမှု ကျပ်သန်း ၁၇,ဝဝဝ(တစ်သောင်း ခုနှစ်ထောင်) ကျော်ရှိ ကြောင်း ယနေ့ ထုတ်ပြန်သည့် ရေကြီးမှုဒဏ်ခံရသော ပြည်သူလူထုများ၏ လူမှုစီးပွားဘဝဆိုင်ရာ အချက် အလက်များ ကောက်ယူသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာမှာ ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၏ ကြီးမှူးမှုဖြင့် ပြည်နယ်အတွင်းရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများက ပူးပေါင်းပါဝင်ကာ ကောက်ယူထားခြင်းဖြစ်ပြီး ဖားအံ၊ လှိုင်းဘွဲနှင့် ကော့ကရိတ်မြို့နယ်ရှိ ရေကြီးမှု ဒဏ်ခံစားရသည့် ကျေးရွာပေါင်း ၁၉၁ရွာမှ ပျက်စီးထိခိုက်မှုစာရင်း အချက်အလက်များကို ကွင်းဆင်း ကောက်ယူပြီးထုတ်ပြန်ထားသည့် အစီရင်ခံစာလည်းဖြစ်သည်။

ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြာရေးမှူး ဦးဇော်မင်းက “နိုင်ငံတော်အကြီးအကဲ တာဝန်ရှိသူတွေက တော့ သဘာဝရေအန္တရာယ်အတွက် ကြိုတင်စီမံထားတဲ့ အစီအစဉ်တွေရှိတယ်လေ။ စီမံဆောင်ရွက်တဲ့အခါမှာ လိုအပ်တဲ့ အချက်အလက်တွေကို အထောက်အကူပြုစေဖို့ ဒီအချက်အလက်တွေကို ကောက်ယူခဲ့တာဖြစ် တယ်။ နောက်ပြီး ဘယ်နေရာမှာ ရေကြီးမှု စိုးရိမ်ရေမှတ်အကြာဆုံးဖြစ်မလဲ၊ အဲဒီကလူထုအတွက် ကူညီ ကယ်ဆယ်ရေး ဘယ်လို ကြိုတင်ဆောင်ရွက်ထားရမလဲ၊ နောက်နှစ်အတွက် အထောက်အကူပြုဖြစ်လာမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် မိုးတွင်းကာလက သံလွင်မြစ်၊ ဂျိုင်းမြစ်နှင့် လှိုင်းဘွဲချောင်းရေလျှံမှုကြောင့် လူမှုဘဝ ထိခိုက်မှုများ စွာရှိခဲ့ပြီး အဆိုပါ ထိခိုက်ပျက်စီးမှုများကို သိရှိနိုင်ရန်နှင့် အချက်အလက်များ မှတ်တမ်းထားရှိနိုင်ရန်၊ အနာ ဂတ်တွင် ရေကြီးနစ်မြှုပ်မှုဒဏ် ထပ်မံကြုံတွေ့ရပါက ကြိုတင်ပြင်ဆင်ထားနိုင်ရန်အတွက် အစီရင်ခံစာကို ကောက်ယူထားရခြင်းဖြစ်သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာ အချက်အလက်ရရှိရန်အတွက် ဦးဆောင်ပေးသည့် ကရင်ပြည်နယ်လူငယ်ရေးရာ ကော်မတီ အတွင်းရေးမှူး နန်းထက်ထက်လင်းစိုးက“ ကျမတို့က အချိန်အကန့်အသတ်နဲ့ ကောက်ရတာဖြစ်တဲ့အတွက် ဒီထိခိုက်မှုအများဆုံးဖြစ်တဲ့ ၃မြို့နယ်ကိုပဲ ဦးစားပေးကောက်လိုက်တာဖြစ်တယ်။ တချို့နေရာလည်း ကြီးတယ်။ ဒါပေမယ့် အထိနာတဲ့ နေရာကိုပဲကောက်လိုက်တယ်။ ကွင်းဆင်းကောက်တဲ့အခါမှာ တချို့က လူကိုယ်တိုင်မရှိ ဘူး၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးကနေတစ်ဆင့် ရေဘုယျအားဖြင့် ကောက်ပြီးတွက်ချက်တာလည်းရှိ တော့ အားနည်းချက်တွေလည်းရှိရင် ရှိမယ်” ဟု ပြောသည်။

ထုတ်ပြန်ထားသည့် အစီရင်ခံစာ၏ စာရင်းအရ ထိခိုက်ဆုံးရှုံးမှု ကျပ်သန်းပေါင်း တစ်သောင်းခုနှစ်ထောင်ကျော် ထဲတွင် လူနေအိမ်အဆောက်အဦးနှင့် အသုံးအဆောင်ဆုံးရှုံးမှု၊ စာသင်ကျောင်းနှင့် ဆေးခန်း၊ လယ်ယာသုံးပစ္စည်း၊ တိရိစ္ဆာန်ဆုံးရှုံးမှု၊ လယ်ယာသုံးစိုက်ပျိုးသီးနှံဆုံးရှုံးမှု၊ ရေလုပ်ငန်းများစသည့် ပျက်စီး ဆုံးရှုံးမှု အချက်အလက် များကို အခြေခံပြီး တွက်ချက်ထားသည့် ခန့်မှန်းခြေကာလတန်ဖိုးလည်း ဖြစ်သည်။

၎င်းအပြင် ယင်းအစီရင်ခံစာအရ ကရင်ပြည်နယ်အတွင်းရေကြီးမှုကြောင့် သေဆုံးသူ ၂၂ဦး၊ ပျောက်ဆုံးသူ၅ဦး၊ ဒဏ်ရာရရှိသူ ၁၅ဦးရှိပြီး အဆိုပါ မြို့နယ် ၃ ခုတွင် ရေဘေးသင့်ကျေးရွာ ၁၉၁ ရွာ၊ အိမ်ထောင်စု ၂၈,၁၈၁ စုမှ လူဦးရေ စုစုပေါင်း ၁၃၉,၅၀၂ ဦးရှိခဲ့ကြောင်း ဖော်ပြထားသည်။